စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ဆုံကုန်းရွာကို ယခုလ ၂၅ ရက်တွင် စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးစဉ် မျက်စိမမြင်သူနှင့် ကျန်းမာရေးမကောင်းသဖြင့် ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေသည့် အသက် ၈၀ အရွယ်များ အပါအဝင် ၇ ဦး သေဆုံးခဲ့သည်။
ဘုတလင်မြို့တောင်ဘက် ငါးမိုင်ခန့်အကွာရှိ ဆုံကုန်းရွာကို အင်အား ၅၀ နီးပါးရှိ စစ်ကြောင်းက နံနက် ၈ နာရီခန့်တွင် စီးနင်းမီးရှို့ခဲ့ခြင်းဖြစ်ပြီး သက်ကြီးရွယ်အို အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၆ ဦး နေအိမ်များအတွင်း ပိတ်မိကာ သေဆုံးခဲ့သည်ဟု ဒေသခံနှစ်ဦးက အတည်ပြုသည်။
သေဆုံးသူများမှာ အသက် ၈၀ အရွယ်များဖြစ်သည့် ဦးဂျပန်ကြီး (ခ) ဦးကြည်မြင့်၊ ဒေါ်ခွေးမ၊ ဒေါ်ခင်မြင့်၊ ဒေါ်တင်အိ၊ အသက် ၇၅ နှစ်အရွယ်ရှိ ဒေါ်ပြည့်နှင့် ဒေါ်ကြည်အောင်၊ အသက် ၅၀ အရွယ် ဒေါ်စန်းမြင့်တို့ ဖြစ်သည်ဟု သိရသည်။
မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးသဖြင့် သေဆုံးသူများ၏ ကျန်းမာရေးအခြေအနေ၊ ဖြစ်စဉ်တို့နှင့် ပတ်သက်၍ အသေးစိတ် မသိရပေ။
“ဗြုန်းဒိုင်းဆို ဝင်လာတော့ ကိုယ့်အသက်ကို လွတ်အောင် ပြေးကြရတာလေ။ ထုတ်လို့ရသလောက်တော့ ထုတ်တယ်။ မနက်စောစောစီးစီး ဝင်လိုက်တာဆိုတော့ ဝုန်းဝုန်းဒိုင်းဒိုင်းဖြစ်သွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဘုတလင်မြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဆုံကုန်းရွာကို စစ်တပ်က သုံးနာရီကြာ စီးနင်းမီးရှို့ခဲ့ရာ အိမ်ခြေ ၃၀၀ ကျော်ရှိသည့်အနက် ၁၈၀ ခန့် မီးလောင်ပြာကျခဲ့ရပြီး နွား ၂၁ ကောင်လည်း သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တို့က ဆိုသည်။
“မီးက ရည်ရွယ်ချက်ရှိရှိ ရှို့သွားတာ။ ပိုက်စိပ်တိုက်ပြီး ရှို့သွားတာ။ မြောက်လေတိုက်တာဆိုတော့ တော်တော်ပါသွားတာ။ ကွက်သစ် (တိုးချဲ့ထားတဲ့ နေအိမ်တွေ) လောက်ပဲ ကျန်တယ်။ ရုပ်အလောင်းတွေက အိမ်တွေထဲမှာ တွေ့ ရတာ။ အိမ်တွေက အုတ်တွေ ဘာတွေ ပြိုကျပြီး ပိနေတော့ အဲဒါတွေ ဖော်ရတာ” ဟု နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဆုံကုန်းရွာကို မီးဝင်ရှို့သည့် စစ်ကြောင်းမှာ တောင်ဘက် မိုင် ၂၀ ကျော်အကွာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ယခုလ ၂၄ ရက်တွင် ထွက်ခွာလာခြင်းဖြစ်ကာ ဘုတလင်မရောက်မီ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်ခြင်း ခံရပြီးနောက် ဆုံကုန်းရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ခြင်းဖြစ်သည်။
ထိုစစ်ကြောင်းမှာ ရန်ကုန်တိုင်း၊ ထောက်ကြန့်အခြေစိုက် တပ်မ ၁၁ မှ ဖြစ်ကြောင်း၊ မတ် ၂၅ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်တွင် ဆုံကုန်းရွာမှ ပြန်ထွက်ကာ ဘုတလင်မြို့နယ်ဘက်နှင့် ထိစပ်နေသော ဒီပဲယင်းမြို့နယ် စိုင်ပြင်ရွာဘက်တို့သို့ စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ထွက်ခွာသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့များကို ကိုးကား၍ အထက်ပါ သတင်းရင်းမြစ်တို့က ပြောသည်။
စစ်ကြောင်းဝင်ပြီး နှစ်ရက်အကြာအထိ (မတ် ၂၇) အထိ ဒေသခံအများစု အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း အထက်ပါ သတင်းရင်းမြစ်တို့က ဆိုသည်။ အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
အာဏာသိမ်းကာလ နှစ်နှစ်ပြည့်ချိန် ဖေဖော်ဝါရီ ၁ ရက်တွင် လက်နက်ကိုင်ခုခံမှု အရှိန်ကောင်းရာ နိုင်ငံတစ်ဝန်းမှ မြို့နယ် ၄၀ ကို စစ်အုပ်ချုပ်ရေး ထပ်မံကြေညာရာ စစ်ကိုင်းတိုင်းမှ ၁၄ မြို့နယ် ပါဝင်သည်။
ထိုသို့ စစ်အုပ်ချုပ်ရေးကြေညာသည့်ထဲတွင် ပါဝင်သည့် မြို့နယ်များအပြင် ဘုတလင်ကဲ့သို့ စစ်အုပ်ချုပ်ရေးသတ်မှတ်ထားခြင်းမရှိသော ဒေသများ၌ပင် စစ်ကောင်စီက စစ်ဆင်ရေးအရှိန် မြှင့်တင်နေသည်။
စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတစ်ဝန်း နေအိမ်ပေါင်း ၆၀၄၅၉ လုံး ပြာကျခဲ့ရသည့်အနက် ၈၀ ရာခိုင်နှုန်းနီးပါးမှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း အရပ်ဘက် အချက်အလက်ကောက်ယူရေးအဖွဲ့ Data for Myanmar အဖွဲ့က မတ် ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)