
အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နှင့် ဆင်ခြေဖုံး ရပ်ကွက်၊ ကျေးရွာများကို ဆက်သွယ်ထားသည့် လမ်းပိုင်းများကို စစ်ကောင်စီတပ်က ဆက်တိုက် ဖျက်ဆီးနေသည်။
ယနေ့ (အောက်တိုဘာ ၅) ရက် နံနက် ၉ နာရီဝန်းကျင်က မုံရွာမြို့ စက်မှုဇုန်မှ လယ်ဇင်ရွာဘက်သို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းကို ဖျက်ခြင်း ဖြစ်ကြောင်း၊ လယ်ဇင်ရွာထိပ် ဆိုင်းဘုတ်အနီးတွင် မြေတူးကား (ဘူဒိုဇာ) သုံး၍ လမ်းကို ကန့်လန့်ဖြတ် ကျင်းတူးကာ ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ (အောက်တိုဘာ ၄) ရက်နံနက်ပိုင်းကလည်း မုံရွာမြို့နှင့် ချောင်းဦးမြို့ကို ဆက်သွယ်ထားသည့် မုံရွာ-အမြင့်လမ်းကိုလည်း ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ညောင်ပင်စောက်ရပ်ကွက်မှ အထွက် ဒေသအခေါ် ကျောက်ပေါက်ကွေ့နေရာတွင်လည်း အထက်ပါကဲ့သို့ပင် ဖျက်ဆီးသည်။
မုံရွာမြို့တွင် ဒေသခံကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီဒေါက်တိုင်များကို မကြာခဏ ချုံခိုတိုက်ခိုက်လေ့ရှိသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ မုံရွာမြို့ပေါ်တွင် ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လျှပ်တစ်ပြက်ဆန္ဒပြပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသကာကွယ်ရေးအဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်သည်။
“(တော်လှန်ရေး) အဖွဲ့တိုင်းနီးပါးက ကိုယ့်စွမ်းဆောင်ရည်နဲ့ မြို့ပြပျောက်ကြားကို ပုံဖော်တော့ မြို့တွင်းမှာ သူတို့ရဲ့အထိုင်စခန်းတွေရော၊ သူတို့ရဲ့ ဒေါက်တိုင်တွေ ကြောက်လန့်တကြား နေနေရတဲ့အခါမှာ ကာကွယ်ရေးအဖွဲ့တွေ အလွယ်တကူ ထိုးစစ်မဆင်နိုင်အောင်၊ ပြောက်ကြားစစ်မဆင်နိုင်အောင် မရရအောင်လိုက်ပြီး ဖြတ်နေတာလို့ မြင်တယ်” ဟု မုံရွာမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ဆိုသည်။
ထိုလမ်းပိုင်းများသည် မုံရွာမြို့အဝင်မုခ်ဦးအနီးရှိ စစ်ကောင်စီက ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်ကို ရှောင်လွှဲနိုင်သည့်အတွက် ဖြတ်တောက်ပိတ်ဆို့ခြင်းဖြစ်နိုင်ကြောင်း မုံရွာမြို့ခံ နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက သုံးသပ်သည်။
“မုံရွာကျေးလက်ဒေသတွေကို ဖြတ်လေးဖြတ်ဝင်ပြီး နယ်မြေရှင်းလင်းရေး ပြည်သူပါ ပြေးလို့မရအောင် တစ်ခါတည်း ပိတ်ဆို့ပြီး ဖမ်းမယ်၊ ဆီးမယ်၊ သတ်မယ်၊ ဖြတ်မယ်၊ နယ်မြေရှင်းလင်းရေး အကြီးကြီးလုပ်ချင်လို့ ဒီလိုလမ်းပိုင်းတွေဖြတ်တာလို့ ယူဆလို့ရပါတယ်”

စစ်ကောင်စီက ထိုသို့လမ်းကြောင်းဖြတ်တောက်လိုက်သည့်အတွက် ဒေသခံများ၏ ကုန်စည်ကူးသန်းရောင်းဝယ်ရေးကိုသာ အခက်အခဲဖြစ်စေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
“ဒေသခံပြည်သူတွေရဲ့ နေ့စဉ်ကုန်ရောင်းကုန်ဝယ်မှာ အဓိကကျတဲ့လမ်းပိုင်းတွေဖြစ်တယ်။ မုံရွာပတ်ဝန်းကျင်က ကျေးရွာတွေက စိုက်ပျိုးသီးနှံတွေ အများဆုံးထွက်တယ်။ ကုန်စိမ်းတွေကို နိစ္စဓူဝ မုံရွာတစ်မြို့နယ်လုံး ရောင်းဝယ်ဖောက်ကားလုပ်နေတဲ့ လမ်းပိုင်းတွေကို သူတို့က ဖျက်လိုဖျက်ဆီးလုပ်တာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဖျက်ဆီးသွားသော်လည်း စစ်အာဏာသိမ်းမှုကို လက်မခံကြောင်းပြသသည့်လူထုက ယမန်နေ့ ညနေပိုင်းကပင် မုံရွာ – အမြင့်လမ်းပိုင်းကို ပြန်လည်ပြင်ဆင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သို့သော် ယနေ့ (အောက်တိုဘာ ၅) ညနေပိုင်းတွင် စစ်ကောင်စီက ပြန်လည်ဖျက်ဆီးသွားကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက Facebook မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။
“ဒေသခံလူထုတွေက လမ်းကို ပြန်ဖို့ပြီး သွားလို့ရအောင် လုပ်ကြတာပဲလေ။ ဒါကတော့ သက်သက်မဲ့ကို ရူးသွပ်တာ။ လက်နက်ကိုင်ပြီး ဗိုလ်ကျတဲ့လုပ်ရပ်လို့ပဲ မြင်ပါတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
မုံရွာမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ ချုံခို တိုက်ခိုက်ခံရပြီးနောက် ပြီးခဲ့သည့်လကုန်ပိုင်းမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းရာ ကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းနေသည်။
ယမန်နေ့ အောက်တိုဘာ ၄ နံနက်ပိုင်းကလည်း စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီးအနားရှိ မုံရွေးကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည်။
မုံရွာမြို့ တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းခဲ့ရာ မုံရွေးကျေးရွာကို အင်အား ၆၀ နီးပါး ပါဝင်သည့်စစ်ကြောင်းက ရွာအတွင်း စီးနင်းစဉ် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအဝင် ဒေသခံ ၁၀၀ ကျော်ကို ကျေးရွာဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးထားသည်။
ထို့နောက် မုံရွေးရွာအတွင်းရှိ နေအိမ်အချို့ကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၅ လုံးထက်မနည်း မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း၊ ဒေသခံများ ထွက်ပြေးနေရကြောင်း အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။ အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။
“ယောက်ျားလေးတွေ အကုန်ဖမ်းထားတယ်။ အခုထိလည်း စစ်တပ်က ရွာထဲမှာပဲ ရှိသေးတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းအိမ်ရယ်၊ NLD နဲ့ ပတ်သက်တဲ့ အိမ်တွေကို မီးရှို့နေတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။
အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်နေသည်။ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများမှာ စစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံနေကြသည်။ စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးပါသုံး၍ နည်းမျိုးစုံဖြင့် ဖိနှိပ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)