သတင်း

ဘုတလင်မြို့နယ်အတွင်း တိုက်ပွဲများတွင် နှစ်ဖက် သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အနောက်ပိုင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် တစ်ပတ်အတွင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားရာ နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ဒေသတွင်း တာဝန်ရှိသူတို့က ပြောသည်။

သြဂုတ်လ ၈ ရက်နေ့က စတင်ပြီး အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းက ရွာစဉ်လှည့်လည် စီးနင်းစဉ် ၉ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် မောင်းထောင်ကျေးရွာအနီး၊ ၁၂ ရက်နေ့တွင် ချောင်းဆုံကျေးရွာအနီး၊ ၁၄ ရက်နေ့တွင် ညောင်ကန်ကျေးရွာအနီးတို့တွင် တိုက်ပွဲဖြစ်ခဲ့သည်။

စစ်ကောင်စီတပ်သား အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့သည်ဟု တိုက်ပွဲများတွင် ပူးပေါင်းပါဝင်ခဲ့သည့် PDF တပ်ရင်း တာဝန်ခံတစ်ဦးက ပြောသည်။

“အပြင်းထန်ဆုံးနဲ့ သူ့ဘက်ကိုယ့်ဘက် ထိခိုက်များတာကတော့ ၁၂ ရက်နေ့တိုက်ပွဲပါပဲ၊ ရန်သူ့ဘက်ကလည်း နေရာမှာတင် ၅ ဦးသေတာကို မျက်မြင် မြင်လိုက်ရတယ်။ ကိုယ့်ဘက်ကလည်း ရဲဘော်တစ်ယောက်ကျ၊ နှစ်ယောက်က ဒဏ်ရာအပြင်းအထန်ရတယ်” ဟု သူက ဆိုသည်။

မြို့နယ်အတွင်း စတင်ဝင်ရောက်ချိန်ကတည်းက တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် မောင်းထောင်ရွာမှ မီးသတ်စခန်းတစ်ခုကို မီးရှို့ခဲ့သည်၊ ၁၃ ရက်နေ့တွင် သခွတ္တနယ်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲပြီး နောက်တစ်နေ့တွင် ရွာရှိ နေအိမ် ၄၀ ဝန်းကျင်ခန့်နှင့် ပရဟိတဆေးခန်းတစ်ခုကို မီးရှို့ခဲ့သည်ဟု သိရသည်။

သခွတ္တနယ်ကျေးရွာအနီး PDF တပ်ဖွဲ့တစ်ခု၏ စခန်းငယ်၊ ညောင်ကန်ရွာအနီးတွင် PDF တပ်ဖွဲ့တစ်ခုပိုင် မော်တော်ယာဉ်တို့ကို မီးရှို့ဖျက်ဆီးသည်ဟု သိရသည်။

ဩဂုတ် ၆ ရက်နေ့ နေ့လယ်ပိုင်းက ဘုတလင်မြို့လယ်ရှိ မီးသတ်စခန်းကို ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းပြီး မီးသတ်ဦးစီးမှူးအပါအဝင် အဖွဲ့ဝင် ၁၁ ဦး၊ စခန်းအတွင်း ဝန်ထမ်းအိမ်ရာရှိ မိသားစုဝင် ၈ ဦး၊ အခြားဌာနဆိုင်ရာဝန်ထမ်း ၂ ဦးတို့ကို ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဒေသအသီးသီးရှိ မီးသတ်သမားများကဲ့သို့ပင် ဘုတလင်မီးသတ်သမားတို့သည် စစ်ကောင်စီတပ်၏ လမ်းမများပေါ် စစ်ဆေးမှု၊ ဖမ်းဆီးမှုများတွင် ပါဝင်ကူညီနေကြသည်။

အားလုံးကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အပြစ်ရှိသူများကို တရားစွဲဆိုနိုင်ရန် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက ပြင်းပြင်းထန်ထန် တုံ့ပြန်နေရာ ပြည်သူ့အိုးအိမ်ပေါင်း ၅၇,၅၀၃ လုံး မီးရှို့ဖျက်ဆီးခံရသည်ဟု စာရင်းများပြုစုထားသည့် Data for Myanmar အဖွဲ့က ဩဂုတ်လ ၈ ရက်တွင် ထုတ်ပြန်သည်။

တစ်နိုင်ငံလုံးတွင် စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီက လက်လုပ်လက်နက်များကို အားပြုတော်လှန်နေကြသည့် စစ်ကိုင်းတိုင်းကိုပင် လေကြောင်းသုံး၍ ပစ်ခတ် တိုက်ခိုက်နေရာ အရပ်သားထိခိုက်သေဆုံးမှုများ မြင့်တက်နေသည်။

ဗြိတိန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာမှု (IISS) အဖွဲ့က ပြုစုထားသည့် စာရင်းများအရ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ ပါဝင်သော မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် တိုက်ပွဲပေါင်း ၂၇၆ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button