သတင်း

မုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့ အနီးကပ်တိုက်ခိုက်ခံရ၍ သေဆုံး

စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ရုံးစိုက်ရာ မုံရွာမြို့တောင်ဘက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်စဉ် စစ်သားများ ထိခိုက်သေဆုံးသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ Golden Eagle Force Monywa ဆိုသောအဖွဲ့က ယနေ့ (ဩဂုတ် ၂၁) ရုပ်သံဖိုင်ထုတ်ပြန်ထားရာ ကုန်တင်ယာဉ်ငယ်အတွင်း ပုန်းခိုလိုက်လာပြီးနောက် စစ်သားများကို လက်တစ်ကမ်းအကွာမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။

ယခုလ ၁၉ ရက်က ပြုလုပ်ခဲ့သော ထိုစစ်ဆင်ရေးအတွင်း မုံရွာ- အမြင့်လမ်းမပေါ်၌ မော်တော်ယာဉ်များကို စစ်ဆေးငွေတောင်းလေ့ရှိသည့် စစ်ကောင်စီ၏ ၅ ဦးပါအဖွဲ့မှ ၄ ဦး သေဆုံးကာ မောင်းပြန်ရိုင်ဖယ်သေနတ်တစ်လက် ရရှိသည်ဟု Golden Eagle Force Monywa ခေါင်းဆောင်က Myanmar Now ကို ပြောသည်။

ရုပ်သံဖိုင်အရ ကားပေါ်မှ အမှတ်မထင်ပစ်ခတ်မှုကြောင့် လမ်းပေါ်ရှိ အရပ်ဝတ်နှင့် စစ်ဝတ်တန်ဆာ ရောနှောဝတ်ဆင်ထားသည့် လက်နက်ကိုင်အမျိုးသား ၃ ဦးထက်မနည်း ထွက်ပြေးသည်ကို တွေ့ရသည်။

ပစ်ခတ်ခံရသူများမှာ စစ်သားဖြစ်သည်၊ ရဲဖြစ်သည်၊ သေဆုံး၊ ဒဏ်ရာရအခြေအနေ မည်သို့ရှိသည်တို့ကို သီးခြားအတည်မပြုနိုင်သေးပေ။

တိုက်ခိုက်သည့်အဖွဲ့မှ ခေါင်းဆောင်ကမူ ငါးမိနစ်ဝန်းကျင် ပစ်ခတ်တိုက်ခိုက်စဉ် အကာအကွယ်ကောင်းသည့် နေရာသို့ အချိန်မီ ပုန်းရှောင်နိုင်ခဲ့သည့် စစ်သား ၁ ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့ပြီး ကျန် ၄ ဦးစလုံး သေဆုံးသည်ဟု ဆိုသည်။

အသက်ဘေး လွတ်သွားသည့် စစ်သား၏ ပစ်ခတ်မှုကြောင့် သေနတ်တစ်လက်သာ ကောက်ယူနိုင်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

“ပိုက်ဆံကောက်နေတဲ့အချိန် ဝင်ပစ်တာ။ အနီးကပ်ထိ ကားနဲ့ရပ်ပြီး ပစ်ခဲ့တာ။ (စစ်သား) တစ်ယောက် လွတ်သွားတယ်၊ သူက နေရာယူပြီးတော့ ကျန်တော်တို့ကို ပြန်ပစ်တယ်။ ရဲဘော်တွေ ထိခိုက်မှာ စိုးတော့ နီးစပ်ရာ (သေနတ်) တစ်လက်ပဲ ကောက်ပြီး ပြန်ဆုတ်လာတာ”။

စစ်ကောင်စီတပ်ထံမှ ရရှိသည့် သေနတ်မှာ MA11 အမျိုးအစား ချေမှုန်းရေးရိုင်ဖယ်ဖြစ်ပြီး သေနတ်ဒင်တွင် ရေးထိုးထားသည့် အမှတ်တံဆိပ်အရ မုံရွာမြို့အခြေစိုက် အမှတ် (၁၂) ဆက်သွယ်ရေးတပ်မှ ဖြစ်ကြောင်း တွေ့ရသည်။

ထိုစစ်ဆင်ရေးအတွင်း Golden Eagle Force Monywa အပါအဝင် ဒေသခံတော်လှန်ရေးအဖွဲ့ ၆ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာမြို့ပေါ်တွင် စစ်ဆေးရေးဂိတ်များချကာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသော်လည်း တော်လှန်ရေးအဖွဲ့များက မကြာခဏ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။ စစ်ကောင်စီသည် မုံရွာမြို့သို့ ဝင်နိုင်ထွက်နိုင်သည့် လမ်းပိုင်းအချို့ကိုလည်း မြေတူးစက်များသုံး၍ ဖျက်ဆီးထားပြီးဖြစ်သည်။

“မုံရွာမြို့မှာ (စစ်ကောင်စီက) ခံစစ်လိုမျိုး တော်တော်လေး ပြင်လာတယ်။ မြို့ထဲမှာ သွားရလာရတာ သိပ်မလွယ်တော့ဘူး။ လမ်းတိုင်းလိုလို ကားအဝင်အထွက်တွေ လုပ်လို့မရအောင် ပိတ်ထားတယ်။ ခု ပစ်ခတ်မှုဖြစ်တဲ့နေရာ (ဝန်းကျင်မှာ) ဂိတ်ငါးဂိတ်ရှိတယ်။ အဲဒီကြားထဲကနေ (ကျွန်တော်တို့) ရအောင် ဖောက်ထွက်လာတာ” ဟု Golden Eagle Force Monywa ခေါင်းဆောင်ထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လကလည်း မုံရွာမြို့နှင့် ချင်းတွင်းမြစ်သာ ခြားသည့် ဆာလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းကို ကာကွယ်ရေးအဖွဲ့များ ဝင်ရောက်သိမ်းပြီး သေနတ် ၁၀ လက် သိမ်းယူနိုင်ခဲ့သည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံအလယ်ပိုင်းမြို့တော် မန္တလေးမြို့ အနောက်ဘက် မိုင် ၈၀ ဝန်းကျင်မှ စစ်ကိုင်းတိုင်း မုံရွာမြို့အနီးတစ်ဝိုက်တွင် နိုင်ငံအနှံ့ အခြားဒေသများနည်းတူ တော်လှန်ရေးလှုပ်ရှားမှုများ အရှိန်အဟုန် ကောင်းနေဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button