သတင်း

ကလေးမြို့တွင် တိုက်ပွဲပြင်းထန်၊ ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးရ

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အစပ် ဒေသကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းသည့် ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်က ယမန်နေ့ (ဩဂုတ် ၁၅) က လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး ဒေသခံ ၅၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရသည်။

ကလေးမြို့မှ လာသည့် အင်အား ၆၀ ကျော်ဝန်းကျင် စစ်ကြောင်းကို ယမန်နေ့ နံနက် ၆ နာရီတွင် မြို့အထွက် သာစည်ကျေးရွာအနီး ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရောက်လာသည့် ရဟတ်ယာဉ်က တိုက်ပွဲဖြစ်နေသည့် သာစည်ရွာကို ဦးတည်ကာ တစ်နာရီခန့် ပစ်ခတ်ခဲ့သည်ဟု ကလေးမြို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ပထမတော့ သူတို့ အထိနာလို့ Dead Body (ရုပ်အလောင်း) တွေနဲ့ ပြန်ဆုတ်သွားပြီး ရဟတ်ယာဉ်တွေနဲ့ ၁ နာရီကျော်လောက် ပစ်တယ်။ ပြီးတော့ ထပ်တိုးလာပြန်တယ်။ သာစည်ရွာထဲက အိမ်တချို့ မီးရှို့သွားပြီး နည်းနည်း ပြန်ဆုတ်သွားကြတဲ့ အနေအထားရှိပါတယ်။ လက်နက်ကြီးတွေတော့ ကလေးမြို့ထဲတပ်တွေကနေ နေ့နေ့ညည ကလေးတောင်ပိုင်း ကျေးရွာတွေကို လှမ်းပစ်နေတယ်” ဟု ၎င်းက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေကို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယနေ့ နံနက်တွင် စစ်တပ်က အင်အားဖြည့်တင်းကာ စစ်ကြောင်းဆက်ထိုးရန် ပြင်ဆင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့မနက်ပိုင်းကစပြီး သာစည်ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာရှိတယ်။ လက်ရှိအချိန်ထိ စစ်ရေးအခြေအနေက တင်းမာနေဆဲပဲ” ဟု ကလေးဒေသထောက်ပံ့ရေးစင်တာ (Kalay Region Support Cneter) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်အား ၆၀ ဝန်းကျင် စစ်ကောင်စီစစ်ကြောင်းကြောင့် သာစည်ကျေးရွာနှင့် အနီးရှိ ကျောက်ကုန်း၊ သုံးအိမ်စု၊ လေးအိမ်စု၊ ချင်းဆိုင်၊ ဇင်ကလင်း စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ကာကွယ်ရေးအဖွဲ့များ လှုပ်ရှားသည့် မကွေးတိုင်း ဂန့်ဂေါမြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းရှိ ပြည်သူ့စစ် (ပျူစောထီး) အားကောင်းရာ ကျေးရွာများမှာ ကာကွယ်ရေးအဖွဲ့များ၏ ပိတ်ဆို့ဖြတ်တောက်ထားမှုကြောင့် မိုင် ၅၀ ခန့်သာ ဝေးသည့် ကလေးမြို့ဘက် မတက်နိုင်သဖြင့် စားဝတ်နေရေး ခက်ခဲနေသောကြောင့် စစ်တပ်က မြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။

ဂန့်ဂေါမြို့နယ်မှ မြောက်ခင်ရန်း၊ ရွှေမေတ္တာ၊ ကုက္ကား၊ ဟံသာဝတီ၊ လယ်ကြီး (အရှေ့)၊ လယ်ကြီး (အနောက်) နှင့် ကလေးမြို့နယ်မှ ကျောက်ပြုတ်၊ ကြံသာ၊ အင်းကျွန်း၊ ကျောက်ဆည်၊ မန္တာ၊ သာယာဝတီ စသည့် ပျူစောထီး အားကောင်းရာ ကျေးရွာ ၁၂ ရွာမှ အိမ်ထောင်စု ၇၀၀၀ ကျော်မှာ စားနပ်ရိက္ခာနှင့် စက်သုံးဆီ အခက်အခဲဖြစ်နေသည်မှာ ခြောက်လခန့်ရှိပြီဖြစ်ကြောင်း၊ စက်သုံးဆီ တစ်ဂါလံလျှင် ခြောက်သောင်းကျပ်၊ သကြားတစ်ပိဿာလျှင် လေးသောင်းကျပ် ဈေးပေါက်နေကြောင်း ကလေးမြို့မှ ဆရာတော်တစ်ပါးက စစ်ကောင်စီထံ ယခုလဆန်းက အကူညီတောင်းခံစာ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်။

နယ်နိမိတ်ချင်း ထိစပ်နေသည့် ကလေးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်တို့သည် အာဏာသိမ်းစစ်ကောင်စီကို ရရာလက်နက်စွဲကိုင်ပြီး အစောဆုံး ခုခံတော်လှန်ခဲ့သည့် ဒေသများဖြစ်သည့်အပြင် ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ဇူလိုင်လကုန် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေသည့် မလုံခြုံမှုနှင့် ပဋိပက္ခများကြောင့် လူဦးရေ ၁ ဒသမ ၆ သန်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်၊ ထိုအထဲတွင် စစ်ကိုင်းတိုင်းမှ ၇၆၀,၀၀၀ ကျော် ပါဝင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button