အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရုတ်ကြားဝင်မှုဖြင့် TNLA နှင့် စစ်ကော်မရှင် အပစ်ရပ်ပြီ

နှစ်ဖက်သဘောတူညီမှုအရ TNLA သည် မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း မြို့များကို ဆက်လက်ထိန်းချုပ်ထားနိုင်မည်ဟု နားလည်ရသည်။

တရုတ်အစိုးရ၏ အစီအစဉ်ဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင်  အောက်တိုဘာ ၂၇နှင့် ၂၈ တို့တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် စစ်ကော်မရှင်နှင့် အပစ်ရပ်သဘောတူနိုင်ခဲ့သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ယနေ့(အောက်တိုဘာ ၂၉) နံနက်ပိုင်းတွင် ကြေညာလိုက်သည်။

နှစ်ဖက်သဘောတူညီချက်များထဲတွင် သဘောတူသတ်မှတ်ထားသည့်ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြိုနယ်တို့မှ တအာင်းတပ်များ ပြန်လည်ဆုတ်ခွါမည်ဖြစ်ပြီး၊ တအာင်းဒေသကိုလည်း မြန်မာစစ်တပ်မှ လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုဘဲ၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့ (၀၀း၀၀)နာရီအချိန်မှစတင်၍ နှစ်ဖက်ရောက်ရှိသည့်နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးတို့ပါဝင်သည်ဟု TNLA ကဆိုသည်။ 

TNLA သည် ၂၀၂၃  အောက်တိုဘာလ ၂၇ တွင် မဟာမိတ်တပ်များဖြစ်ကြသည့် ရခိုင်တပ် AA၊ ကိုးကန့်တပ် MNDAA တို့နှင့်အတူ စစ်တပ်ကိုပေါင်းတိုက်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တလေးတိုင်း မိုးကုတ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုးမိတ် မြို့များအား TNLA က သိမ်းပိုက်ခဲ့သည်။

ယင်းမြို့များထဲမှ စစ်တပ်က နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များကို TNLA လက်ထဲမှ စစ်တပ်ကပြန်သိမ်းနိုင်ခဲ့ပြီး ကူမင်းဆွေးနွေးပွဲမှတဆင့် စစ်တပ်က မိုးကုတ်နှင့်မိုးမိတ်မြို့များကို ထပ်မံရရှိမည်ဖြစ်သည်။ ထို့ကြောင့် TNLA သည် မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း မြို့များကို ဆက်လက်ထိန်းချုပ်ထားနိုင်မည်ဟု နားလည်ရသည်။

ဆွေးနွေးပွဲရလဒ်အရ TNLA ထိန်းချုပ်ထားသည့် အဆိုပါမြို့များသည် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ လတ်တလောတွင် ကင်းလွတ်ခွင့် ရတော့မည်ဟု ဒေသခံများက ယုံကြည်နေကြသည်။

စစ်ကော်မရှင်နှင့် TNLA တိုအကြားဆွေနွေးပွဲသည် တရုတ်အစိုးရ၏ အစီအစဉ်ဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင်  အောက်တိုဘာ ၂၇နှင့် ၂၈ တို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ကိုးကြိမ်မြောက်အဖြစ် ဆွေးနွေးခဲ့ကြသည့် ယင်းတွေ့ဆုံပွဲတွင် တရုတ်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း တက်ရောက်ခဲ့ပြီး စစ်ကော်မရှင်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်ခဲ့သည်။ TNLA ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး တာဂျုတ်ဂျား ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

“တအာင်းဒေသကိုလည်း မြန်မာစစ်တပ်မှ လေယာဉ်ဗုံးကြဲခြင်း သို့မဟုတ် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မပြုလုပ်ဘဲ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ (၀၀း၀၀) နာရီအချိန်မှ စတင်၍ နှစ်ဖက် ရောက်ရှိနေသော နေရာများတွင် တပ်များ ရပ်တန့်ကာ အပြန်အလှန် အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ ကြသည်” ဟု  TNLA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 ယခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့များ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် စစ်တပ် ဘက်မှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ် မြို့များအား ပြန်ပေးရန် TNLA ကို တောင်းဆိုရာ သဘောတူညီမရဘဲ ဆွေးနွေးပွဲပြီးဆုံးခဲ့သည်။

တရုတ်ဖိအားကြောင့် TNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များ အပစ်ရပ်ထားချိန် စစ်တပ်က ယခုနှစ် ဆန်းပိုင်းတွင် တောင်ခမ်းမှ ထိုးစစ်များ ပြန်စတင်ခဲ့သည်။

လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းပစ်ကူများဖြင့် ခြောက်လကြာ ထိုးစစ်ဆင်ပြီး ယခုနှစ် ဇူလိုင်တွင် နောင်ချိုမြို့အား ပြန်လည်သိမ်းပိုက်ခဲ့သည်။

နောင်ချိုအား စစ်တပ် သိမ်းပိုက်ပြီး ဩဂုတ်လအတွင်း စစ်ကောင်စီနှင့် TNLA တို့ တရုတ် နိုင်ငံ ကူမင်းမြို့တွင် ထပ်မံတွေ့ဆုံချိန် TNLA ဘက်မှ သီပေါနှင့် ကျောက်မဲအား လက် လွှတ်မည်ဖြစ်ပြီး အပစ်ရပ်ရေး ဆွေးနွေးရန် တောင်းဆိုခဲ့သည်။

စစ်တပ်ဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံအရ တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော နမ့်ဆန်နှင့် မန်တုံ မြို့နှစ်မြို့ကိုသာ ပေးမည်ဖြစ်ပြီး ကျန်မြို့များအားလုံး ပြန်ပေးရန် တောင်းဆိုရာ အဆင်မပြေဖြစ်ခဲ့သည်။

ဩဂုတ်လတွင် စစ်တပ်က နောင်ချိုမှ ကျောက်မဲသို့ တစ်လကျော်အကြာ ထိုးစစ်ဆင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့တွင် ကျောက်မဲမြို့အား သိမ်းပိုက်ခဲ့သည်။ ထိုနောက် လဝက် အကြာ သီပေါမြို့အား ထပ်မံ သိမ်းပိုက်ခဲ့သည်။

“အခုက တစ်ဖွဲ့ပဲ တိုက်နေရတာ ရေရှည်မလွယ်ဘူးလေ။ စစ်သဘောအရတော့ အဆုတ်အတက်တော့ ရှိရမှာပဲ။ အားလုံးပါတဲ့ စစ်ဆင်ရေးမျိုးရှိလာရင် တစ်မျိုး ဖြစ်လာမှာပါ” ဟု TNLA ထိပ်ပိုင်းခေါင်းဆောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “TNLA က အထွေထွေ အကျပ်အတည်းပဲ။ လူ၊ ငွေ၊ လက်နက်ခဲယမ်း သူ့လည်း ရွေးစရာမရှိဘူး။ လောလောဆယ် သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာ ပိုအဖိခံရမယ်” ဟု မှတ်ချက်ပြုသည်။

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်ထဲမှ စဉ့်ကူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ တပ်များက ထိိန်းချုပ်ထားပြီး စစ်တပ််ပြန်လည်ထိန်းချုပ်ထားသည့် သပိတ်ကျင်းနဲ့ မတ္တရာ မြို့များတွင် တိုက်ပွဲပြင်းထန်နေသည်။

ဆွေးနွေးပွဲမစတင်မီ အောက်တိုဘာ ၂၆ ရက်နေ့ထိ TNLA ထိန်းချုပ်ဒေသများအား စစ်တပ်မှ နေ့စဉ် လေကြောင်းမှ ဗုံးကြဲခဲ့ရာ ရက်ပေါင်း ၂၀ ကျော်အတွင်း သေဆုံးသူ ၅၀ နီးပါးရှိခဲ့သည်။

ယနေ့ (အောက်တိုဘာ ၂၉) မှ စတင်ကာ ရှမ်းမြောက်ဒေသများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ မရှိတော့ဟု ဒေသခံများထံမှ သိရသည်။

“မနေ့ညက စပြီး လေယာဉ်ဝဲတာမျိုး မတွေ့တော့ဘူး။ တိုက်ပွဲမဖြစ်ရင်တော့ ကောင်း ပါတယ်။ အဓိက လေယာဉ်ပဲ ကြောက်ရတာ” ဟု စစ်တပ်၏ လေကြောင်း တိုက်ခိုက် မှုကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် နမ္မတူမြို့ခံတစ်ဦးက ပြောသည်။

TNLA ၏ ယနေ့ထုတ်ပြန်ချက်တွင် အပစ်ရပ်ကာလအား ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။ နှစ်ဖက် အပစ်ရပ်သည့် စာချုပ်များတွင် အပစ်ရပ်ကာလများ သတ်မှတ်လေ့မရှိဟု စစ်ရေးအကဲခတ်များက ဆိုသည်။

“တစ်ဖွဲ့ချင်း သီးသန့်အပစ်ရပ်တာမျိုး၊ ဥပမာ ငလျင်ဘေးတုန်းကလိုမျိုး ထုတ်ပြန်တာမျိုး ကြတော့ ဘယ်နေ့အထိဆိုတာပါပဲ။ အခုက နှစ်ဖွဲ့လုံး ထုတ်ပြန်တာဆိုတော့ ကာလသတ် မှတ် ချက်မပါဘူး။ သတ်မှတ်စည်းကမ်းကို ဘယ်လောက်လိုက်နာလဲ၊ အဲအပေါ်မှာ အပစ် ရပ်က တည်မှာပဲ” ဟု စစ်ရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုသည်။

စစ်တပ်နှင့် အပစ်ခတ်ရပ်စဲမည့် အစီအစဉ်အား ကြိုတင်မသိရှိခဲ့ရဟု မြေပြင်တိုက်ပွဲတွင် ပါဝင်နေသည့် ရဲဘော်အချို့က ဆိုသည်။

“ကျွန်တော်တို့တော့ ကြိုမသိရဘူးပေါ့။ မိုးကုတ်နဲ့ မိုးမိတ်မြို့ခံတွေကိုပဲ သနားတာပါ။ စစ်သဘောကတော့ ကိစ္စမရှိဘူး။ အတိုးအဆုတ်က ကိစ္စမရှိဘူး။ ဝိုင်းဝန်းကူညီခဲ့တဲ့ မြို့ခံတွေ ဘယ်လိုနေကြမလဲပေါ့။ စစ်တပ်ကတော့ ပိတ်ဆို့မှုတွေပိုများမှာပေါ့။ မလို လားအပ်တာတွေ နယ်မြေတွေ ဆုံးရှုံးမှုများတာပေါ့။ ဘယ်စိတ်ကောင်းမလဲ” ဟု မိုးကုတ်တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအား ဦးဆောင်သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲမှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) ကလည်း ယခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စစ်တပ်နှင့် အပစ်အခတ် ရပ်စဲထားသည်။

ယခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် တရုတ်အစိုးရဖိအားကြောင့် ကိုးကန့်တပ်ဖွဲ့များ လားရှိုးမြို့မှ ဆုတ်ခွာသွားခဲ့ပြီး မြို့ပေါ်ရပ်ကွက် ၁၂ ခုကို စစ်တပ်က ပြန်လည်ထိန်း ချုပ်နိုင်ခဲ့သည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်သည့် လားရှိုးတွင် မြို့ပေါ်ရပ်ကွက် ၁၂ ခုရှိပြီး ကျေးရွာအုပ်စု ၈၇ စုရှိရာ မြို့ပေါ်ရပ်ကွက် ၁၂ ခုမှ အပြင် ကျန်နေသည့် ကျေးရွာ များ အား ကိုးကန့်တပ်ဖွဲ့က သိန္နီခရိုင်အတွင်း ထည့်သွင်းလိုက်သည်။

စစ်တပ်နှင့် MNDAA တို့ အပစ်ရပ်ပြီးနောက်တွင် စီးပွားရေးအရ အချက်အခြာကျသည့် သိန္နီမြို့ ပြန်ရရေးအတွက် စစ်တပ်က ကိုးကန့်တပ်ဖွဲ့ထံ တောင်းဆိုမှုများ ရှိနေသော် လည်း ယနေ့အထိ ပြေလည်မှု မရရှိသေးကြောင်း ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

Related Articles

Back to top button