ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ကျန်ကျေးရွာမှ အရပ်သားတစ်ဦးသေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ သွားရောက်စဉ် တပ်မတော်စစ်ကြောင်းနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
ပန်ကျန်ကျေးရွာသား ဦးလုံးဆုသေဆုံးမှုအတွက် ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ဇူလိုင် ၁ တွင် လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားခဲ့သည်။ ထောင်ပေါင်းများစွာသော ကျောက်မဲဒေသခံများက ဇူလိုင် ၁၀ တွင် တပ်မတော်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
တပ်မတော်အရာရှိအချို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့က ပန်ကျန်ရွာသို့ သွားရောက်ရာတွင် RCSS/SSA အဖွဲ့က နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်က ဇူလိုင် ၁၅ တွင် သတင်းထုတ်ပြန်ထားသည်။
၎င်းတို့လှုပ်ရှားနယ်အတွင်း ကြိုတင်အသိမပေးဘဲ ဝင်ရောက်လာသည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း RCSS/SSA က တာဝန်ရှိသူက ပြောသည်။
ပန်ကျန်ကျေးရွာကဖြစ်စဉ်စစ်ဆေးမှုကို နှောင့်ယှက်လို၍ ပစ်ခတ်ခြင်းမဟုတ်ဘဲ ကြိုတင်အသိပေးခြင်းမရှိဘဲ ၎င်းတို့လှုပ်ရှားသည့် နယ်မြေထဲ ဝင်ရောက်လာသည့်အတွက် ပစ်ခတ်ရခြင်းသာဖြစ်သည်ဟု RCSS/SSA ပြောခွင့်ရအရာရှိ ဒုတိယဗိုလ်မှူးကြီး စိုင်းအုပ်ခေးက ပြောသည်။
ထို့အပြင် ပစ်ခတ်မှုမှာ ဇူလိုင် ၁၄ ရက်နေ့တွင်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၅ တွင် တပ်မတော်စစ်ကြောင်းက ပန်ကျန်ကျေးရွာအတွင်းမှ လက်နက်ကြီးဖြင့် ခြောက်လှန့်ပစ်ခတ်ရာတွင် ၎င်းတို့ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ခြင်း မရှိကြောင်းလည်း ၎င်းက ပြောသည်။
“လက်နက်ကိုင်ဆိုတာက တစ်ဖွဲ့နဲ့တစ်ဖွဲ့ မပြောနဲ့ဦး၊ တစ်ဖွဲ့တည်းအချင်းချင်းတောင် သတင်းမကြားရဘဲ ရုတ်တရက်ပေါ်လာရင် ထိတွေ့မှုက ဖြစ်ပွားနေတာက ထုံးစံပဲ” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသည်။
ထိုပစ်ခတ်မှုများကြောင့် ပန်ကျန်ရွာသားများ တိမ်းရှောင်နေကြပြီး စုံစမ်းစစ်ဆေးမှုလည်း ရပ်တန့်ထားရသည်ဟု ကျောက်မဲမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းထွန်းဉာဏ်က ပြောသည်။
ပန်ကျန်ရွာ စုံစမ်းစစ်ဆေးမှုအခြေအနေများနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီကို ဆက်သွယ်မေးမြန်းရာ မြေပြင်အခြေအနေကို အသေးစိတ်မသိရသေးဟု ဆိုသည်။
“စုံစမ်းစစ်ဆေးတဲ့အနေအထားကတော့ ရအောင်လုပ်မှာပါ။ နောက်ဆုံးမြေပြင်အခြေအနေကိုတော့ သေချာ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
သွားရောက်စစ်ဆေးသည့်အဖွဲ့ကို RCSS/SSA က သုံးကြိမ် နှောင့်ယှက်ပစ်ခတ်ခဲ့သည့်အတွက် တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များကလည်း ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။
အဆိုပါ ပန်ကျန်ကျေးရွာမှ အရပ်သားပစ်သတ်ခံရမှုသည် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းတွင် လုံခြုံရေးတာဝန်ကျနေသည့် တပ်မတော်စစ်ကြောင်းများက ဟဲကွီကျေးရွာအနီးတွင်ပြုလုပ်မည့် RCSS/SSA ၏ မူးယစ်ဆေးမီးရှို့ဖျက်ဆီးမည့် အစီအစဉ်ကို ဟန့်တားရင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်ထားသည်။