သတင်း

ဆားတောင်မြို့တွင် PDF များ လူလုံးထွက်ပြပြီးနောက် တိုက်ပွဲပြင်းထန်လာ

မန္တလေးတစ်ဖက်ကမ်း စစ်ကိုင်းမြို့အနီး ဆားတောင်မြို့ပေါ်သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လူလုံးထွက်ပြသွားလာပြီးနောက် စစ်ကောင်စီက လူအင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာရာ တိုက်ပွဲများ ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

စစ်ကိုင်းမြို့နှင့် မိုင် ၃၀ ခန့်အကွာရှိ ဆားတောင်မြို့ပေါ်တွင် မြင်းခြံခရိုင်တပ်ရင်း (၇) ဇီးရိုးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ လက်နက်အပြည့်အစုံဖြင့် ဇွန် ၆ ရက်က သွားလာနေသည့် ရုပ်သံမှတ်တမ်းကို ဇွန် ၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး နောက်တစ်နေ့မှ စတင်ကာ အနီးဝန်းကျင် ကျေးရွာများကို စစ်ကောင်စီ တပ်မ (၃၃) က စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ဆားတောင်မြို့နှင့် ကပ်လျက်ရှိသည့် သာဇင်ရွာကို ဇွန် ၁၃ ရက်တွင် စတင်စစ်ကြောင်းထိုးသည်၊ ၁၃ ရက်နေ့တွင် သာဇင်ကျေးရွာ၊ ၁၄ ရက်တွင် အိုင်းဓမ္မနှင့် အင်းစရွာ၊ ၁၅ ရက် မနက်ပိုင်းတွင် ပေါက်မရွာတို့ကို ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး ကာကွယ်ရေးအဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့သည်ဟု မြင်းခြံခရိုင်တပ်ရင်း (၇) ဇီးရိုးပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူး ကိုသက်ကြီးက Myanmar Now ကို ပြောသည်။

“(စစ်ကောင်စီဘက်က) အင်အားများတဲ့အခါကျတော့ ထိပ်တိုက်ရင်ဆိုင်လို့မရတဲ့အခါကျတော့ သူတို့ နဂါးပတ်လာတဲ့စစ်ကြောင်းကို ကျွန်တော်တို့က ပြန်ပတ်ပြီးတော့ ကြားထဲက တိုက်ရတာ။ အင်အား ၁၇၀၊ ၂၀၀ လောက်ရှိတဲ့ စစ်ကြောင်းကို တိုက်ရတော့ ချုံခိုပြီး တိုက်ရတဲ့သဘောပေါ့” ဟု ၎င်းက ဆိုသည်။

၃ ရက်ဆက် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်တွင် ဆယ်ဂဏန်းအထိ ထိခိုက်ကျဆုံးမှုများရှိသလို မြင်းခြံခရိုင်တပ်ရင်း (၇) မှ တပ်ဖွဲ့ဝင်လေးဦး ထိခိုက်ဒဏ်ရာရသည်ဟု ကိုသက်ကြီးက ပြောသည်။

ဆားတောင်မြို့ပေါ်တွင် နယ်မြေစိုးမိုးနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လူလုံးထွက်ပြပြီး နောက်တစ်နေ့ စစ်ကောင်စီတပ် ရောက်လာခြင်းမှာ တိုက်ဆိုင်မှု ဖြစ်သည်ဟုလည်း သူက ဆိုသည်။

“ဒီလိုမလုပ်လဲ သူတို့ကတော့ စစ်ကြောင်းက ထိုးနေကျပုံစံပေါ့ဗျာ။ ဒါကတော့ တိုက်ဆိုင်သွားတယ်ဆိုတဲ့ သဘောလို့ ပြောလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ဖြန့်ဝင်လာရာ တစ်ကြောင်းကို ယနေ့မနက် ၁၁ နာရီခန့်က ပေါက်မရွာအနီး ကာကွယ်ရေးအဖွဲ့များက တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခဲယမ်းအားနည်းလာ၍ ပြန်ဆုတ်လာရကြောင်း ပူးပေါင်းတိုက်ခိုက်ခဲ့သည့် စစ်ကိုင်းခရိုင်တပ်ရင်း (၁) တပ်ရင်းမှူး ဗိုလ်ယက္ခက ပြောသည်။

“စစ်ကောင်စီလို စက်ရုံတွေမရှိတော့ ကျွန်တော်တို့က ခဲယမ်းရှားပါတယ်ဗျာ။ ထိတွေ့မှုဖြစ်နေစဉ်မှာပဲ ကျွန်တော်တို့ ကျည်အားနည်းသွားတဲ့အတွက်ကြောင့် ကျွန်တော်တို့ ပြန်ဆုတ်ခဲ့တယ်ပေါ့။ ပြန်ဆုတ်ပြီး လက်လုပ်အဝေးပစ်ပေါ့။ ကျွန်တော်တို့မှာ အားသာတာဆိုလို့ အဲ့ဒါပဲရှိတာ။ အခုတော့ အဝေးပစ်တွေနဲ့ ပြန်ပစ်နေတာ” ဟု ယနေ့မွန်လွဲပိုင်းတွင် ပြောသည်။

ကာကွယ်ရေးအဖွဲ့ဝင်များ ဆားတောင်မြို့ပေါ်တွင် သွားလာသည့်ရုပ်သံကြောင့် စစ်ကောင်စီတပ်က ဂုဏ်သိက္ခာဆယ်ရန် စစ်ကြောင်းထိုးခြင်းဖြစ်နိုင်ကြောင်း၊ ပေါက်မရွာမှ မည်သည့်ဘက်သို့ ဦးတည်မည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။ 

စစ်ကိုင်းအခြေစိုက် တပ်မ (၃၃) တွင် မန္တလေးတိုင်းဘက်မှ အင်အားထပ်ဖြည့်နေသည်ဟု သတင်းရကြောင်း၊ စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်ကို စစ်ရေးလှုပ်ရှားမှု ထပ်မြှင့်နိုင်ကြောင်း ၎င်းက ဆိုသည်။

ဇွန် ၁၂ ညပိုင်း ဆားတောင်မြို့ပေါ်သို့ စစ်ကြောင်းရောက်သည်နှင့် အနီးအနားရွာများမှ ဒေသခံတို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို မီးရှို့နေကြောင်း စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်တွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် Peope Servant Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုစစ်ကြောင်းသည် စစ်တပ်အထိုင်စခန်းရှိရာ ဝက်လက်မြို့နယ်‌ ရွှေပန်းကုန်းနှင့် ရွာသာကြီးဘက်ကို ဆက်လက်ဦးတည်စစ်ကြောင်းထိုးဖွယ်ရှိသည်ဟု ၎င်းက ယူဆနေသည်။

စစ်ကိုင်းမြို့နယ်တွင် စစ်ကြောင်းဝင်စဉ် သာဇင်ရွာမှ နေအိမ် ၆၀၀ ခန့်၊ အင်းဓမ္မမှ ၆ လုံး၊ အင်းစနှင့် ပေါက်မကျေးရွာတို့ကို မီးတင်ရှို့ခဲ့ကြောင်း People Servant Force အဖွဲ့ဝင်နှင့် စစ်ကိုင်းမြို့ခံတစ်ဦးက ဆိုသည်။

ဇွန် ၁၃ ရက်နေ့က သာဇင်ရွာကို စစ်ကြောင်းဝင်စဉ် ကျေးရွာမှ အသက် ၆၀ ကျော်အရွယ် ဒေါ်သန်းမြ သတ်ဖြတ်ခံခဲ့ရပြီး ပိတ်မိနေသည့် ဒေသခံ ၄၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း၊ ညနေပိုင်းတွင် အမျိုးသမီးအချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အခြားသူများကို ဆက်လက်ဖမ်းဆီးထားကြောင်း ပြောသည်။

“ဒီမနက် ပေါက်မ တောင်ရွာနဲ့ မြောက်ရွာကြား နှစ်ဖွဲ့ ခွဲဝင်တယ်။ ပေါက်မမြောက်ရွာကတော့ ရွာလုံးကျွတ် အရှို့ခံရတယ်လို့ ကနဦးသိရတယ်။ တိုက်ပွဲတွေ ဖြစ်နေဆဲပါ။ နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

သာဇင်ရွာမှ သတ်ဖြတ်ခံရသူ ဒေါ်သန်းမြသည် စိတ်ဝေဒနာသည်တစ်ဦးဖြစ်ကြောင်း၊ ဖမ်းဆီးသွားသည့် ဓားစာခံများကို လက်ရှိအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိကြောင်း စစ်ကိုင်းဒေသခံက ဆိုသည်။

နိုင်ငံအလယ်ပိုင်းမြို့တော် မန္တလေးမြို့အနောက်ဘက်နှင့် ကပ်လျက်ရှိသည့် စစ်ကိုင်းမြို့နယ်သည် စစ်ကောင်စီကို ခုခံသည့် တော်လှန်ရေးအဖွဲ့များ လှုပ်ရှားမှုအားကောင်းပြီး စစ်ကောင်စီတပ်ကလည်း မကြာခဏ စစ်ကြောင်းထိုးကာ ကျေးရွာများကို စီးနင်း မီးရှို့နေသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ စစ်မျက်နှာများစွာဖွင့်ထားရသည့် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်၊ ၎င်းတို့ကို ထောက်ခံသည့် အရပ်သားများကို လက်နက်တပ်ဆင်သော နည်းလမ်းများကို အားပြုကာ ခုခံမှုများကို တုံ့ပြန်နေသည်။

၂၀၂၃ ဖေဖော်ဝါရီ ၂၈ အထိ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူနေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်တွင် အများဆုံးဖြစ်ကြောင်း မီးရှို့ခံရမှုအကြောင်း စာရင်းပြုစုနေသည့် Data For Myanmar အဖွဲ့၏ အချက်လက်များအရ သိရသည်။

စစ်ကောင်စီက တိုက်ပွဲအခြေအနေ၊ ရွာမီးရှို့မှုများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button