သတင်း

တရားဝင်ဆန်တင်ပို့မည့် မြန်မာကုမ္ပဏီ ၃၀ ကျော်ကို တရုတ်အစိုးရ ထပ်မံအသိအမှတ်ပြု

တရုတ်နိုင်ငံသို့ တရားဝင်ဆန်တင်ပို့ခွင့်ရရှိသော ကုမ္ပဏီအဖြစ် မြန်မာကုမ္ပဏီ ၁၁ ခုကိုသာ တရုတ်အစိုးရက အသိအမှတ်ပြုထားခဲ့ရာမှ ဇူလိုင် ၁၀ မှစ၍ မြန်မာကုမ္ပဏီ ၄၀ ကျော်ကို ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူများက ပြောသည်။

တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တင်ပို့ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အာဏာပိုင်အဖွဲ့ (GACC) အသိအမှတ်ပြု ကုမ္ပဏီများကိုသာ ခွင့်ပြုထားခြင်းဖြစ်သည်။၂၀၁၅ မှစ၍ မြန်မာကုမ္ပဏီ ၁၁ ခုသာ ရှိခဲ့ရာမှ ယခုအခါ တရုတ်အစိုးရအသိအမှတ်ပြု မြန်မာကုမ္ပဏီ ၄၃ ခုအထိ ရှိလာပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က Myanmar Now ကို‌ ပြောသည်။

“ကျွန်တော်တို့ဘက်ကလည်း သူတို့ (တရုတ်) ဘက်က တောင်းဆိုတာတွေကို အကြိမ်ကြိမ်ပို့ပြီးတော့ ဘေကျင်းမှာရှိတဲ့ စီးပွားရေးသံမှူးကတစ်ဆင့် GACC နဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတာ” ဟု ဦးခင်မောင်လွင်က ဆိုသည်။

မြန်မာ့ဆန်ပြည်ပတင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကျော်မှာ တရုတ်ဈေးကွက်ဖြစ်သော်လည်း တရုတ်အစိုးရက နှစ်စဉ်ခွဲတမ်းသတ်မှတ်ကာ ဝယ်ယူနေပြီး မူဆယ်မှတဆင့် နယ်စပ် ဖြတ်ကျော်တင်ပို့သည့် မြန်မာ့ဆန်ကို တရုတ်နိုင်ငံဘက်ခြမ်းက တရားမဝင်အဖြစ် သတ်မှတ်လေ့ရှိသည်။

မူဆယ်နယ်စပ်မှ တရားမဝင်အဖြစ် သတ်မှတ်ဝယ်ယူနေသည့် ဆန်များကို မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပေးသည့် ပိုးမွှားကင်းစင်ကြောင်းထောက်ခံချက် တင်ပြရန် ၂၀၂၀ ဧပြီလဆန်းမှစ၍ တရုတ်နိုင်ငံက မူဝါဒပြောင်းလဲလိုက်ရာ တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်ဘက်အခြမ်းတွင် ဆန်အိတ်ရေ သိန်းချီ ပိတ်မိခဲ့သည်။

အဆိုပါ ပိုးမွှားကင်းစင်ကြောင်းထောက်ခံချက်သည် တရုတ်နိုင်ငံ GACC က အသိအမှတ်ပြုသည့် မြန်မာကုမ္ပဏီများကိုသာ ထုတ်ပေးနိုင်ခြင်းကြောင့် မြန်မာကုမ္ပဏီ ၁၁ ခုကသာ တရုတ်သို့ ဆန်တင်ပို့ခွင့်ရရှိခဲ့ကြောင်း၊ ယခုအခါ ကုမ္ပဏီ ၄၃ ခုရှိလာသဖြင့် ဆန်တင်ပို့မှု အဆင်ပြေလာမည်ဖြစ်ကြောင်း ဦးခင်မောင်လွင်က ပြောသည်။

မြန်မာနိုင်ငံသို့ ၂၀၂၀ ဇန်နဝါရီက လာရောက်ခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်တွင် မြန်မာ့ဆန်နှင့် ဆန်ကွဲ တရုတ်သို့တင်ပို့ရာတွင် အပင်ပိုးမွှားရောဂါထိန်းချုပ်ရေးနှင့် စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးစာချုပ်ကို နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့သည်။

စာချုပ်ပါ စည်းကမ်းများနှင့်အညီ ဆန်တင်ပို့ရန် မြန်မာကုမ္ပဏီ ၄၃ ခုကို GACC တွင် မှတ်ပုံတင်ရန်ဆောင်ရွက်ခဲ့ပြီး မှတ်ပုံတင်ရာတွင် ယင်းကုမ္ပဏီများ ပိုင်ဆိုင်သည့် ဆန်သိုလှောင်ရုံနှင့် ဆန်စက်များ၌ ပိုးမွှားကင်းစင်ရန် နှစ်နိုင်ငံသဘောတူထားသည့် အစားအစာဘေးကင်းလုံခြုံရေး သတ်မှတ်လုပ်ငန်းစဉ်များကို လိုက်နာရကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က Myanmar Now ကိုပြောသည်။

ယေဘုယျအားဖြင့် ကုန်ကြမ်းနှင့် ကုန်ချော ရောနှောမသိုလှောင်ရန်၊ စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးအတွက် ဆန်စက်နှင့် သိုလှောင်ရုံများတွင် ပိုးမွှားနှိမ်နင်းရန်၊ သတ်မှတ်ထားသည့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရန် စသည်တို့ကို စစ်ဆေးရပြီး ထိုစစ်ဆေးချက်များကို တစ်နှစ်တစ်ကြိမ် တရုတ်အစိုးရ၏ (GACC) ထံ ပေးပို့ရကြောင်း ၎င်းက ပြောသည်။

စီးပွားကူးသန်းဝန်ကြီးဌာနပိုင် မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) က ဆန်သိုလှောင်ရုံနှင့် ဆန်စက်များတွင် ထိန်းချုပ်ပိုးမွှားကင်းစင်ရန် ဆောင်ရွက်သည့်လုပ်ငန်းစဉ်ကို စစ်ဆေးရပြီး ယင်းစစ်ဆေးချက်ရလဒ်ကို တရုတ်အစိုးရ၏ GACC က အတည်ပြုလက်ခံမှသာ ဆန်တင်ပို့ခွင့်ပြုကြောင်း ဦးရဲမင်းအောင်က ပြောသည်။

ကုမ္ပဏီ ၄၃ ခုက တင်ပြသည့် သိုလှောင်ရုံနှင့် ဆန်စက်များမှာ ရန်ကုန်တိုင်းတွင် ၃၃ ခု၊ ဧရာဝတီတိုင်းတွင် ၂၆ ခု၊ ပဲခူးတိုင်းတွင် ၁၂ ခု၊  မန္တလေးတိုင်းတွင် ၃ ခု၊ နေပြည်တော်တွင် ၃ ခု၊ စစ်ကိုင်းတိုင်းတွင် ၁ ခုနှင့် မကွေးတိုင်းတွင် ၁ ခု စုစုပေါင်း ၇၉ ခု ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မေ ၈ တွင် ထုတ်ပြန်ထားသည်။

“Player (အပြိုင်အဆိုင်တင်ပို့သူ) ပိုများလာတာပေါ့။ ပိုပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့လူ ပိုများတဲ့အခါကျတော့ ဘာပဲပြောပြော export promotion (ပို့ကုန်မြှင့်တင်ရေး) အတွက်လည်း ကောင်းတာပေါ့။ တရုတ်ကလည်း ဝယ်နေတာဆိုတော့။ ဆန်တင်ပို့မှုပမာဏလည်း တိုးလာနိုင်တယ်” ဟု အသိအမှတ်ပြုကုမ္ပဏီ ပိုများလာခြင်းအပေါ် ဦးရဲမင်းအောင်က မှတ်ချက်ပြုသည်။

တရုတ်နိုင်ငံသည် မြန်မာ့ဆန်တိုးမြှင့်ဝယ်ယူလိုပြီး ယခင်က မြန်မာကုမ္ပဏီ ၁၁ ခုသာ တရားဝင်တင်ပို့ခွင့်ရှိခဲ့ရာ လိုအပ်သည့်ပမာဏကို တရားဝင် ဝယ်ယူမရနိုင်သည့်အခြေအနေ ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ယခုကဲ့သို့ တရုတ်နိုင်ငံ၏ သတ်မှတ်ချက်များနှင့်အညီ ဆန်ထုတ်နိုင်သောကုမ္ပဏီများ တိုးလာခြင်းကြောင့် တရုတ်အစိုးရက မြန်မာနိုင်ငံကို နှစ်စဉ်ခွင့်ပြုပေးသည့် ဆန်ခွဲတမ်းပမာဏမှာလည်း ၂၀၂၀ တွင် ဆန်တန်ချိန် ၁၀၀,၀၀၀ သာရှိရာမှ နောင်လာမည့်နှစ်များတွင် ဆန်တန်ချိန် တိုးမြှင့်‌ပေးလာနိုင်ဖွယ်ရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။

တရုတ်နိုင်ငံ GACC ၏ ဆန်အရည်အသွေးဆိုင်ရာသတ်မှတ်ချက်သည် စပါးထုတ်လုပ်ရာမှ ဆန်ကြိတ်ခွဲပြီး ပြည်ပဆန်တင်ပို့သည်အထိ ဆန်စက်များ၊ သိုလှောင်ရုံများ၏ သန့်ရှင်းမှုနှင့် အရည်အသွေးကို စစ်ဆေးခြင်းဖြစ်ပြီး ရေရှည်အကျိုးကျေးဇူးအဖြစ် စျေးကွက်တွင် မြန်မာ့ဆန်အရည်အသွေးအပေါ် ယုံကြည်မှု ခိုင်မာစေကြောင်း ၎င်းက ဆိုသည်။ 

“ဒီစက်ရုံတွေက Qualify (အရည်အသွေးပြည့်မီ) ဖြစ်တယ်ဆိုတဲ့သဘောပေါ့။ ဒီစက်ရုံတွေက ထွက်တဲ့ဆန်က အရည်အသွေးအားဖြင့် စိတ်ချရတာပေါ့ဗျာ။ GACC စာမေးပွဲအောင်ထားခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံကို ယုံကြည်မှုရှိစေတယ်။ ဥပမာ အီးယူကို ပို့တဲ့ကုမ္ပဏီဆို တစ်ကမ္ဘာလုံးက ကြိုက်တဲ့နေရာကို ပို့လို့ရသလိုမျိုးပေါ့” ဟု ဦးမင်းမင်းက ပြောသည်။ 

မြန်မာ့ဆန်နှင့် ဆန်ကွဲကို တရုတ်၊ အာဆီယံ၊ ဥရောပသမဂ္ဂ၊ အာဖရိကနှင့် အခြားနိုင်ငံများသို့ တင်ပို့နေပြီး ၂၀၁၉ အောက်တိုဘာလမှ ၂၀၂၀ ဇွန်လကုန်ပိုင်းအထိ ဆန်တန်ချိန် ၂ ဒသမ ၁ သန်းကျော် တင်ပို့ခဲ့‌ကာ အမေရိကန်ဒေါ်လာ  ၆၃၅ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ 

ယင်းတင်ပို့မှုပမာဏအနက် တန်ချိန် ၄ ဒသမ ၄ သိန်းကျော်ဖြင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၄၂ သန်းဖိုး ရှိကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါဂယက်ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်ရှိလာသဖြင့် မြန်မာ့ဆန်ဝယ်လိုအား မြင့်လာသော်လည်း ပြည်တွင်း၌ ဆန်ဖူလုံမှု ရှိစေရန် ပြည်ပဆန်တင်ပို့မှု၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်ကို အရန်ဆန်အဖြစ် ရောင်းချရန် စီးပွားကူးသန်းဝန်ကြီးဌာနက သတ်မှတ်ခဲ့သည်။

ပြည်ပသို့ ဆန်တင်ပို့မှုကို မေလမှစ၍ တစ်လလျှင် ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် ၁၀၀,၀၀၀၊ နယ်စပ်မှ ဆန်တန်ချိန် ၅၀,၀၀၀ သာ တင်ပို့ရန် ကန့်သတ်ခဲ့သည်။ 

Show More

Related Articles

Back to top button