သတင်း

စစ်ဆေးရေးဂိတ် ဆောက်မည့်နေရာကို ကန့်ကွက်သူ သုံးဦး ရာဘာကျည်ဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်းအစိုးရက ပုလဲမြို့ မြကုန်းကျေးရွာအနီး စစ်ဆေးရေးဂိတ်တစ်ခု တည်ဆောက်ရန် စီစဉ်နေခြင်းကို ယနေ့မနက်က ဒေသခံများ သွားရောက်ကန့်ကွက်ကြစဉ် ရဲတပ်ဖွဲ့နှင့် အချင်းများပြီး ဒေသခံ သုံးဦး ရာဘာကျည်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ 

ရာဘာကျည်ဖြင့် ပစ်ခတ်ခံခဲ့ရသူ သုံးဦးအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံ၌ ကုသမှုခံယူနေပြီး ကျန်နှစ်ဦးမှာ ပွန်းပဲ့ရုံသာ ဖြစ်သည်ဟု ပစ်ခတ်ခံခဲ့ရသည့် ဒေသခံ ကိုဇော်သန်းဦးက ပြောသည်။ 

“ကျွန်တော် ငါးချက် အပစ်ခံရတယ်၊ ခါးစပ် တစ်ချက်၊ ခြေဖမိုး၊ ညို့သကျည်း၊ ဆီးအိုးနားရယ်၊ ဒူးရယ်။ မသက်သာလို့ ဆေးရုံ ဆင်းခွင့်မရပါဘူး။ နှစ်ဦးကတော့ ပွန်းရုံပဲ့ရုံမို့ ဆေးထည့်ပြီး ဆင်းခွင့်ရတယ်” ဟု ကိုဇော်သန်းဦးက ပြောသည်။ 

စစ်ဆေးရေးဂိတ် တည်ဆောက်မည့်နေရာ၌ ဌာနဆိုင်ရာအဖွဲ့အစည်းများက လုပ်ငန်းဆောင်ရွက်နေစဉ် ဒေသခံ ၂ဝဝ ခန့်က သွားရောက်ကန့်ကွက်ခဲ့ရာ အချင်းများပြီး ဝါးနှစ်ပြန်ခန့် အကွာအဝေးမှ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“သူတို့ (ရဲတွေ) က ရွာသားတွေ လာကန့်ကွက်လို့ မရအောင် ဒိုင်းတွေကာပြီး လုံခြုံရေး ပေးထားတယ်။ ကျွန်တော်တို့က တက်လာတော့ ဝါးနှစ်ပြန်လောက်မှာ ပစ်ခံရတာပဲ” ဟု ကိုဇော်သန်းဦးက ပြောသည်။ 

အဆိုပါ စစ်ဆေးဂိတ် တည်ဆောက်မည့်နေရာသည် ဒေသခံများ စိုက်ပျိုးလုပ်ကိုင်နေသည့် ကျေးရွာပိုင်မြေနေရာဖြစ်ခြင်းနှင့် ဆောက်လုပ်ရေးအတွက် ရွာအနီး သစ်ပင်များခုတ်လှဲရမည်ဖြစ်သဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သို့သော် ယင်းနေရာသည် မူးယစ်ဆေး၊ တရားမဝင်သစ်နှင့် မှောင်ခိုကုန်စည်များ အတားအဆီးမဲ့ ဖြတ်သန်းသယ်ဆောင်ရာလမ်းကြောင်း ဖြစ်နေခြင်းကြောင့် စစ်ဆေးရေးဂိတ် တည်ဆောက်ရန် လိုအပ်သည်ဟု ပုလဲမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က Myanmar Now ကို ပြောသည်။

“ကလေး-တမူး ဘက်ကလာတဲ့ ကုန်စည်တွေက အတားအဆီး မရှိဘူး။ မှောင်ခိုတွေ ပါတယ်။ မူးယစ်ဆေးတွေ ပါတယ်။ ဒီဂိတ် တည်ဆောက်လိုက်ရင် ဒါတွေကို ထိန်းချုပ်နိုင်မယ်” ဟု ၎င်းက ပြောသည်။

လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကို ဒေသခံရွာသားများက ဝင်ရောက်လုံးထွေးကာ သေနတ်လုသည့်အတွက် ရာဘာကျည်ဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ကန့်ကွက်သူ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရခြင်း ဖြစ်သည်ဟုလည်း ဦးဇော်ထက်က ပြောသည်။ 

ထိုသို့ ဖြစ်ပွားပြီးနောက် ဒေသခံ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး လေးဦးကို ရဲတပ်ဖွဲ့က ခေတ္တ ဖမ်းဆီးထိန်းသိမ်းခဲ့သော်လည်း ယခုအခါ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း၊ ဆောက်လုပ်နေသည့်နေရာနှင့် ပတ်သက်ပြီး ညှိနှိုင်းမှု ဆက်လက်ပြုလုပ်မည်ဟု မြကုန်းကျေးရွာတာဝန်ခံ ကိုသန်းဇော်က ပြောသည်။ 

အဆိုပါမြေနေရာ၌ ဒေသခံများ စိုက်ပျိုးလုပ်ကိုင်နေသည်မှာ ကြာမြင့်ပြီဖြစ်သောကြောင့် ကျေးရွာပိုင်မြေဟု သတ်မှတ်ထားသော်လည်း အာဏာပိုင်များက အစိုးရပိုင်စီမံခန့်ခွဲမှုမြေနေရာဖြစ်သည်ဟု ဆိုသည့်အတွက် အငြင်းပွားနေခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

မြကုန်းကျေးရွာအနီး စစ်ဆေးရေးဂိတ်ဆောက်လုပ်ရန် ဇွန်လတွင် စတင်ပြင်ဆင်ခဲ့ပြီး ဆောက်လုပ်သည့်နေရာနှင့် ပတ်သက်၍ ဒေသခံများ ကန့်ကွက်နေသည်မှာ နှစ်ပတ်ခန့် ကြာမြင့်ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ပြေလည်မှု မရရှိသေးပါ။ 

Show More

Related Articles

Back to top button