နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းမြို့တော် မုံရွာနှင့် ချင်းတွင်းမြစ်သာ ခြားသည့် ဆားလင်းကြီးမြို့နယ်တွင် ရဲစခန်းတစ်ခုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ရွာမီးရှို့၊ လူသတ်၊ ဖမ်းဆီး၊ လမ်းများကို ဖျက်ဆီးသည့် နည်းလမ်းများကို သုံး၍ လက်တုံ့ပြန်နေသည်။
မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် ၁၀ မိုင်ဝန်းကျင်သာ ဝေးသည့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းနဖူးပေါ်ရှိ ညောင်ပင်ကြီးရွာ ရဲစခန်းကို ဇွန် ၉ ရက် ညနေပိုင်းတွင် ဒေသခံ တော်လှန်ရေးအဖွဲ့များက စီးနင်းကာ လက်နက် ၁၀ လက်နှင့် ခဲယမ်းများ သိမ်းခဲ့သည်။
စခန်းထဲမှ လက်နက်ကိုင် ၅ ဦးထက်မနည်း သေဆုံးသည်ဟု ဆိုသည်။
စစ်ကောင်စီက ထိုနေရာ ဝန်းကျင်ကို ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ရာ တော်လှန်ရေးအဖွဲ့များဘက်မှ တစ်ဦး သေဆုံးကြောင်း၊ ထွက်ပြေးကြသည့် ဒေသခံများအနက် ညောင်ပင်ကြီးရွာအနီး ထန်းတောကြီးရွာမှ အသက် ၅၅ နှစ်အရွယ် ဒေါ်ထားထားရီနှင့် ရွှေလှေရွာမှ အသက် ၇၀ ကျော် ဦးမြတ်မောင်တို့ လမ်းခရီးတွင် သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ထံမှ သိရသည်။
ရဲစခန်းတိုက်ခိုက်ခံရပြီးနောက်တွင် မုံရွာမြို့မှ စစ်ကူတပ်ဖွဲ့တစ်ဖွဲ့ ချင်းတွင်းမြစ်ကို ဇက်ဖြင့် ဖြတ်ကူးကာ မြစ်အနောက်ဘက်ကမ်းနဖူးပေါ်ရှိ ညောင်ပင်ကြီးရွာ ဝန်းကျင်တွင် တပ်စွဲထားသည်။
ထိုစစ်ကောင်စီအဖွဲ့က အိမ်ခြေ ၇၀၀ ကျော်၊ လူဦးရေ ၄,၀၀၀ နီးပါး နေထိုင်သည့် ညောင်ပင်ကြီးနှင့် အနီးပတ်ဝန်းကျင်ရှိ ရွာရှည်ရွာတို့ကို မီးရှို့လျက်ရှိပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်နေသည်ဟု စုံစမ်းသိရှိရသည်။
“ဒီနေ့မနက် ၈ နာရီလောက်တည်းက စရှို့နေတာ။ မနေ့တည်းက ဆားလင်းကြီး – ညောင်ပင်ကြီးလမ်းကို ဘက်ဟိုး (မြေတူးစက်) တွေနဲ့ ဖြတ်တောက်ပစ်တယ်။ လောလောဆယ်တော့ အဲဒီလမ်းတစ်ခုပဲ သတင်းကြားရသေးတယ်။ ရွာစပ်ကနေ ဖြတ်ပစ်လိုက်တာပေါ့” ဟု အသက် ၃၀ အရွယ် ဆားလင်းကြီးဒေသခံ အမျိုးသားက ပြောသည်။
စစ်ကောင်စီသည် ထိုဒေသအတွင်းတွင် မုံရွာမြို့သို့ ဝင်နိုင်ထွက်နိုင်သည့် လမ်းပိုင်းအချို့ကိုလည်း မြေတူးစက်များသုံး၍ ဖျက်ဆီးထားပြီးဖြစ်သည်။
မုံရွာ နမခရှိ တိုက်ခိုက်ရေးရဟတ်ယာဉ်များက မိနစ်ပိုင်းမျှ အချိန်အတွင်းတွင် ညောင်ပင်ကြီးရွာနှင့် အနီးတစ်ဝိုက်ကို တိုက်ခိုက်နိုင်သည်၊ ညောင်ပင်ကြီး ရွာနှင့် ၃ မိုင်ပတ်လည်ဝန်းကျင်တွင် စစ်ကောင်စီ တပ်စွဲထားသည့် ရဲကင်း၊ မုံရွာခရိုင်ရဲတပ်ရင်း လေးခုထက်မနည်း ရှိသည်ဟု တော်လှန်ရေးအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။
စစ်ရေးအခြေအနေကြောင့် ညောင်ပင်ကြီးကျေးရွာအုပ်စုတွင် ပါဝင်သော ထန်းတော၊ နှင်းတော၊ ရွာရှည်ရွာများအပြင် အနီးဝန်းကျင်ရှိ အောင်ချမ်းစည်၊ ရုံးပင်ရိုး စသည့် ကျေးရွာများမှ ဒေသခံ ထောင်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။
ယမန်နေ့ (ဇွန် ၁၁) တွင် ညောင်ပင်ကြီးရွာသို့ လိုအပ်သည့် ပစ္စည်းပြန်ယူသည့် ဒေသခံ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းထားသည်ဟုလည်း ဒေသခံနောက်တစ်ဦးက ပြောသည်။
ဒေသခံ အားလုံးနီးပါး တိမ်းရှောင်နေကြသည်ဖြစ်၍ စစ်ကောင်စီတပ်၏ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ဖျက်ဆီးမှုနှင့် ပတ်သက်သည့် အသေးစိတ်အခြေအနေများကို မသိရသေးပေ။ စစ်ကောင်စီကလည်း ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲဖြစ်သည်။ ဒေသခံတို့ကမူ ကျေးရွာအပျက်အစီးကို မှတ်တမ်းတင်ရန် ကြိုးပမ်းနေကြပြီး ရံဖန်ရံခါ ထုတ်ပြန်လေ့ရှိသည်။
ထို့အတူ မေလကုန်က ဖမ်းဆီးထားသည့် ဆားလင်းကြီးမြို့နယ် ပအဖအဖွဲ့ဝင် ဦးဗန့်ဂျီကိုလည်း ညောင်ပင်ကြီးရွာ ရဲစခန်း စီးနင်းခံရပြီးနောက် စစ်ကောင်စီက ရက်ရက်စက်စက် သတ်ဖြတ်ပြီး ရုပ်အလောင်းကို လမ်းနံဘေး၌ စွန့်ပစ်ထားခဲ့ကြောင်း၊ အလောင်းအနီးတွင် မိုင်းထောင်ထားခဲ့သဖြင့် သွားရောက် ကောက်ယူသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် (PDF) တစ်ဦး ခြေထောက်ဒဏ်ရာ ပြင်းထန်စွာ ရသွားကြောင်း စုံစမ်းသိရှိရသည်။
ဦးဗန့်ဂျီမှာ မေ ၃၁ ရက်က ညောင်ပင်ကြီးရွာရဲစခန်းသို့ ရိက္ခာပို့လာသည့် စစ်ကြောင်းကို ကင်းထောက်သွားစဉ် စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။ ထို့နောက် သတင်းပျောက်နေကာ ရဲစခန်း စီးနင်းခံရပြီး နှစ်ရက်အကြာ (ဇွန် ၁၁ ရက်) နံနက် ၁၀ နာရီ ဝန်းကျင်တွင် ရုပ်အလောင်းကို ညောင်ပင်ကြီးရွာ၊ ထန်းတော၊ ဇက်ဆိပ်အနီး၌ ဒေသခံတို့ ရှာဖွေတွေ့ရှိသည်။
အသက် ၃၅ နှစ်အရွယ် ဦးဗန့်ဂျီကို စစ်ကောင်စီက လက်ထိတ်နောက်ပြန်ခတ်၊ ကြိုးတုပ်ကာ ရင်ဘတ်ကို ဓားဖြင့် နှစ်ချက် ထိုးသတ်ခဲ့ကြောင်း၊ ခန္ဓာကိုယ်အနှံ့ နှိပ်စက်ခံထားရသည်ကို ရုပ်အလောင်းတွင် တွေ့ရကြောင်း ဆားလင်းကြီးမြို့နယ် ပအဖ ပြန်ကြားရေးတာဝန်ခံ အမျိုးသားထံမှ သိရသည်။
“ခန္ဓာကိုယ်အနှံ့အပြားမှာလည်း ညှဉ်းပန်းနှိပ်စက်ထားတဲ့ဒဏ်ရာတွေက ရင်ဘတ်တွေရော၊ ကျောတွေရော နောက်ကျောတွေဆို ဓားတွေနဲ့ မွှန်းထားတာတွေ ရှိတယ်။ အညိုအမည်းကွက်တွေ ရှိတယ်။ ခေါင်းတစ်ခြမ်းဆိုရင် အိစက်နေအောင်ကို ရိုက်ခံထားရတယ်”
ဦးဗန့်ဂျီ၏ အလောင်းတွေ့ရသည့် နေရာသည် ဒေသတွင်း၌ စစ်ကောင်စီတပ်စွဲထားသည့် နေရာနှင့် ခန့်မှန်းခြေအားဖြင့် ဘောလုံးကွင်း သုံးကွင်းစာ အကွာအဝေးသာဖြစ်ကြောင်း၊ စတင်ဖမ်းဆီးစဉ်က ညောင်ပင်ကြီးရဲစခန်းတွင် တစ်ည ချုပ်နှောင်ပြီး ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း မလှမ်းမကမ်းရှိ မုံရွာမြို့သို့ ခေါ်ဆောင်ကာ စစ်ကြောရေးလုပ်သည်ဟု စုံစမ်းသိရှိရကြောင်း ထိုသူက ဆက်ပြောသည်။
ဇွန် ၉ ရက်နေ့က ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များ ညောင်ပင်ကြီးရွာ ရဲစခန်းကို ဝင်ရောက်စီးနင်းချိန်တွင် မုံရွာဘက်မှ စစ်ကူရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းက ဦးဗန့်ဂျီကို ချင်းတွင်းမြစ် အနောက်ဘက်ကမ်းသို့ ပြန်ခေါ်လာခဲ့ပြီးနောက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ သေမင်းတမန်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်၊ မြို့နယ်ပအဖ၊ လျှပ်စစ်ဌာနအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဦးဗန့်ဂျီ၏ ရုပ်အလောင်းကို ဇွန် ၁၁ နံနက်တွင် သင်္ဂြိုဟ်ပြီးဖြစ်သည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ စစ်ခေါင်းဆောင်များ ရုံးစိုက်ရာ နေပြည်တော်အနီးဝန်းကျင်ရှိ ကယား၊ ပဲခူး၊ မန္တလေးကဲ့သို့ ဒေသများအပြင် စစ်ကိုင်းတိုင်း မြို့တော် မုံရွာနှင့် အနီးတစ်ဝိုက်၌ပင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။
နိုင်ငံအနှံ့အပြား ပေါ်ပေါက်နေသည့် ပြည်သူ့ ခုခံတော်လှန်မှုများကို ရင်ဆိုင်ရာတွင် မြေပြင်တပ်များ အထိနာနေသည့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို အားပြုနေရာ အရပ်သားထိခိုက် သေဆုံးမှုများ မြင့်မားနေသည်။ ထို့အတူ ၎င်းတို့ စခန်းတစ်ခု တိုက်ခိုက်ခံရလျှင် အနီးဝန်းကျင်ရှိ နေအိမ်များ၊ ရွာများကို စစ်ကောင်စီက ပစ်မှတ်ထား ဖျက်ဆီးပြီး အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်လေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)