စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့တွင် မီးသတ်သမားများ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရပြီးနောက် အာဏာသိမ်းတပ်က မြို့မြောက်ဘက် ကျေးရွာများကို ယနေ့ (ဩဂုတ် ၁၀) ရက် နံနက်မှစတင်၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာရာ ဒေသခံ ရာနှင့်ချီ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။
ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရွာမှ ထွက်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်း၊ ဘုတလင်မြို့နယ် ကူတော်ရွာမှ ထွက်လာသည့် အင်အား ၇၀ ပါ စစ်ကြောင်းတို့ ပူးပေါင်းပြီး ဘုတလင်မြို့ မြောက်ခြမ်းကို စစ်ကြောင်းထိုးလာသည်။
စစ်တပ်ရန်ကြောင့် မုံရွာ-ရေဦးကားလမ်းနှင့် မီးရထားလမ်းကြား ကျေးရွာများဖြစ်ကြသည့် ကင်းစမ်း၊ ကြိုကုန်း၊ အုတ်ဖို၊ ဆင်ရန်၊ ရဲထွက်၊ ငပုရင်း စသည့် ကျေးရွာများမှ ဒေသခံများ နေရပ်စွန့်ခွာသွားရသည်။
ထိုစစ်ကြောင်းနှစ်ခုသည် ဘုတလင်မြို့ မြောက်ဘက် ၁၂ မိုင်ခန့်အကွာရှိ ကင်းစမ်းရွာတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ပူးပေါင်းမိသွားပြီး ရွာစာသင်ကျောင်းတွင် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။
“စိုင်ပြင်ဘက်က တစ်ကြောင်းထိုးလာပြီးတော့ နှစ်ဖွဲ့ပေါင်းသွားပြီးတော့ အင်အား တော်တော်ကြီးပြီးတော့ မီးသတ်ကို ကွင်းနင်းရှာမယ့်သဘောရှိတယ်” ဟု ကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
ဩဂုတ် ၆ နေ့လယ်ပိုင်းက ဘုတလင်မြို့လယ်ရှိ မီးသတ်စခန်းကို ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းပြီး မီးသတ်ဦးစီးမှူးအပါအဝင် အဖွဲ့ဝင် ၁၁ ဦး၊ စခန်းအတွင်း ဝန်ထမ်းအိမ်ရာရှိ မိသားစုဝင် ၈ ဦး၊ အခြားဌာနဆိုင်ရာဝန်ထမ်း ၂ ဦးတို့ကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ဘုတလင်မီးသတ်အဖွဲ့ဝင်များကဲ့သို့ပင် ဒေသအသီးသီးရှိ မီးသတ်သမားများသည် စစ်ကောင်စီတပ်၏ လမ်းမများပေါ် စစ်ဆေးမှု၊ ဖမ်းဆီးမှုများတွင် ပါဝင်ကူညီနေကြသည်။
အားလုံးကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အပြစ်ရှိသူများကို တရားစွဲဆိုနိုင်ရန် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သည့် အထက်ပါဒေသခံက ပြောသည်။
လူသားဒိုင်းကာ ဓားစာခံ
ဘုတလင်မြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရွာမှ ယနေ့ နံနက်ပိုင်း ထွက်လာသည့် စစ်ကြောင်းတွင် အရပ်သား ၃၀ နီးပါး လူသားဒိုင်းကာအဖြစ် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ပြောက်ကျားတိုက်ခိုက်ခံရမည့် စစ်ကောင်စီတပ်က အကာအကွယ်ရစေရန် အရပ်သားများကို ခေါ်ထားလေ့ရှိသည်။
ယနေ့ ဓားစာခံဖြစ်သွားသူများသည် စစ်ကောင်စီတပ်၏ ရန်ကို လျှော့တွက်ခဲ့ဖွယ်ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“စိုင်ပြင်မြို့ထဲကနေ ဖမ်းလာတဲ့ ဓားစာခံတွေ။ လူလတ်ပိုင်းတွေ များတယ်။ စိုင်ပြင်ထဲမှာ တချို့က သူတို့ကို မလုပ်လောက်ဘူးဆိုပြီး နေခဲ့တဲ့ ပုဂ္ဂိုလ်တွေပေါ့။ စိုင်ပြင်မြို့ထဲမှာ နေရင်း သွားရင်းလာရင်းနဲ့ တွေ့တဲ့သူတွေကို ဖမ်းဆီးလာတာလို့ သတင်းရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ ဒေသခံက ပြောသည်။
ဘုတလင်ကို စစ်ကြောင်းထိုးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တည်ရှိရာ မုံရွာမြို့အနီးရှိ ဘုတလင်မြို့နယ်သည် ကာကွယ်ရေးအဖွဲ့များ လက်နက်ကိုင်ခုခံမှု အားကောင်းရာမြို့နယ်ဖြစ်သည်။
ဘုတလင်မြို့ပေါ်တွင် စစ်တပ်က တပ်စွဲထားပြီးနောက် မြို့နယ်အတွင်း ကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးလျက်ရှိရာ ပြီးခဲ့သည့်လကုန်က ညောင်ကန်ရွာရှိ ကျောင်းသားသမဂ္ဂရုံးခန်းကို ဝင်ရောက်စီးနင်းပြီး ကျောင်းသားခေါင်းဆောင် ၃ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့သည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ဇူလိုင်လကုန်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၁.၆ သန်းကျော် ရှိကြောင်း၊ ထိုအထဲတွင် စစ်ကိုင်းတိုင်းမှ ရှစ်သိန်းကျော် ပါဝင်ကြောင်း သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)