သတင်း

ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆရာဝန်ယောင်ဆောင် ဆေးခန်းဖွင့်လိမ်လည်သူကို အမှုဖွင့်ထား

ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးပညာဘွဲ့လက်မှတ်အတုဖြင့် ဆရာဝန်အယောင်ဆောင်ကာ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၌ ဆေးခန်းဖွင့်ပြီး ခွဲစိတ်ကုသမှုများ ပြုလုပ်နေသူတစ်ဦးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးက မြို့နယ်ရဲစခန်း၌ ဇူလိုင် ၅ တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။ 

အမှုဖွင့်ခံထားရသူ ဦးသန့်ဇင်ကိုကိုသည် ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက် ရွာမရပ်၌ “ခေတ်သစ်ဇီဝက” အမည်ဖြင့် ဆေးခန်းတစ်ခု ဖွင့်လှစ်ထားပြီး ဆေးကုသစရိတ် များစွာတောင်းခံခြင်း၊ ခွဲစိတ်ခန်းမရှိဘဲ ခွဲစိတ်ကုသခြင်း၊ လူနာရှင်များထံမှ အကြိမ်ကြိမ် ငွေကြေးလိမ်လည်ချေးယူနေသည့်သတင်းများ Facebook လူမှုကွန်ရက်တွင် ဇွန်လနှောင်းပိုင်းက ပျံ့နှံ့လာခဲ့သည်။

အဆိုပါသတင်းများကြောင့် မန္တလေးတိုင်းပြည်သူ့ကျန်းမာရေးက စုံစမ်းစစ်ဆေးခဲ့ရာ ၎င်းသည် ဆေးကုသခွင့်လိုင်စင်ရှိသူ မဟုတ်ကြောင်း စိစစ်တွေ့ရှိသဖြင့် ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာနှင်းဇော်သိန်းက တရားလိုပြုလုပ်ပြီး မြန်မာနိုင်ငံဆေးကောင်စီဥပဒေပုဒ်မ ၅၈ ဖြင့် မြို့နယ်ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။ 

ထို့အပြင် ၎င်း၏ ဆေးပညာဘွဲ့လက်မှတ်များကို စစ်ဆေးကြည့်ရာတွင်လည်း အတုဖြစ်နေသည့်အတွက် အရေးယူရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု တရားလို ဒေါက်တာနှင်းဇော်သိန်းက ပြောသည်။

အဆိုပါပုဂ္ဂိုလ်သည် ဆေးပညာဘွဲ့လက်မှတ်များကို သူ့ဆေးခန်းအတွင်း၌ ချိတ်ဆွဲထားပြီး ယင်းလက်မှတ်များတွင် ဦးနှောက်ခွဲစိတ်ကု၊ အရိုးခွဲစိတ်ကု၊ မျက်စိအထူးကု၊ နား နှာခေါင်း လည်ချောင်းအထူးကု စသည့်ဘာသာရပ်များဖြင့် ဘွဲ့ရပြီးသူဟု လိမ်လည်ရေးသားဖော်ပြထားကြောင်း ဒေါက်တာနှင်းဇော်သိန်းက ပြောသည်။ 

“လိုအပ်တဲ့ သက်သေအချက်အလက်တွေ အကုန်စုထားပါပြီ။ ပုဒ်မတပ်မယ်ဆိုရင်တော့ အများကြီးပေါ့။ အဲ့ဒီအထဲကမှ အခိုင်မာဆုံးက ဆမ (အထွေထွေဆေးကုသခွင့်) လိုင်စင်မရှိဘဲနဲ့ ဆေးခန်းဖွင့်ထားတာက အခိုင်အမာဆုံးပေါ့။ ကျန်တဲ့ဟာတွေက တိုက်ရိုက်မဆိုင်ဘူးဆိုတော့၊ ဘာအယောင်ဆောင်တယ်၊ ညာအယောင်ဆောင်တယ်ဆိုတာတွေက သက်သေရှာဖို့ ခက်နေတာ” ဟု ဒေါက်တာနှင်းဇော်သိန်းက Myanmar Now ကို ပြောသည်။ 

အမှုဖွင့်ထားသည်မှာ မှန်ကန်ပြီး လက်ရှိတွင် ဦးသန့်ဇင်ကိုကိုမှာ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေသည်ဟု ပြည်ကြီးတံခွန် မြို့နယ်ရဲစခန်းမှူး ရဲမှူးနေမျိုးအောင်က ပြောသည်။

“လူမှုကွန်ရက်မှာတွေ့လို့ မြို့နယ်ဆရာဝန်ကြီးတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရဲတွေနဲ့ သွားစစ်ဆေးကြည့်တယ်။ သူ့ဆေးခန်းကတော့ ငှားထားတာလို့ သိရတယ်။ အခုတော့ အိမ်ရှင်က ပိတ်ထားလိုက်ပြီ။ (ဆေးခန်း) လခလည်း မရဘူးလို့ သိရတယ်” ဟု ရဲမှူးနေမျိုးအောင်က ပြောသည်။

ဆေးကောင်စီဥပဒေပုဒ်မ ၅၈ အရ ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသမှုမပြုရန် တားမြစ်ချက်ကို ဖောက်ဖျက်ပါက ထောင်ဒဏ်အနည်းဆုံးတစ်နှစ်မှ အများဆုံးငါးနှစ်အထိ ချမှတ်နိုင်သည်။ 

မကွေးဆေးတက္ကသိုလ်မှ ကျောက်ကပ်ဝေဒနာရှင် နောက်ဆုံးနှစ်ဆေးကျောင်းသားတစ်ဦး၏ ဆေးကုသမှုအတွက် ထိုဦးသန့်ဇင်ကိုကိုဆိုသူက ငွေလှူမည်၊ ကျောက်ကပ်လှူဒါန်းမည်ဆိုကာ လူနာရှင်၏ အမေဖြစ်သူထံမှ ငွေကျပ် သိန်း ၃၀ လိမ်လည်ခဲ့သည်ဟု လူမှုကွန်ရက်တွင် ဇူလိုင် ၁ က သတင်းပျံ့နှံ့ခဲ့သည်။ 

တရားမဝင်ဆေးကုသမှုနှင့် လိုင်စင်မရှိဘဲ ဆေးကုသနေသူများကို ထိထိရောက်ရောက် အရေးမယူနိုင်သည့်အပြင် ပိုမိုများပြားလာသည့်အတွက် ကြပ်မတ်အရေးယူပေးရန်အဆိုကို မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါက်တာညီမင်းဟန်က ၂၀၁၈ ဧပြီ ၃ တိုင်းလွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ဖူးသော်လည်း ယင်းအဆို ရှုံးနိမ့်ခဲ့သည်။ 

ဆရာဝန်အယောင်ဆောင်ကာ ဆေးကုသမှုဖြင့် အမှုဖွင့်ခံထားရသည့် ဦးသန့်ဇင်ကိုကိုနှင့် ပတ်သက်ပြီး ထိုကဲ့သို့သော လုပ်ရပ်သည် လူနာများအတွက် အသက်အန္တရာယ်ရှိသည့်အပြင် လူနာနှင့် လူနာရှင်များကို စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေသည့်အတွက် တာဝန်ရှိသူများက ထိထိရောက်ရောက် အရေးယူသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန်က Myanmar Now ကို ပြောသည်။

“သူက ရိုးရိုးရမ်းကုပုံစံမျိုး မဟုတ်ဘဲနဲ့ စာရွက်စာတမ်းတွေအကုန် အတုလုပ်ပြီးတော့ ဆရာဝန်အတု လုပ်တဲ့အခါကျတော့ ဒါက အကုန်လုံးကို ကျန်းမာရေးလောကက တာဝန်ရှိတဲ့လူတွေ၊ (သူ) စာရွက်စာတမ်းအတုလုပ်တဲ့ သက်ဆိုင်ရာဌာန ဥပမာဆို ဆေးတက္ကသိုလ်ပေါ့လေ။ ဒါတင်မပြီးသေးဘူး။ သူက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ….တရားဥပဒေစိုးမိုးရေး‌ရော၊ တခြားဆေးလောကကိုရော စိန်ခေါ်သွားတာလို့ ပြောလို့ရတယ်” ဟု ဒေါက်တာညီမင်းဟန်က ပြောသည်။

Show More

Related Articles

Back to top button