ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီက သြဂုတ် ၇ ရက်နေ့ထုတ် သတင်းစာများတွင် ရေးသားထားသည်။
ယမန်နေ့ (သြဂုတ် ၆) တွင် TNLA တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်၊ ဝန်ထမ်း ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရသွားသည့် ယင်းတိုက်ခိုက်မှုအပြီး ကျောက်မဲအနီးတစ်ဝိုက် လိုအပ်သည့် စစ်ဆင်ရေးလုပ်မည်ဟုလည်း ရေးထားသည်။
ထိုဝန်ထမ်းများ ထိုရုံးတွင် စုဝေးနေရသည့် အကြောင်းရင်းကို ဖော်ပြမထားပေ။ အွန်လိုင်းသတင်းတချို့တွင်မူ သေဆုံးသူတို့မှာ စည်ပင်သာယာဌာန၊ လျှပ်စစ်ဌာနတို့မှ ဖြစ်ကြောင်း ရေးသားထားသည်။
အဆိုပါဖြစ်ရပ်သည် ဇူလိုင်လကုန်ပိုင်းမှ စတင်ခဲ့သည့် တအာင်း/ပလောင် TNLA နှင့် စစ်ကောင်စီတို့အကြား ပြင်းထန်သည့် တစ်ကျော့ပြန်တိုက်ပွဲများအကြား နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်သည်။
စစ်ကောင်စီနှင့် TNLA တို့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ရှမ်းမြောက် နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာတွင် ရွာလုံးကျွတ် ပျက်စီးသည်အထိ ရက်အတန်ကြာ ပြင်းထန်သည့် တိုက်ပွဲဖြစ်ပြီးပြီးနောက် ထိုကဲ့သို့ ရက်ရှည်တိုက်ပွဲများ မဖြစ်ပွားသည်မှာ ၇ လနီးပါး ကြာမြင့်ပြီဖြစ်သည်။ လနှင့်ချီကြာ ငြိမ်သက်နေရာမှ ဇူလိုင်နှောင်းပိုင်းမှ စတင်ပြီး မူဆယ်အနီးတွင် ပြင်းထန်သည့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။
TNLA ၏အဆိုအရ ရှမ်းမြောက်တွင် ဇူလိုင် ၂၃ မှ သြဂုတ် ၂ အတွင်း နှစ်ဖက်အကြား တိုက်ပွဲ ၉ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး အားလုံးနီးပါးသည် မူဆယ်တစ်ဝိုက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၁၀ ရက်တာ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း ၁ ဦး ရရှိခဲ့ကြောင်း၊ စစ်ကောင်စီနှင့် ပြည်သူ့စစ်ဘက်မှ ၂၅ ဦး သေဆုံးကာ ၂၇ ဦး ဒဏ်ရာရခဲ့ကြောင်း TNLA က သြဂုတ် ၃ ရက်နေ့တွင် ထုတ်ပြန်သည်။
ဇွန်လအစောပိုင်းက မိုင်းလားဆွေးနွေးပွဲ ပျက်သွားခဲ့ပြီးနောက်ပိုင်း နှစ်ဖက်အကြား အပြင်းထန်ဆုံး စစ်ရေးတင်းမာမှုများ ဖြစ်လာခဲ့သည်။
တစ်ကျော့ပြန်တိုက်ပွဲများသည် ဇူလိုင်နှောင်းပိုင်းတွင် တရုတ်နယ်စပ်အနီး ပေါ်ပေါက်လာသည်။
TNLA ကိုယ်စားလှယ်များသည် တရုတ်၏ တိုက်တွန်းမှုဖြင့် ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA တို့နှင့်အတူ စစ်ကောင်စီ ကိုယ်စားလှယ်များကို ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် ဇွန်လ ၁ ရက်မှ စတင်ပြီး လက်ခံတွေ့ဆုံခဲ့သည်။ ဆွေးနွေးပွဲသည် မည်သည့်ရလဒ်မျှ မထွက်ဘဲ သတ်မှတ်ရက်မတိုင်မီ အဆုံးသတ်ခဲ့ရသည်။
မိုင်းလားဆွေးနွေးပွဲပျက်ပြီး သီတင်းတစ်ပတ်အကြာ ဇွန်လ ၉ ရက်တွင် စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းမှ တအာင်းကျေးရွာ ၅ ရွာရှိ တအာင်းအလံ၊ အမှတ်အသားနှင့် စာများဖြင့် ရေးထိုးထားသည့် ရွာအဝင် ဆိုင်းဘုတ်များကို မြေကော်စက်သုံးပြီး ဖြိုချဖျက်ဆီးပစ်လိုက်သည်။
တအာင်းစာနှင့် စိမ်းဖြူစိမ်း နောက်ခံတွင် အနီရောင်အဝိုင်းပုံပါသည့် တအောင်းအမျိုးသားအလံကိုလည်း အသုံးမပြုရန် စစ်ကောင်စီက ရွာသားများကို သတိပေးသွားသည်ဟုလည်း TNLA က သတင်းထုတ်ပြန်သည်။ အဆိုပါအလံသည် TNLA အသုံးပြုနေသည့် အလံပုံစံလည်းဖြစ်သည်။
ယင်းနောက် မူဆယ်၊ ကွတ်ခိုင်၊ ကျောက်မဲခရိုင်အတွင်းမှ မိုင်းငေါ့ တို့တွင် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲဆက်ဖြစ်ခဲ့သည်။ တိုက်ပွဲများသည် ဇူလိုင် ၂၃ မှစတင်ပြီး တရုတ်နယ်စပ်အနီး နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းတွင် အရေးပါသည့် မူဆယ်အနီးသို့ ရောက်ရှိလာခဲ့သည်။
TNLA က မူဆယ်ကို တပ်မဟာ (၁) စစ်ဒေသ ဟု သတ်မှတ်ထားပြီး တပ်များချထားသလို စစ်ကောင်စီကလည်း မူဆယ်နှင့် ရှမ်းမြောက်အခြေစိုက် ပြည်သူ့စစ်များနှင့် ပူးပေါင်းပြီး နယ်မြေစိုးမိုးရေးအတွက် စစ်ဆင်ရေးများ ဆောင်ရွက်နေသည်။
မူဆယ်ဒေသတစ်ဝိုက် အပြင်းထန်ဆုံးသော တိုက်ပွဲမှာ သြဂုတ်လ ၂ ရက်နေ့တွင် ဖြစ်ခဲ့ပြီး တစ်နေကုန်နီးပါးကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စု၊ နားထမ်နှင့် ဂေါင်ရာကျေးရွာအနီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ် ၁၀ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်၏ လက်နက်အများအပြား သိမ်းဆည်းနိုင်ခဲ့ကြောင်းလည်း TNLA က သတင်းထုတ်ပြန်ခဲ့သည်။
နံနက် ၁၀ နာရီခန့်မှ စတင်ခဲ့သည့် အဆိုပါတိုက်ပွဲသည် ညနေ ၄ နာရီခန့်မှသာ သေနတ်သံများ ငြိမ်သက်သွားကြောင်း ဒေသခံများက ပြောသည်။
“စစ်တပ်က တောင်ပေါ်ကနေ အများကြီး ပြေးထွက်လာတာ။ ၂ ယောက်က ခြေဗလာနဲ့၊ ဖိနပ်တောင် မပါဘူး။ သေနတ်ကိုယ်စီနဲ့ အသက်လု ပြေးလာကြတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အနီးအနားက ရွာခံတစ်ဦးက သြဂုတ်လ ၂ ရက် တိုက်ပွဲအကြောင်း ပြောသည်။
ယင်းနေ့ တစ်ရက်တည်းတွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကြား အောက်တုန်ခန်ကျေးရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ မူဆယ်မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို TNLA က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်က ကူတိုက်ပေးသည့် ပြည်သူ့စစ်အချို့လည်း သေဆုံးသွားခဲ့သည်။
အောက်တုန်ခန်ကျေးရွာအနီး တိုက်ပွဲကြောင့် မူဆယ် ၁၀၅ မိုင်မှ တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ်သို့ သွားမည့် ကုန်တင်ကားများနှင့် ဒေသခံခရီးသွားများ ၃ နာရီခန့်ကြာ ပိတ်မိနေခဲ့သေးသည်။
ကျင်စန်းကျော့ဂိတ်သည် ဆန်နှင့် ဖရဲ အပါအဝင် သီးနှံများ တရုတ်ပြည်သို့ တင်ပို့ရာတွင် အရေးပါသည့် ကုန်သွယ်ရေးဂိတ် ဖြစ်သည်။ မြန်မာဘက်သို့ လျှပ်စစ်ကားများ တင်သွင်းရာတွင်လည်း ယင်းဂိတ်ကို အသုံးပြုနေသည်။ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၁ ဇူလိုင်မှ စတင်ကာ တရုတ်ဘက်က ယင်းဂိတ်ကို ကာလအတန်ကြာ ပိတ်ပင်ထားပြီး ပြီးခဲ့သည့်နှစ် မေလအတွင်းကမှ မြန်မာကုန်ကားများကို ဖြတ်သန်းခွင့်ပြုခြင်းဖြစ်သည်။
လတ်တလောတွင် မူဆယ်တစ်ဝိုက် စစ်ကောင်စီဘက်က တပ်အင်အား တိုးချနေပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နိုင်သည့် အလားအလာရှိသည်ဟုလည်း ဒေသခံများက ဆိုသည်။
“စကစ စစ်ကြောင်းက တအာင်းရွာတွေထဲ ဝင်ထွက်တာ တောက်ပေါ်ဘက် စစ်ကြောင်းထိုးတာ များလာတာကြောင့် တိုက်ပွဲပြင်းလာတယ်” ဟု မူဆယ်ဒေသခံက ပြောသည်။
စစ်ကောင်စီက သြဂုတ်လ ၁ ရက်နေ့တွင် ၎င်းတို့ ဖမ်းဆီးထောင်ချထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များထဲမှ ၂၂ ဦးကို ပြန်လွှတ်ပေးရာတွင် TNLA တပ်ဖွဲ့ဝင် ၁၆ ဦးအထိ ပါဝင်ခဲ့သော်လည်း နှစ်ဖက်ကြား စစ်ရေးဆက်လက်တင်းမာနေသည်။ TNLA သည် အာဏာသိမ်းစစ်တပ်ကို မကြာခဏ ဝေဖန်လေ့ရှိပြီး စစ်ကောင်စီကို တော်လှန်နေသည့် ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များကိုလည်း စစ်ရေးအကူအညီများ ပေးနေသည်။ TNLA အပါအဝင် မြောက်ပိုင်းညီနောင် ၃ ဖွဲ့သည် ကရင်နီပြည်သူ့ကာကွယ်ရေး (KNDF) တပ်ဖွဲ့ကို စစ်လက်နက်များ ကူညီထောက်ပံ့ခဲ့ကြောင်း KNDFဘက်က ၎င်းတို့၏ တပ်တည်ထောင်ခြင်း ၂ နှစ်ပြည့်တွင် ထုတ်ဖော်ပြောဆိုထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)