သတင်း

ဆောက်ပြီးမကြာမီ ပြိုကျသည့် ချောင်းကမ်းပါးထိန်းနံရံကိစ္စ အမတ်များဝေဖန်

ဆိပ်ကြီးခနောင်တို့မြို့နယ် ခနောင်တိုချောင်းတစ်လျှောက် ကမ်းပါးထိန်းနံရံ တည်ဆောက်ပြီး နှစ်လနီးပါး အကြာတွင် ပြန်လည်ပြိုကျခဲ့သည့်အတွက် ပြည်သူ့ဘဏ္ဍာများ ဆုံးရှုံးရကြောင်း ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တို မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၂) ဦးသန်းဆွေက Myanmar Now ကို ယနေ့ ပြောသည်။

ဆိပ်ကြီးခနောင်တို့မြို့နယ်ရှိ သခင်ဘသောင်းရပ်ကွက်၏မြောက်ဘက်မှစီးဆင်းသော ခနောင်တိုချောင်း တစ်လျှောက် ကမ်းပါးထိန်းနံရံ ပေ ၇၀၀ ကျော်ကို တည်ဆောက်ခဲ့ပြီးမှ ပေ ၁၀၀ ကျော် နိုဝင်ဘာလ ၂၆ ရက်နေ့က ပြိုကျခဲ့ခြင်း ဖြစ်သည်။

ထိုကမ်းပါးထိန်းနံရံကို ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျက် (ကြားကာလဘတ်ဂျက်) အတွင်း အတည်ပြုခဲ့သည့် ဘဏ္ဍာငွေဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးရေးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ထိုကမ်းထိန်းနံရံကို တည်ဆောက်စဉ်က မြေသားစမ်းသပ်မှုမျိုးသေချာမလုပ်ခဲ့ဟု ယူဆရကြောင်း၊ ထို့အတွက် တိုင်းပြည်၏ ဘဏ္ဍာငွေများ ဆုံးရှုံးလိုက်ရသည်က မဖြစ်သင့်ကြောင်း ဦးသန်းဆွေက ဆက်ပြောသည်။

“သူတို့က ဘတ်ဂျက်ဘယ်လိုကျလဲတော့ ကျွန်တော် သေချာမသိသေးဘူး။ မြေသားစမ်းသပ်မှုသေချာတော့ လုပ်သင့်တာပေါ့။ သူတို့က ဘတ်ဂျက်ရတဲ့အပေါ်မှာ မူတည်ပြီးလုပ်တာလား၊ ဘာလားတော့ ကျွန်တော် မပြောတတ်ဘူး။ သေချာတာကတော့ ရေကြောင်းကျွမ်းကျင်သူတွေနဲ့ သေချာလုပ်ရမှာ” ဟု ၎င်းက ဆိုသည်။

နှစ်လယ်မှာ စဆောက်

၂၀၁၈ ခုနှစ်သည် ဘတ်ဂျက်နှစ်စတင်ပြောင်းသည့်နှစ်ဖြစ်ပြီး ကြားကာလ ခြောက်လဘတ်ဂျက်နှစ်မှာ ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဖြစ်သည်။ အဆိုပါ အသေးစားဘတ်ဂျက်ကာလတွင် ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးရှိ မြစ်ချောင်းကမ်းပါးပြိုမှု ကာကွယ်ရေးစီမံကိန်းများအတွက် ကျပ်သိန်း ၃၀၀၀ နှင့် မြစ်ချောင်းများ ရေရှည်တည်တံ့ရေးအတွက် ကျွမ်းကျင်သူများနှင့် သုတေသနပြုလုပ်ရန်အတွက် ကျပ်သိန်း ၆၀၀ တို့ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ခွင့်ပြုထားခဲ့ပြီး အဆိုပါပေ ၇၀၀ ကမ်းပါးထိန်းနံရံအတွက် ကုန်ကျစရိတ် မည်မျှရှိမှန်း မသိရပေ။

ထိုကိစ္စအတွက် အဆိုပါ ကမ်းထိန်းနံရံကို တည်ဆောက်ခဲ့သည့်အဖွဲ့တွင် ပါဝင်သည့် ဆိပ်ကြီးခနောင်တိုမြို့နယ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်ဝင်း၏ လက်ကိုင်ဖုန်းသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပေ။

အသင့်တော်ဆုံးဖြစ်မည့် ကမ်းပါးထိန်းနံရံဖြစ်စေရေးအတွက် သုတေသနလုပ်ဖို့ဘတ်ဂျက်ကိုပါ ချပေးခဲ့သည့် ကြားမှ အချိန်တိုတိုအတွင်း ယခုလိုဖြစ်ရသည်မှာ ပြည်သူများ၏ ဘဏ္ဍာအဟောသိကံဖြစ်ရသည်ဟု ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) ဒေါ်စန္ဒာမင်းကလည်း ဝေဖန်လိုက်သည်။

“ကမ်းပါးပြိုတာတွေကို လုပ်ဖို့တင်မကဘူး။ (ရေရှည်ခံရေးအတွက်) သုတေသနအတွက်ပါ ဘတ်ဂျက်ပေး ထားပြီးသား။ ဒီနေရာမှာ ဒီဒီဇိုင်းနဲ့ သင့်တော်မှုရှိမရှိ၊ ကိုယ်အပ်လိုက်တဲ့ ကန်ထရိုက်က ကျွမ်းကျင်မှုရှိမရှိ၊ ရှိရင်တောင်မှ ပြည့်ပြည့်ဝဝနဲ့ မခိုမကပ်ဘဲ လုပ်ထားသလားဆိုတာကို ဌာနအနေနဲ့ ပြန်စစ်ဆေးဖို့လိုတယ်။ ဒီလိုအဟောသိကံမဖြစ်ဖို့အတွက် နောက်လုပ်မယ့်ကိစ္စတွေမှာ ဆင်ခြင်ဖို့လိုတယ်” ဟု ၎င်းကဆိုသည်။

လတ်တလောတော့ လာမည့်လွှတ်တော်တွင် ထိုကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးရန် သို့မဟုတ် မေးခွန်းထုတ်ရန် အစီအစဉ်မရှိသေးကြောင်း၊ လွှတ်တော်အတွင်း မေးခွန်းများမေးခြင်းကလည်း နှစ်လခန့်မျှ ကြိုတင်စီစဉ်ပြီးမှသာ မေးမြန်းခွင့်ရသည့် အတွက်ကြောင့် ဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ပြောသည်။

နေရာရွှေ့ပြောင်းရ

ကမ်းပါးထိန်းနံရံများ ပြန်လည်ပျက်စီးသွားသည့်အတွက် အန္တရာယ်ရှိလာသဖြင့် မြစ်ကမ်းပါးအနီးရှိ ကျပန်းအလုပ်လုပ်ကိုင်ကြသော အိမ်ထောင်စု သုံးစု(လူဦးရေ ၁၆ ဦး) နေထိုင်နေသည့် နေအိမ်များကို ဖြိုဖျက်ကာ ရွှေ့ပြောင်းခဲ့ရကြောင်း ဦးသန်းဆွေက ပြောသည်။

“ဆက်နေရင် သူတို့အတွက် အန္တရာယ်ရှိလာမယ်။ အဲ့ဒါကြောင့် အိမ်တွေကို ဖျက်လိုက်ရတယ်။ သူတို့က အခု အတွင်းဘက်မှာ အိမ်ငှားပြီး နေကြတယ်” ဟု ၎င်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

ကမ်းပါးထိန်းနံရံနေရာသည် မူလက ဒီရေတောဖြစ်သည်ဟု အဆိုပါ နေရာတွင် နေထိုင်ခဲ့ပြီး နေရာရွှေ့ပေးခဲ့ရသည့် အသက် ၄၉ နှစ်အရွယ် ဦးဇော်ဦးက ပြောပြသည်။

“ကျွန်တော်တို့ စပြောင်းလာတုန်းက ဒီနေရာက ဒီရေတောကြီး။ အဲ့ဒါကို ကိုယ့်နိုင်တဲ့ပိုက်ဆံလေးနဲ့ ဝယ်ပြီးနေလာတာ။ ကမ်းပါးထိန်းနံရံလုပ်တဲ့အခါမှာ ဒီရေတောတွေကို မလွတ်လို့ဆိုပြီး အကုန်ရှင်းလိုက်တာ။ ဖြစ်တဲ့နေ့က ကျွန်တော်ကြည့်နေရင်းနဲ့ကို ကြောက်သွားတယ်။ မြေကြီးတွေတအိအိနဲ့ဆင်းသွားတာ။ နေ့ခင်းဘက်မို့လို့။ ညဘက်သာဖြစ်မယ်ဆို မတွေးရဲဘူး” ဟု သူကဆိုသည်။

ဦးဇော်ဦးတို့သည် နာဂစ်မုန်တိုင်းပြီးနောက် ဧရာဝတီတိုင်းမှ အဆိုပါနေရာသို့ ရွှေ့ပြောင်းခဲ့ကြသူများဖြစ်ပြီး ဆယ်နှစ်အတွင်း ယခုလို ကမ်းပါးပြိုကျမှုများ မဖြစ်ပေါ်ခဲ့ကြောင်း သူက ဆက်ပြောသည်။

ကမ်းပါးတစ်လျှောက်တွင် နေအိမ် ၁၅ လုံးနီးပါးမျှ ကျန်ရှိနေသေးပြီး အခြေအနေကို စောင့်ကြည့်နေကြောင်း သခင်ဘသောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်အေးက ပြောသည်။

ဖြစ်ဖြစ်ချင်း တစ်ပတ်လောက်အထိ နေ့ရောညပါ လူစောင့်ထားကာ ကမ်းပါးအခြေအနေကို စောင့်ကြည့်နေခဲ့ပြီး ယနေ့အချိန်အထိ ညဉ့်သန်းခေါင်အထိ အခြေအနေကို စောင့်ကြည့်နေသေးသည်ဟု ၎င်းကပြောသည်။

“ကျွန်တော်တို့က တကယ်လို့ ထပ်ဖြစ်လာရင် အရေးပေါ်ရွှေ့ပြောင်းဖို့ ပြင်ဆင်မှုတချို့ ပြုလုပ်ထားပါတယ်။ လတ်တလောတော့ မစိုးရိမ်ရသေးတော့ ဒီအတိုင်းပဲ ဆက်နေနေကြတယ်။ ဒီလောက်ကမ်းပြိုတာ မဖြစ်ခဲ့ဖူးဘူး။ ဟိုးအရင်ကတော့ ဒီကမ်းထိန်းနံရံမရှိသေးချိန်မှာ တစ်ခါတလေ နည်းနည်းပြိုလိုက်၊ သောင်ပြန်ထွန်းလိုက်နဲ့ပဲ။ ချောင်းရေစီးကြောင်းက ပုံမှန်ခန့်မှန်းလို့မရဘူး။ လွန်ခဲ့တဲ့နှစ် ၅၀ လောက်နဲ့ကြည့်မယ်ဆို ပေ ၅၀ လောက်က ချောင်းထဲကိုရောက်သွားပြီလို့ ဆိုရမယ်” ဟု သူကဆိုသည်။

လတ်တလောတွင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ သဘာဝဘေး ကာကွယ်ထိန်းသိမ်းရေးဌာနနှင့် ကြက်ခြေနီအဖွဲ့တို့က ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း၊ သို့ရာတွင် မိမိတို့၏ နေရေးထိုင်ရေးကတော့ အခက်အခဲဖြစ်နေကြောင်း ကမ်းပြိုမှုကြောင့် နေအိမ်ဖြိုဖျက်လိုက်ရသည့် အသက် ၅၀ အရွယ် ဒေါ်ညွန့်ကြည်က ပြောသည်။

ရပ်ကွက်အပိုင် မြေအလွတ်များတွင် ပြန်နေရာချထားပေးလျှင် ပိုမိုအဆင်ပြေနိုင်ကြောင်း သူက ဆက်ပြောသည်။

“ကျွန်မတို့ မိသားစုမှာက အသက် ၈၀ နီးပါးအရွယ် သက်ကြီးရွယ်အိုတွေလည်းရှိတယ်။ အခုနေနေရတာက အိမ်ကခွာထားရတဲ့ ကြမ်းခင်းတွေကို မြေကြီးပေါ်မှာ ဒီအတိုင်းခင်းပြီး နေနေရတာ။ ချောင်းရေကြီးရင် လမ်းပါကျော်တတ်တော့ ကျွန်မတို့ရဲ့ နေရေးထိုင်ရေးက အဆင်မပြေဘူး။ ဒါကို တစ်နည်းနည်းနဲ့ ဖြေရှင်းပေးမယ်ဆိုရင်တော့ အကောင်းဆုံးပဲ” ဟု ဒေါ်ညွန့်ကြည်က ဆိုသည်။

Show More

Related Articles

Back to top button