စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းသွားသည့် ဒေသခံ အမျိုးသား ၄ ဦး၏ ရုပ်အလောင်းများကို ယမားချောင်းအတွင်း စွန့်ပစ်ထားသည်ကို ယမန်နေ့ (ဩဂုတ် ၁၆) က ဒေသခံများက တွေ့ရှိခဲ့ကြသည်။
ဩဂုတ် ၁၀ က ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာအတွင်း စစ်တပ်စစ်ကြောင်းဝင်လာစဉ် ဖမ်းဆီးခံရသည့် အသက် ၄၄ နှစ်အရွယ် ဦးသိန်းငွေ၊ ၄၈ နှစ်အရွယ် ဦးဖိုးဉာဏ်၊ ၃၄ နှစ်အရွယ် ကိုဇော်မြင့်ဌေးနှင့် အသက် ၂၂ နှစ်အရွယ် ကိုဇော်မျိုးခိုင်တို့၏ ရုပ်အလောင်းများ ဖြစ်ကြသည်ဟု သိရသည်။
ရုပ်အလောင်းများတွင် နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာများ ရှိနေပြီး တစ်ဦးမှာ လည်ပင်း ပြတ်ရှဒဏ်ရာ၊ တစ်ဦးမှာ နဖူးကို တေ့ပြီး ပစ်သတ်ခံထားရသည်ကို တွေ့ရသည်ဟု ရုပ်အလောင်းကောက်ယူရာတွင် ပါဝင်သူများက ပြောကြသည်။
“အလောင်းတွေအခြေအနေအရ မနေ့ကမှ သတ်တာ မဖြစ်နိုင်ဘူး၊ ပုပ်ပွနေပြီဆိုတော့ တစ်ရက်နှစ်ရက်လောက်တော့ ရှိလောက်ပြီ။ ဒီဘက်ကို မသယ်တော့ဘဲနဲ့ အဲ့ဒီဘက်တင် သင်္ဂြိုဟ်ခဲ့ရတယ်” ဟု လည်ငေါက်ရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်း၊ ပုလဲနယ်မှတစ်ဆင့် ယင်းမာပင်နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းသည် ဩဂုတ် ၁၀ ရက်နေ့က လည်ငေါက်ရွာအတွင်း ဝင်လာစဉ် နွားစာ သွားကျွေးသည့် ရွာသား ၄ ဦး ဖမ်းဆီးခံလိုက်ရကာ စစ်ကြောင်းနှင့်အတူ ဆားလင်းကြီးမြို့နယ်ဘက်သို့ ခေါ်ဆောင်ခံသွားရကြောင်း ဒေသခံများထံမှ သိရသည်။
ထို ၄ ဦးကို ဆားလင်းကြီးဘက်မှ ယင်းမာပင်နယ်ဘက်သို့ ပြန်အကူး ယမားချောင်းတံတားအနီး သတ်ဖြတ်ထားခဲ့သည်ဟု ယူဆကြောင်း Regional Friend Fighter ဟု အမည်ပေးထားသော ဒေသခံအဖွဲ့၏ ခေါင်းဆောင်၊ ယင်းမာပင်တိုက်နယ် (၂) ပကဖတာဝန်ခံလည်းဖြစ်သော ဗိုလ်စင်္ကြာက ပြောသည်။
ထိုစစ်ကြောင်းသည် တရုတ်အစိုးရ၏ စီးပွားရေးလုပ်ငန်းဖြစ်သော၊ လက်ပံတောင်းတောင်ဒေသ ကြေးနီတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသော ဝမ်ပေါင်ကုမ္ပဏီဝင်းတွင် အဝင်အထွက်လုပ်သည်ကို တွေ့ရသည်ဟု သူက ဆက်ပြောသည်။
“ယန်စီ၊ ဝမ်ပေါင်မှာ တစ်ညအိပ်တယ်။ နောက်နေ့ ဝမ်ပေါင်ကုမ္ပဏီအတွက် ပုသိမ်-မုံရွာ လမ်းကြောင်းကို လုံခြုံရေးယူပေးတာပေါ့။ စစ်ကြောင်းက ဒီကောင်တွေပဲ။ အခု အသတ်ခံရတဲ့ ၄ ယောက်က ယင်းမာပင်-ပုလဲဘက် စစ်ကြောင်းထိုးတုန်းက (အဖမ်းခံရ) သူတွေပဲ။ ယမားတံတားပေါ် ရောက်တော့ သတ်ထားခဲ့တယ်။ စစ်ကြောင်းက တစ်ကြောင်းတည်းပဲ” ဟု သူက ဆိုသည်။
စစ်ကောင်စီစစ်ကြောင်းများသည် ကြားဖြတ်တိုက်ခိုက်ခံရမှုမှ ကာကွယ်နိုင်ရန် အရပ်သားများကို စစ်ကြောင်းနှင့်အတူ မကြာခဏဆိုသလို ခေါ်ဆောင်သွားတတ်သည်။
ဒေသတွင်းအဖွဲ့များ၏ ဓာတ်ပုံများအရ ယမားချောင်းကို ဖြတ်ကူးသည့် ယမားချောင်းတံတားပေါ်တွင် သွေးစီးကြောင်းနှင့် သွေးကွက်များ တွေ့ရှိရသည်။
ပုသိမ်-မုံရွာလမ်းကြောင်းတစ်လျှောက် လုံခြုံရေးယူပေးနေသည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဩဂုတ် ၁၅ ရက် ညနေတွင် ပြန်ဆုတ်ခွာသွားပြီး နောက်တစ်နေ့ နံနက်တွင် ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့များက ထိုရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“အလောင်းနှစ်ခုက တံတားအောက်ဘက် မလှမ်းမကမ်း၊ ကျန်တဲ့နှစ်လောင်းကတော့ ချင်းတွင်းမြစ်ဝင်တဲ့ အဝနီးပါးလောက် ရောက်သွားတယ်။ အလောင်းတွေကို ကြည့်ရတာ တော်တော်ညှဉ်းပန်းနှိပ်စက်ပြီးမှ သတ်ထားတာ” ဟု ဗိုလ်စင်္ကြာက မြင်တွေ့ခဲ့ရပုံကို ပြောသည်။
ရုပ်အလောင်း ၃ လောင်းကို နေ့ချင်း မီးသင်္ဂြိုဟ်ခဲ့ပြီး ကျန်တစ်လောင်းကိုမူ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်နှင့် တရုတ်တို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကုမ္ပဏီဧရိယာအတွင်း စစ်ကောင်စီလက်နက်ကိုင်များ အခြေချ တပ်စွဲကာ အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရွာများ မီးရှို့ခြင်းတို့ လုပ်ဆောင်နေသည်။
ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဝမ်ပေါင်ကုမ္ပဏီဝင်းမှ ထွက်လာသည့် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၁၃ ရွာမှ အိမ်ခြေ ၄၄၄ အိမ် ပျက်စီးခဲ့ရပြီး ပြည်သူ ၁၇ ဦး သတ်ဖြတ်ခံထားရသည်။
ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ဆောင်နေမှုများကို ရပ်တန့်ခြင်း မရှိပါက အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ် ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဒေသခံတို့ကို ဖမ်းဆီးသတ်ဖြတ်မှု၊ ထိုအမှုကျူးလွန်သူများကို စီမံကိန်းနယ်မြေတွင် တပ်စွဲခွင့်ပြုမူတို့နှင့် ပတ်သက်ပြီး ဝမ်ပေါင်ကုမ္ပဏီ၊ စစ်ကောင်စီပြန်ကြားရေးဌာနတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)