မီးသတ်သမားများနှင့် ဌာနဆိုင်ရာဝန်ထမ်းအချို့ကို တော်လှန်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်တပ်က စစ်ဆင်ရေးလုပ်နေရာ ယခုလ ၁၂ ရက်တွင် ပရဟိတဆေးခန်းနှင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးခံလိုက်ရသည်။
နိုင်ငံအလယ်ပိုင်း ကုန်းခေါင်ရာ အရပ်ဖြစ်သည့် ဘုတလင်မြို့နယ် သခွတ္တနယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားသည့် အခမဲ့ဆေးခန်းနှင့် ထိုရွာရှိ နေအိမ် ၄၀ ဝန်းကျင်ကို အင်အား ၇၀ နီးပါးပါသည့် စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ဩဂုတ် ၆ နေ့လယ်ပိုင်းက ဘုတလင်မြို့လယ်ရှိ မီးသတ်စခန်းကို ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းပြီး မီးသတ်ဦးစီးမှူးအပါအဝင် အဖွဲ့ဝင် ၁၁ ဦး၊ စခန်းအတွင်း ဝန်ထမ်းအိမ်ရာရှိ မိသားစုဝင် ၈ ဦး၊ အခြားဌာနဆိုင်ရာဝန်ထမ်း ၂ ဦးတို့ကို ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်က စစ်ရေးလှုပ်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့က ဩဂုတ် ၁၁ရက်တွင် သခွတ္တနယ်ကျေးရွာသို့ ရောက်ရှိတပ်စွဲနေခြင်းဖြစ်ကြောင်း၊ ရွာကို မီးရှို့ဖျက်ဆီးနောက် ယနေ့ (ဩဂုတ် ၁၄) တွင် အရှေ့ဘက် ၁၀ မိုင်အကွာမှ ဘုတလင်မြို့ဘက်သို့ ပြန်လည်ထွက်ခွာနေကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။
ဩဂုတ် ၁၀ ရက်မှစကာ ထိုဒေသတွင်းသို့ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရွာမှ ထွက်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်း၊ ဘုတလင်မြို့နယ် ကူတော်ရွာမှ ထွက်လာသည့် အင်အား ၇၀ ပါ စစ်ကြောင်းတို့ ရောက်ရှိနေသည်ဟု ဒေသခံတော်လှန်ရေးအဖွဲ့များက ပြောထားသည်။ မည်သည့်တပ်ဖွဲ့က သခွတ္တနယ်ကျေးရွာကို မီးရှို့ခဲ့သည်နှင့် အင်အား ၁၀၀ ပါ စစ်ကြောင်းအခြေအနေတို့ကို ရှင်းလင်းစွာ မသိရသေးပေ။
“သူတို့ဝင်လာပြီး နောက်တစ်နေ့မှာ စပြီး မီးရှို့တာပဲ၊ သူတို့က ရွာကို မီးရှို့ပြီး ပြန်ထွက်သွားတယ် ထင်လို့၊ လောင်နေတဲ့မီးကို ဝင်ငြှိမ်းလုပ်တဲ့ ရွာသားတွေကို လိုက်ပစ်လို့ ပြေးလွှားကြရသေးတယ်” ဟု သခွတ္တနယ်ကျေးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
ရွာကို မီးရှို့သည့် စစ်ကောင်စီတပ်ဖွဲ့က ရွာအပြင်ဘက်တွင် နေထိုင်ပြီး ဆိတ်မွေးမြူရေးလုပ်ကိုင်သည့် ရွာသားတစ်ဦးကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့၍ ဒဏ်ရာများ ရရှိခဲ့သေးကြောင်း ထိုသူ့ထံမှ သိရသည်။
“ရွာအပြင်မှာ၊ တောမှာ နေတာ၊ သူ့ဆိတ်တွေကို ပြန်သွင်းနေတဲ့အချိန်မှာ သူ့ကို စစ်သားတွေက ပစ်သွားတာ၊ နားရွက်တွေရော၊ လက်တွေရော၊ သေနတ်ငါးချက် မှန်သွားတယ်၊ အသက်တော့ မသေဘူး” ဟုလည်း ၎င်းက ဆိုသည်။
ဒေသခံတော်လှန်ရေးအင်အားစုများ ထုတ်ပြန်သည့် ကောင်းကင်ဓာတ်ပုံများအရ သခွတ္တနယ်ကျေးရွာမှ နေအိမ်အများအပြား မီးလောင်ခဲ့သည်ကို တွေ့ရသည်။ စစ်ကောင်စီက ပစ်၍ သေဆုံး၊ ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူ ရှိမရှိ၊ သေနတ်မှန်ခဲ့သည်ဆိုသော ရွာသား၏ ဒဏ်ရာအခြေအနေ စသည့် အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးပေ။ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
သခွတ္တနယ်ကျေးရွာကို ဝင်ရောက်ဖျက်ဆီးခဲ့သည့် စစ်ကြောင်းကို သုံးကြိမ်တိုက်ခိုက်ခဲ့သည် ဆိုသော ဘုတလင်မြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ တာဝန်ရှိသူက ထိုစစ်ကြောင်းသည် မီးသတ်သမားနှင့် ဝန်ထမ်းများကို လိုက်ရှာနေခြင်းဖြစ်ကြောင်း ပြောသည်။
ဘုတလင်မြို့နယ်အတွင်း ဝင်မွှေသည့် စစ်ကောင်စီတပ်ကြောင့် သခွတ္တနယ်၊ ဖိုလ်ကုန်း၊ ညောင်ကုန်း၊ ဆုံကုန်း၊ တောင်ကျင်း၊ ဇီးကုန်း၊ ဂွေးပင်ကျင်း၊ ညောင်ကန်၊ စိုင်ပြင်လေး၊ ရွာသာ၊ စသည့် ကျေးရွာများမှ ဒေသခံလူထုမှာ ကျေးရွာများကို စွန့်ခွာထွက်ပြေးနေရသည်ဟု အထက်ပါ သတင်းရင်းမြစ်များက ဆိုသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်များသည်လည်း ထိပ်တန်းမှ ပါဝင်နေသည်။ တစ်နိုင်ငံလုံးတွင် စစ်မျက်နှာများစွာဖွင့်ထားရသည့် စစ်ကောင်စီက လက်လုပ်လက်နက်များကို အားပြုတော်လှန်နေကြသည့် စစ်ကိုင်းတိုင်းကိုပင် လေကြောင်းသုံး၍ ပစ်ခတ် တိုက်ခိုက်နေရာ အရပ်သားထိခိုက်သေဆုံးမှုများ မြင့်တက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)