
လက်နက်နှင့် ရိက္ခာတင် စစ်ကောင်စီ သင်္ဘော ၉ စီး ရွှေကူမြို့အရှေ့ဘက် မိုင် ၂၀ ခန့် အကွာတွင် ယမန်နေ့နံနက် (ဩဂုတ် ၁၆ ရက်) က တိုက်ခိုက်ခံရအပြီး ထိုရေယာဉ်အုပ်စု ခေတ္တ ကမ်းကပ်သွားသည်ဟု သိရသည်။
ကချင်ပြည်နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဦးတည်ခုတ်မောင်းလာသည့် စစ်ကောင်စီ သင်္ဘောများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဒေသတွင်း PDF ပူးပေါင်းတပ်များက ၃ ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ရွှေကူမြို့ အရှေ့ဘက် မိုင် ၂၀ အကွာတွင် ပူးပေါင်းတပ်များက ၄၀ မမ (မော်တာတပ် လက်နက်ကြီး) ၆ လုံး၊ လက်နက်ငယ်များဖြင့် ပထမအကြိမ် ပစ်ခတ်ခဲ့သည်။ မြို့လှ-PDF က ၁၀၇ မမ (ရှော့တိုက်ဒုံး) ၃ လုံးဖြင့် ပစ်ခတ်ရာ သင်္ဘော ၂ စီး ထိမှန်သွားသည်ဟု ရွှေကူ-PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်ခိုက်ခံရအပြီး သင်္ဘောအားလုံး အနီးရှိ ဝဲမရွာသို့ ကမ်းကပ်ခဲ့သည်၊ တစ်နာရီခန့် အကြာတွင် ဆက်ထွက်လာရာ ဇင်းဘုံရွာအနီး ရောက်စဉ် ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်တိုက်ခိုက်ခဲ့သည်ဟု ရွှေကူ-PDF တာဝန်ရှိသူက ပြောသည်။
“ခဏနားပြီး တောက်လျှောက် ပြန်ဆန်တက်တဲ့အချိန်မှာ ဧရာဝတီရဲ့ ဒုတိယမြစ်ကျဉ်းနားကို ရောက်သွားပြီး အဲဒီက ဇင်းဘုံရွာနား မရောက်ခင်မှာ KIA တပ်ရင်း-၁၂ နဲ့ PDF တွေ လက်နက်မျိုးစုံနဲ့ ချေမှုန်းတိုက်ခိုက်တာမှာ မိနစ် ၅၀ လောက်ကို ကြာသွားတယ်” ဟု သူက ပြောသည်။
မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီသင်္ဘော ၇ စီး စင်းခန်းရွာအနီးသို့ ရောက်ရှိ ဆိုက်ကပ်ခဲ့သည်၊ ထိခိုက်မှုကြီးမားပုံရသည့် ကျန် ၂ စီးမှာ စင်းခန်းသို့ မရောက်ဘဲ လမ်းတစ်ဝက်တွင် ဆိုက်ကပ်ကျန်နေခဲ့သည်ဟု သိရသည်။
သင်္ဘောများသည် မန္တလေး ဂေါဝိန်ဆပ်ကမ်းမှ ဇူလိုင် ၂၆ တွင် ကချင်ပြည်နယ်သို့ ဆန်တက်လာခြင်းဖြစ်သည်။ ထိုသင်္ဘောများ ကသာမြို့အနီး ရောက်ရှိစဉ် ၂ ကြိမ်၊ ရွှေကူမြို့အနီး ရောက်စဉ် ၃ ကြိမ် တိုက်ခိုက်ခံရသည်ဟု သိရသည်။
သင်္ဘောများဆန်တက်ရာ ဧရာဝတီမြစ်တစ်ကြောရှိ ကျေးရွာများသို့ လုံခြုံရေးလိုက်ယူပေးသည့် ခြေလျင်တပ်ရင်း (၄၁၅) မှ အင်အား ၈၀ ခန့်မှာ ဇင်းဘုံရွာသို့ ညနေ ၆ နာရီခန့်တွင် ရောက်ရှိလာရာ ထိုတပ်နှင့် KIA, PDF ပူးပေါင်းတပ်တို့ တိုက်ပွဲထပ်မံဖြစ်ပွားသည်ဟု သိရသည်။
စစ်ကောင်စီတပ်က အိမ်ခြေ ၈၀ ကျော်ခန့်ရှိသည့် ဇင်းဘုံရွာတွင် ညအိပ်တပ်စွဲ မီးရှို့သည့်အတွက် အိမ်ခြေ ၃၀ ကျော် မီးလောင်သွားသည်ဟုလည်း သိရသည်။
ယနေ့နံနက် (ဩဂုတ် ၁၇ ရက်) တွင်လည်း ထိုရွာအနီး တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်၊ စစ်ကောင်စီတပ်သည် ဇင်းဘုံရွာမှ ထွက်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ စစ်ကြောင်းထိုးသွားသည်ဟု သိရသည်။
သင်္ဘောများတက်လာသည့်အတွက် မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာအချို့မှ ဒေသခံများ ထွက်ပြေးကြရပြီး မီးရှို့ခံရသည့် ဇင်းဘုံရွာဒေသခံများလည်း ထွက်ပြေးကြရသည်ဟု အင်းတော်ဒေသခံ အသက် (၅၀) ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ရွာသားတွေကတော့ အကုန်ပြေးကြရတယ်။ အဲဒီဇင်းဘုံရွာက မြစ်ကမ်းဘေးမှာ၊ ဘေးမှာလည်း တောင်နဲ့ ကာထားတာ။ ပစ်ခတ်မှုတွေဖြစ်တော့ အကုန် တောထဲ ဝင်ပြေးကြရတာ” ဟု အထက်ပါ ဒေသခံက ပြောသည်။
ခြေလျင်စစ်ကြောင်းများ ထွက်သွားသော်လည်း သင်္ဘောများသည် စင်းခန်းရွာအနီးတွင်ပင် ရပ်နားထားသည့်အတွက် ဒေသခံများ ရွာမပြန်ရဲသေးဟု အထက်ပါ အမျိုးသားက ပြောသည်။
သင်္ဘောများကို တိုက်ခိုက်သည့်နေ့တွင် ရွှေကူမြို့ပေါ်ရှိ ရဲစခန်းကိုလည်း မြို့လှ-PDF အဖွဲ့က နံနက် ၁၁ နာရီနှင့် ည ၁၀ နာရီတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ဒရုန်းဖြင့် တိုက်ခိုက်မှုအပြီး ရွှေကူမြို့ပေါ်တွင် စစ်ကောင်စီတပ်က လမ်းများ ပိတ်ဆို့စစ်ဆေးခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။
“စစ်ကောင်စီတပ်က ကောင်တွေက မြို့ပေါ်မှာ လမ်းတွေပိတ်ပြီးမှ၊ လက်နက်ငယ်တွေလည်း အကြောင်းမဲ့ ပစ်ဖောက်နေတယ်” ဟု အသက် ၅၀ ကျော်အရွယ် ဒေသခံအမျိုးသားက ပြောသည်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဆုံရာ နယ်စပ်မျဉ်းအနီးတွင် ရှိသည့် ရွှေကူမြို့နယ်အတွင်း တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
ရွှေကူ-PDF၊ ရွှေကူမြို့၏ မြို့နယ်ခွဲ မြို့လှ-PDF တို့မှာ KIA နှင့် လက်တွဲပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည်။
စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းပြီးနောက် ဆန့်ကျင်သူများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာသည်။
လူငယ်အများအပြား စစ်ပညာသွားရောက် သင်ယူသည့် နေရာများထဲတွင် KIA ထိန်းချုပ်နယ်မြေလည်း ပါဝင်သည်။
အာဏာသိမ်းသည့်နှစ်တွင် လက်နက်ကိုင်တော်လှန်ရေးသမားများက စစ်ကောင်စီတပ်၏ ရေယာဉ်များကို လက်နက်ငယ်ဖြင့်သာ တိုက်ခိုက်ခဲ့သည်။ ယခုအခါ ရှော့တိုက်ဒုံးလက်နက်များလည်း အသုံးပြုလာသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)