ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နန့်ယားရွာမှ ဒေသခံများ၊ စစ်ရှောင်များနှင့် ခရီးသွားအမျိုးသား အယောက် ၄၀ ခန့်ကို စစ်ကောင်စီတပ်က ယမန်နေ့ (ဩဂုတ် ၂၃) ညပိုင်းတွင် ဖမ်းဆီးပြီး ဖားကန့်သို့ စစ်ကြောင်းထိုးရာတွင် လူသားဒိုင်းအဖြစ် သုံးရန် ခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။
မြို့အရှေ့ဘက် မိုင် ၂၀ ခန့် အကွာတွင် ရှိသည့် ထိုရွာအနီး စစ်တပ်ကုန်းတွင် တပ်စွဲထားသူများက ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ရောက်ရှိနေသူများကို ည ၉ နာရီကျော်ခန့်တွင် ဖမ်းသွားခြင်းဖြစ်သည်ဟု အသက် (၅၀) ကျော်အရွယ် ဒေသခံအမျိုးသားက ပြောသည်။
“သူတို့စစ်တပ်ကုန်းကနေ ထွက်လာပြီးတော့မှ ရွာထဲ လိုက်ပတ် ဖမ်းတာပေါ့၊ အိမ်ထဲတွေကို လူမရှိလဲဝင်၊ လူရှိလည်းဝင်၊ တံခါးတွေရိုက်ဖွင့်၊ ဝင်းတံခါးတွေလည်း ရိုက်ဖွင့်၊ ကန်ဖွင့်ပြီး ဝင်ကြတာ” ဟု သူက ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ ဩဂုတ် ၂၂ ရက်နေ့က ကာမိုင်းမြို့မှ ဖားကန့်မြို့သို့ ဦးတည်ကာ စစ်ကြောင်းထိုးလာခဲ့သည်။ နန့်ယားရွာမရောက်မီ ကျောက်ထုရွာအနီးတွင် KIA က ကြားဖြတ်တိုက်ခိုက်လိုက်ပြီး ရှေ့ဆက်တက်မည့် ဖားကန့်-နန့်ယား လမ်းပိုင်းကိုပါ KIA က ပိတ်ဆို့ထားခဲ့သည်။
ထိုနေ့တွင် တိုက်ပွဲဖြစ်ပွားသည့် နေရာသို့ နန့်ယားစစ်တပ်ကုန်းက လက်နက်ကြီးနှင့် ပစ်ကူပေးခဲ့ရာ လက်နက်ကြီးကျည်တစ်လုံးမှာ နန့်ယားရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်။
အဆိုပါ စစ်ကြောင်းမှာ နန့်ယားရွာကို ရောက်ပြီးနောက် စစ်တပ်ကုန်းတွင် ၂ ရက် တပ်နားခဲ့သည်၊ ဖားကန့်မြို့သို့ ဆက်သွားရာတွင် နောက်တစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရမည်ကို စိုးရိမ်သည့်အတွက် အရပ်သားများကို လူသားဒိုင်းအနေဖြင့် အသုံးပြုရန် ဖမ်းဆီးသွားခြင်းဖြစ်နိုင်သည်ဟု ဒေသခံအချို့က သုံးသပ်သည်။
ယနေ့ (ဩဂုတ် ၂၅) နံနက်တွင် အဆိုပါ စစ်ကြောင်းက ဓားစာခံများကို ခေါ်ဆောင်ပြီး ဖားကန့်မြို့သို့ ဦးတည်ကာ ထွက်ခွာသွားသည်ဟု ဖားကန့်ဒေသခံတချို့က ပြောသည်။
“ကားတွေကတော့ မနက်က အကုန်ထွက်သွားကြပြီ၊ အကုန်ပဲ။ ရွာမှာလည်း ငြိမ်သွားကြပြီ၊ ငြိမ်တယ်ဆိုတာက စစ်ကြောင်းလည်း မရှိတော့ဘူးလေနော်၊ ဒါပေမဲ့ စစ်ရှောင်တွေကတော့ အဲဒီစစ်ကြောင်း ဖားကန့်မရောက်မချင်း ပြန်ဦးမှာ မဟုတ်ဘူး” ဟု နန့်ယားဒေသခံ အမျိုးသားက ပြောသည်။
စစ်ကြောင်းထွက်ခွာသွားပြီးနောက် ဖားကန့်သို့ သွားမည် လမ်းကြောင်းကို KIA က ပြန်ဖွင့်ပေးခဲ့သော်လည်း ဖားကန့်မှ ထွက်လာမည့် လမ်းကြောင်းကိုမူ ပိတ်ထားဆဲဟု သိရသည်။
ဒေသခံများကို ခေါ်ဆောင်ပြီး နန့်ယားမှ ထွက်ခွာသွားသည့် စစ်ကြောင်းတွင် အင်အား ၁၆၀ ခန့် ပါဝင်သည်၊ စစ်ကြောင်းသုံးကြောင်းခွဲကာ ခြေလျင်စစ်ကြောင်းထိုးနေသည်ဟု KIA, PDF များနှင့် နီးစပ်သူ အသက် (၄၀) ကျော်အရွယ် ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
သို့သော် စစ်ကြောင်းများတွင် အရပ်သားများ ပါဝင်နေသည့်အတွက် တိုက်ခိုက်ခံရဖွယ်မရှိဟုလည်း သူက ဆိုသည်။
“ပြည်သူတွေပါရင်တော့ ဒီဘက်က (မတိုက်ခိုက်) မလုပ်လောက်ဘူး ထင်တယ်၊ လမ်းကြောတွေကတော့ ပိတ်ထားတာပေါ့။ ဒါပေမဲ့ မလုပ်လောက်ဘူး၊ အခုက နန့်ယားက ထွက်လာတာပဲ သိရသေးတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ဖားကန့်ရှိ စစ်ကောင်စီဗျူဟာကုန်းက စစ်ကောင်စီစစ်ကြောင်းကို လမ်းရှင်းပေးသည့်အနေဖြင့် ဖားကန့်- နန့်ယားလမ်းပိုင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။
အရပ်သားများကို စစ်ကြောင်းအကာအကွယ်အတွက် ဖမ်းခေါ်သွားသည်ဟူသော သတင်းများနှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်လေ့မရှိပေ။
စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ KIA တပ်များ လှုပ်ရှားထိန်းချုပ်နယ်မြေများတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ဩဂုတ် ၇ ရက်နေ့ကလည်း ဖားကန့်မြို့အနောက်ဘက်ရှိ စစ်ကောင်စီတပ်၏ ကသိုဏ်းတောင်စခန်းကို KIA က ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးမြို့နယ်မှာ ကျောက်စိမ်းအကျိုးစီးပွားများရှိရာ ဖားကန့်မြို့နယ်ဖြစ်သော်လည်း လိုင်ဇာဌာနချုပ်နှင့် နီးသည့် ဆန်ယန်ရွာကို စစ်ကောင်စီတပ်က ပစ်မှတ်ထားလာပြီးနောက် ဝိုင်းမော်မြို့နယ်အတွင်းတွင်လည်း ပြင်းထန်သည့် တိုက်ပွဲများ ပေါ်ပေါက်လာသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)