နိုင်ငံအလယ်ပိုင်းမြို့တော် မန္တလေး၏ မြောက်ဘက် မိုင် ၃၀ ဝန်းကျင်သာ ကွာသည့် နေရာတွင်ရှိသော ဧရာဝတီမြစ် အရှေ့ဘက်ကမ်း မတ္တရာနယ်မှ စကျင်ရွာသို့ စစ်ကောင်စီက ရုတ်တရက် ဝင်ရောက်စီးနင်းသဖြင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများပါ ထွက်ပြေးတိမ်းရှောင်နေရသည်။
မြစ်အနောက်ဘက်ကမ်း ဝက်လက်နယ်တွင် လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော တောကြီးမြွေပွေးတပ်ဖွဲ့ စကျင်ရွာတွင် ဈေးဝယ်သည့် ရုပ်သံဖိုင်တစ်ခု Facebook တွင် ပျံ့နှံ့ခဲ့ပြီး နောက်တစ်ရက် ဩဂုတ် ၆ ရက် နံနက် ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်က ထိုရွာသို့ စစ်သုံးထရပ်ကား ၇ စီးဖြင့် ရုတ်တရက် ရောက်လာခဲ့ခြင်းဖြစ်သည်။
“မနက်အစောကြီး ရွာကို ပိတ်ဆို့ပြီး ဝင်လာတယ်။ လက်နက်ကြီး ၇ လုံး ရမ်းသန်းပစ်တယ်။ တလိုင်းရွာမှာ ၂ လုံးကျတယ်။ မြစ်တစ်ဖက်ကမ်းမှာ ၂ လုံးကျတယ်။ ရေထဲမှာ ၂ လုံးကျတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ မတ္တရာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီက မြေပြင်စစ်ကြောင်းအပြင် ဧရာဝတီမြစ်အတွင်း၌ပါ ရေယာဉ်များဖြင့် လှည့်လည်နေကြောင်း၊ စကျင်ရွာနှင့် ရွာနီးချုပ်စပ်ဖြစ်သော ဝန်စု၊ ကျည်ကုန်း၊ တလိုင်း၊ ကူးတို့ဆိပ်၊ ထိန်ပင်၊ ရွာသစ်၊ ဝေါ၊ ဟင်္သာ၊ ပုသိမ် စသည့် ရွာပေါင်း ၁၀ ရွာမှ ဒေသခံများ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရကြောင်း ၎င်းက ဆက်ပြောသည်။
“ရေကတိုး(တက်)၊ မိုးကရွာနဲ့ ဟိုရွာပြေးကပ်လိုက်၊ ဒီရွာပြေးကပ်လိုက်ရနဲ့ ဒုက္ခတော်တော်ရောက်ကြတယ်” ဟု ၎င်းက ပြောသည်။
အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိ စကျင်ရွာကြီးနှင့် အနီးဝန်းကျင်တွင် ဖြစ်ပျက်နေသည့် အသေးစိတ်အခြေအနေများကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်တွင် တည်ထားသည့် မာရဝိဇယဆင်းတုအတွက် လိုအပ်သော စကျင်ကျောက်တုံးများကို စကျင်ရွာမှ ယူသည်။
ထိုသို့ ဘုရားအတွက် ကျောက်ထုတ်ယူသည့် စကျင်ရွာသို့ ဈေးဝယ်ထွက်စဉ် မည်သည့်အနှောင့်အယှက်မျှ မကြုံခဲ့ရကြောင်း တောကြီးမြွေပွေးအဖွဲ့ခေါင်းဆောင်က Facebook တွင် ရေးသားခဲ့ပြီးနောက် စစ်ကောင်စီက ထိုဒေသတွင်း၌ စစ်ရေးလှုပ်ရှားနေသည်။
“သူတို့တစ်ဦးတစ်ဖွဲ့ ခုလိုလုပ်သွားတာ။ ရွာခံတွေက ခံနေရတယ်။ ဒေသခံ (တော်လှန်ရေး) အဖွဲ့တွေကို အကြောင်းကြားခြင်းလည်း မရှိဘူးလို့ ကြားရတယ်။ နယ်ကျော်ပြီး ခုလိုလာလုပ်သွားတာ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ ၎င်းတို့၏ စစ်ဆင်ရေးအတွင်း တောကြီးမြွေပွေးအဖွဲ့မှ ၃ ဦးသေ၊ ၂ ဦးကို ဖမ်းမိသည်ဟု ဓာတ်ပုံများ ထုတ်ပြန်ကာ ရေးသားထားသည်။
ဒေသခံ၏ ဝေဖန်မှု၊ စစ်ကောင်စီဝါဒဖြန့်သူများ၏ ထုတ်ပြန်မှုများနှင့် ပတ်သက်၍ တောကြီးမြွေပွေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။
ဇွန်လဆန်းကလည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ဆားတောင်မြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မြင်းခြံခရိုင်တပ်ရင်း ၇၊ ဇီးရိုးပြောက်ကျားတပ်ဖွဲ့ ဈေးဝယ်ထွက်စဉ်ကလည်း စစ်ကောင်စီက ဒေသခံများကို ရန်ရှာခဲ့ရာ ဆားတောင်မြို့နှင့် အနီးဝန်းကျင်မှ အိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ခဲ့ရပြီး ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများနှင့် ဒေသခံအချို့ အသက်ဆုံးခဲ့ရဖူးသည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ မန္တလေးတိုင်း မတ္တရာနယ်နှင့် ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းအတွင်းမှ ဝက်လက်ကဲ့သို့သော မြို့နယ်များလည်း ထင်ရှားစွာပါဝင်သည်။
တိုက်ပွဲများ ဆက်တိုက် ဖြစ်ပေါ်လာသည့် နိုင်ငံအလယ်ပိုင်းဒေသသည် အာဏာသိမ်းတပ်အတွက်သာမက တော်လှန်ရေးတပ်ဖွဲ့များအတွက်ပါ ဗျူဟာကျသည့် စစ်မြေပြင်ဖြစ်လာသည်။ တော်လှန်ရေးအဖွဲ့များက မန္တလေးမြို့အနီးဝန်းကျင်ရှိ ပြင်ဦးလွင်၊ မိုးကုတ်၊ နောင်ချိုကဲ့သို့သော မြို့များအနီးအထိပါ စစ်ရေးဖြန့်ကြက်လာနေကြသည်။
စစ်ကောင်စီက မန္တလေးမြို့နှင့် အနီးဝန်းကျင်ကို ထိန်းချုပ်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် အစဉ်တစိုက်ကြိုးပမ်းနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)