သတင်း

စစ်ကြောင်းဝင်လာ၍ ခင်ဦးဒေသတွင် လူသောင်းနှင့်ချီ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ဝင်ရောက်လာသဖြင့် ရွာပေါင်း ၂၀ ဝန်းကျင်မှ သောင်းနှင့်ချီသော ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များထံမှ သိရှိရသည်။

စစ်ကြောင်းတစ်ကြောင်းမှာ ဩဂုတ် ၁၅ ရက်မှစ၍ ကန့်ဘလူနယ် ဇီးကုန်းသကြားစက်မှတစ်ဆင့် မဒေါင်းလှရွ၊ ခင်ဦးမြို့၊ မကျည်းတုံ၊ သံဘိုရွာတို့ကို ဖြတ်ကာ ရွှေဘိုမြို့အခြေစိုက် အမှတ် (၈) လေ့ကျင့်ရေးတပ်သို့ ဦးတည်သွားလာနေသည်ဟု သိရသည်။

အခြားစစ်ကြောင်းတစ်ခုမှာ ဩဂုတ် ၁၇ ရက်တွင် မူးမြစ်အနောက်ကမ်း ရေဦးမြို့မှတစ်ဆင့် အရှေ့ဘက်ရှိ ခင်ဦးနယ်ကို ဝင်ရောက်လာကာ မရမ်းအင်း၊ ကျွန်းလယ်၊ ညောင်ပင်ကြီးစု၊ ကြာပင်အိုင်ရွာတို့ကို ဖြတ်၍ ရွှေဘိုမြို့ရှိ အထက်ပါ လေ့ကျင့်ရေးတပ်သို့ပင် ဦးတည်နေသည်ဟု ဆိုသည်။

ထိုစစ်ကြောင်းများကြောင့် ခင်ဦးမြို့နယ်အလယ်ပိုင်းမှ ပင်တင်း၊ စောကြီး၊ ပေါက်တော၊ တဲကြီး၊ အင်ကြင်းပင်၊ ဖန်းခါးကုန်း၊ သနပ်စိန်၊ အနောက်ပိုင်းမှ ကြာပင်အိုင်၊ ညောင်ပင်ကြီးစု၊ ရုံးစု၊ မှန်သာ၊ ကျွန်းဆွယ်၊ ကျွန်းလယ်၊ မှန်တော၊ မရမ်းအင်း၊ အင်းပတ်၊ ကုန်းသာ စသည့် ကျေးရွာများတွင် နေထိုင်သူများ တိမ်းရှောင်နေရသည်ဟု ဒေသခံအချို့ထံမှ သိရသည်။

“သူတို့လမ်းကြောင်းမှာ ရှိတဲ့ ရွာတွေကတော့ အကုန် ဘေးလွတ်မယ် ထင်ရာ ပြေးကြရတာ၊ သူတို့ လမ်းကြောင်းကလည်း ခန့်မှန်းလို့ရတဲ့ အနေအထားဖြစ်နေတာကိုး၊ လက်ရှိအချိန်အထိတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာ၊ ရွာတွေကို ဖျက်ဆီးတာမျိုး မရှိသေးဘူး” ဟု ခင်ဦးမြို့နယ် အနောက်ခြမ်းအခြေစိုက် တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ နိုင်ငံအနှံ့ ပုန်ကန်တော်လှန်မှုများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက မြေပြင်တပ်များ အထိနာလျှင်၊ တိုက်ခိုက်ခံရလျှင် အနီးရှိ ရွာများကို မီးရှို့၊ ဖျက်ဆီး၊ ဒေသခံတို့ကို ပစ်ခတ်၊ သတ်ဖြတ်မှုများ ဆက်တိုက်လုပ်လေ့ရှိသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ခင်ဦးမြို့နယ် အနောက်ခြမ်းမှ အမျိုးသမီးတစ်ဦးက “အခုလက်ရှိ ရွာတွေကို အန္တရာယ်မပေးသေးဘူးဆိုပေမဲ့ သူတို့က (စစ်တပ်) ဘာမှ ပြောရတာမဟုတ်ဘူး။ ရွာထဲ တွေ့ရင် သက်ကြီးရွယ်အိုကအစ ပစ်သတ်နေတော့ သူတို့မလာခင် ရှောင်ရတာပေါ့၊ ရွာတွေ ဝင်ပြီဆို သူတို့လုပ်ချင်ရာလုပ်တာလေ၊ မရှောင်လို့မရဘူး” ဟု ပြောသည်။

လက်နက်ခဲယမ်းများ သယ်ဆောင်လာသည်ဟု ယူဆရသည့် ထိုစစ်ကြောင်းနှစ်ကြောင်းမှာ အမှတ် ၃၆၁၊ ၇၀၁၊ ၇၀၂၊ ၇၀၈ ခြေမြန်တပ်ရင်းများမှ ဖြစ်သည်ဟုလည်း အထက်ပါ တော်လှန်ရေးအဖွဲ့တာဝန်ရှိသူက ဆိုသည်။

စစ်ကြောင်း၊ စစ်ရေးနှင့် စစ်ရှောင်များ၏ အသေးစိတ်အခြေအနေတို့ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button