သတင်း

ဘုတလင်မြို့ မီးသတ်စခန်းကို PDF စီးနင်းပြီး မီးသတ်သမားများကို ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့လယ်ရှိ မီးသတ်စခန်းကို ဒေသခံကာကွယ်ရေးတပ်များက ယမန်နေ့ (သြဂုတ် ၇) နေ့လယ်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးအပါအဝင် စခန်းအတွင်းနေထိုင်သူ ၂၁ ဦးကို ဖမ်းဆီးလိုက်သည်။ 

အဖမ်းခံရသူများထဲတွင် မီးသတ်သမား ၁၁ ဦး၊ စခန်းအတွင်း ဝန်ထမ်းအိမ်ရာရှိ မိသားစုဝင် ၈ ဦး၊ အခြားဌာနဆိုင်ရာ ဝန်ထမ်း ၂ ဦး ပါဝင်သည်။

နေ့လယ် ၂ နာရီခွဲခန့်တွင် စတင်သည့် ၎င်းတို့၏ ဘုတလင်မြို့ပေါ် စစ်ဆင်ရေးမှာ ပစ်ခတ်မှုမရှိဘဲ အောင်မြင်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

မီးသတ်စခန်း စီးနင်းခံရပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များ ရောက်လာပြီး အနီးဝန်းကျင်ကို ပစ်ခတ်ကာ လမ်းသွားလမ်းလာများကို စစ်ဆေးခဲ့ကြောင်းလည်း Myanmar Now က အဆက်အသွယ်ရခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

ဘုတလင်မီးသတ်တပ်ဖွဲ့သည် အာဏာသိမ်းမှုဆန့်ကျင်သူတို့၏ နေအိမ်များကို ချိပ်ပိတ်ခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်း စသည့် စစ်တပ်၏ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည့်အပြင် မီးရှို့ခံရသောနေအိမ်များကို မီးငြှိမ်းသတ်ရန်နှင့် ကူညီကယ်ဆယ်ရန် ပျက်ကွက်သဖြင့် ဖမ်းဆီးအရေးယူရခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

“စစ်တပ်က မီးရှို့တာတောင်မှ မြို့ပေါ်တင် ရှို့တဲ့မီးတောင်မှ တော်တော်နဲ့ လာငြှိမ်းသတ်ရဲတာမှတ်လို့။ စစ်တပ်ခိုင်းမှသာလျှင် လုပ်တာမလို့ စစ်တပ်ဒေါက်တိုင်ပဲလေ။ တကယ်လို့သာ သူတို့မှာ စိတ်ကောင်း၊ စေတနာကောင်း ရှိမယ်ဆိုရင် ကျေးရွာတွေ မီးရှို့နေတာ ထွက်ငြှိမ်းလှည့်လေ” ဟု ၎င်းက ဆိုသည်။

တော်လှန်ရေးအဖွဲ့များ မီးသတ်စခန်းကို စီးနင်းခြင်း၊ မီးသတ်သမားများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းတို့မှာ အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်သည့် လှုပ်ရှားမှုအတွင်း ပထမဆုံးအကြိမ် ပေါ်ပေါက်လာသည့် ဆောင်ရွက်မှု ဖြစ်သည်။

မီးသတ်သမား မိသားစုဝင်များကို မည်သို့ ထိန်းသိမ်းထားကြောင်း မသိရသေးပေ။

မီးသတ်ဌာနသည် စစ်အစိုးရလက်ထက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်တွင် ရှိခဲ့သည်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင်မူ ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက် ရွေးချယ်သည့် ပြည်ထဲရေးဝန်ကြီး၏ တိုက်ရိုက်ကွပ်ကဲမှုအောက်သို့ ရောက်သွားသည်။

စစ်ကောင်စီ၏ အခိုင်အမာအခြေစိုက်စခန်းများရှိသည့် စစ်ကိုင်းတိုင်း မုံရွာမြို့မှ မော်တော်ကားဖြင့် သွားပါက ၁ နာရီခန့်သာ ကွာဝေးသည့် ဘုတလင်မြို့သည် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ အားကောင်းရာနေရာဖြစ်သည်။

ဘုတလင်အပါအဝင် စစ်ကိုင်းမှ ကျေးရွာများသည် စစ်ကောင်စီတပ်များ၏ မီးတင်ရှို့ခြင်းကို မကြာခဏ ခံနေရသည်။

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတစ်ဝန်း နေအိမ်ပေါင်း ၆၀၄၅၉ လုံး ပြာကျခဲ့ရသည့်အနက် ၈၀ ရာခိုင်နှုန်းနီးပါးမှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း အရပ်ဘက် အချက်အလက်ကောက်ယူရေးအဖွဲ့ Data for Myanmar အဖွဲ့က ၂၀၂၃ မတ် ၂၀ တွင် ထုတ်ပြန်ထားသည်။

ယခုနှစ် မတ်လ ၂၅ ရက်က ဘုတလင်မြို့နယ်ရှိ ဆုံကုန်းရွာရှိ နေအိမ် ၁၈၀ ခန့်၊ ဧပြီ ၇ ရက်က ယုန်လှေးကုန်းရွာသစ်၊ တရော်တောရွာနှင့် ကုက္ကိုစုရွာများရှိ နေအိမ် ၈၀ ခန့်တို့ကို စစ်ကောင်စီတပ်များက မီးတင်ရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဘုတလင် ကျေးလက်ဒေသတွင် ဖွင့်ထားသော ကျောင်းသားသမဂ္ဂရုံးခန်းတစ်ခုကို စစ်တပ်က စီးနင်းပြီး လူငယ်တချို့ကို သတ်ဖြတ်မှု မကြာသေးမီက ပေါ်ပေါက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button