
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ငါးရက်တာ မြေပြင်တိုက်ပွဲများအတွင်း အထိနာနေသည့် စစ်တပ်က လေကြောင်းမှ ဆက်လက် တိုက်ခိုက်နေသည်။
နမ့်ဆန်မြို့နယ် ကုန်းသာရွာအနီးရှိ TNLA တပ်စခန်းကို ဒီဇင်ဘာ ၇ ရက်မှစကာ မြေပြင်၊ ဝေဟင်၊ လက်နက်ကြီးပစ်ကူများဖြင့် စစ်ကောင်စီက ရုတ်တရက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအစပိုင်းတွင် ခြေလျင်တပ်ဖွဲ့များကို ကူရန် ရဟတ်ယာဉ်ဖြင့် စစ်အင်အား ရာဂဏန်းချခဲ့သော်လည်း ထိခိုက်၊ သေဆုံး၊ ဖမ်းဆီးခံရသူများရှိပြီးနောက် ဒီဇင်ဘာ ၁၁ ရက်မှစကာ စစ်တပ်ဘက်က မြေပြင်မှ တိုက်ခိုက်မှုကို ရပ်နားလိုက်သည်။
နောက်တစ်ရက် (ဒီဇင်ဘာ ၁၂) တွင် မိုးမိတ်မြို့နယ် ရေပုံးရွာအနီးဝန်းကျင်၊ ဒီဇင်ဘာ ၁၃ ရက်တွင် နမ့်ဆန်မြို့နယ် ကုန်းသာရွာဝန်းကျင်တို့ကို ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်တို့ဖြင့် တိုက်ခိုက်နေသည်ဟု TNLA ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။
“မနေ့ (ဒီဇင်ဘာ ၁၃) က နေ့လယ် ၁၀ နာရီလောက်ကနေ ညနေအထိပေါ့။ ၈ ကြိမ်လောက်ရှိမယ်၊ ခြားခြားပြီးမှ ပစ်တာပေါ့။ ဝဲတာကတော့ တစ်နေကုန်နီးပါးလောက်ရှိမယ်” ဟု သူက ဆိုသည်။
ယနေ့ (ဒီဇင်ဘာ ၁၄) မွန်းလွဲပိုင်းအထိ လေကြောင်းတိုက်ခိုက်မှုမရှိသေးသော်လည်း လားရှိုးနှင့် မိုးမိတ်မြို့နယ်များအတွင်း စစ်လေယာဉ်များ ပျံဝဲနေသည်ဟု ဒုတိယ ဗိုလ်မှူးကြီးတာအိုက်ကျော်ထံမှ သိရသည်။
ဒေသတွင်း သတင်းများအဆိုအရ ရဟတ်ယာဉ်များဖြင့် မြေပြင်သို့ပို့သို့ စစ်ကောင်စီ စစ်ကူအင်အား ၁၀၀ နီးပါး ထိခိုက်သေဆုံးကြောင်း၊ ခြေလျင်စစ်ဆင်နေသည့် တပ်ဖွဲ့မှ ၅၀ ထက်မနည်း သေကာ ၂၀ ကျော်ကို TNLA ဘက်က ဖမ်းသွားကြောင်း သိရသည်။
ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်ကမူ နှစ်ဖက် ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့မှ သေဆုံးသူများဟုဆိုကာ Facebookတွင် ပြန့်နေသည့် ဓာတ်ပုံ အစစ်အမှန် ဟုတ်မဟုတ် မဝေခွဲနိုင်ကြောင်း ပြောသည်။

စစ်ကောင်စီ၏ ရုတ်တရက်ထိုးစစ်ဆင်မှု၊ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် ကုန်းသာ၊ မန်လုံး၊ ဟူးမန်း၊ ပိန်းလုံနှင့် တာလတ် ရွာတို့မှ ဒေသခံ ၁၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရသည်။
စစ်ရှောင်များမှာ နမ့်ဆန်မြို့ပေါ်ရှိ ဇယန်းကြီးဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေဆဲဖြစ်သည်ဟု နမ့်ဆန်မြို့နယ်လုံးဆိုင်ရာ တက်ကြွလူငယ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်ပွဲဧရိယာအတွင်း ရှိခဲ့သည့် ကုန်းသာရွာတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း အပါအဝင် နေအိမ်အားလုံးနီးပါး ပျက်စီးခဲ့ကြောင်း TNLA က ဒီဇင်ဘာ ၁၃ တွင် ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ထုတ်ပြန်သည်။
“ရွာကတော့ အိမ်ခြေ ၆၀ လောက်ရှိတယ်။ ကျည်ဆန်မမှန်တဲ့ အိမ်ကတော့ မရှိသလောက်ပဲ။ တချို့ကတော့ ပိုပြီးပျက်စီးပြီး တချို့ကတော့ အနည်းအကျဉ်းပဲ ပျက်စီးတယ်။ လုံးဝ မီးလောင်သွားတာကတော့ ၅ အိမ်လောက်ရှိတယ်။ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်လည်း ပါတယ်” ဟု ဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။
လတ်တလောတွင် မြေပြင်တိုက်ပွဲငြိမ်သက်နေသော်လည်း ဒေသတွင်းရှိ နမ့်ဆန်၊ မိုးမိတ်၊ မန်တုံ မြို့များတွင် စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုများလုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။
တိုက်ပွဲများအတွင်း ဘေးလွတ်ရာပြေးသည့် ဟူးမန်းနှင့် ကုန်းသာရွာမှ ဒေသခံ ၃၀ ထက်မနည်း တောတောင်များအတွင်း ပျောက်ဆုံးနေသည်ဟု ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် ရွှေဖီမြေသတင်းဌာနက ရေးသားထားသည်။
နိုင်ငံအနှံ့ခုခံနေသည့် ဒေသကာကွယ်ရေးအဖွဲ့အချို့ကို TNLA က စစ်ရေးကူညီနေသည်ဟု စစ်ကောင်စီက မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။ နမ့်ဆန်တိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသလို သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပါ။
TNLA သည် ရှမ်းပြည်နယ်အတွင်း တအာင်း/ပလောင် တိုင်းရင်းသားများနေထိုင်သည့် ဒေသများတွင် လှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)