သတင်း

မူဆယ်တွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲပြင်းထန်၊ ကုန်ကားများ အသွားအလာရပ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတို့ ယနေ့ (သြဂုတ် ၂) မွန်းတည့် ၁၂ နာရီခန့်မှ စတင်ပြီး တိုက်ပွဲဖြစ်ပွားရာ မူဆယ်နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အကြား ယာဉ်အသွားအလာများ ရပ်တန့်သွားခဲ့သည်။

မြန်မာ-တရုတ် နယ်စပ်မြို့ မူဆယ်မှ စစ်ဆင်ရေးထွက်လာသော ယာဉ် ၁၀ စီးခန့်ပါသည့် စစ်ယာဉ်တန်းကို မူဆယ်နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အကြား အောက်တုန်ခန်ကျေးရွာအနီး TNLA တပ်များက မိုင်းထောင်ဖောက်ခွဲကာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီဘက်က မူဆယ်မြို့မ (၂) ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ဝင်များလည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ပြည်သူ့စစ် ၂ ဦး သေဆုံးသည်ဟု ကနဦးသတင်းရရှိသည်။  

မူဆယ်အခြေစိုက် စစ်ကောင်စီတပ်များသည် TNLA နှင့် တိုက်ခိုက်ရာတွင် ဒေသပြည်သူ့စစ်များကိုပါ ပါဝင်တိုက်ခိုက်ခိုင်းလေ့ရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်က မူဆယ်မြို့ စယ်လန့်ကျေးရွာအနီး TNLA နှင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဝင်တိုက်ပေးသည့် နမ့်ခမ်းမြို့မပြည်သူ့စစ် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့သည်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး ထိမှန်ခဲ့ပြီး အရပ်သားအမျိုးသမီးတစ်ဦး ဒဏ်ရာရသွားကာ မူဆယ်ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်းလည်း ဒေသခံများက ပြောသည်။

“၁၀၅ မိုင်မှာတော့ လက်နက်ကြီးတွေ ပစ်နေတော့ လူတွေရှင်းနေတာပဲ။ တုန်ခန်ရွာအကျော်မှာတော့ အခုထိ ပစ်ခတ်နေကြတယ်“ ဟု မူဆယ် ၁၀၅ မိုင် ဒေသခံ အမျိုးသားက သြဂုတ် ၂ ရက် ညနေ ၃ နာရီခန့်တွင် Myanmar Now ကို ပြောသည်။

စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည့် TNLA တအာင်း/ပလောင်တပ်ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF လည်း ပါဝင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။ သို့သော် TNLA နှင့် PDF အပါအဝင် အခြားသတင်းရင်းမြစ်များထံမှ သီးခြားအတည်ပြုချက်မရသေးပါ။

ညနေ ၄ နာရီခွဲခန့်အထိ စစ်ကောင်စီဘက်က ပစ်ခတ်သည့် သေနတ်သံအချို့ ကြားနေရသော်လည်း TNLA ဘက်ခြမ်းမှ ပစ်ခတ်သံများ တိတ်သွားသဖြင့် တပ်များ ပြန်လည်ဆုတ်ခွာသွားသည်ဟု ယူဆရကြောင်း ဒေသခံများက ပြောသည်။

စစ်ချီလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – MINE (ရွှေဖီမြေ)

တိုက်ပွဲဖြစ်ပွားနေသည့် လမ်းပိုင်းသည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကျင်စန်းကျော့ဂိတ်ကို သွားလာသည့် လမ်းပိုင်းဖြစ်သည်။ ကိုဗစ်ဖြစ်ပွားပြီးနောက် ယင်းဂိတ်မှတစ်ဆင့် ဖြတ်သန်းသွားလာမှုကို တရုတ်ဘက်က ကာလအတန်ကြာ ပိတ်ပင်ထားပြီး ပြီးခဲ့သည့်နှစ် မေလအတွင်းကမှ မြန်မာကုန်ကားများကို ဝင်ထွက်ခွင့်ပြုခြင်းဖြစ်သည်။

ကုန်တင်ယာဉ်များ အဓိကသွားလာသည့် ယင်းလမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် TNLA ဘက်က စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည်မှာ သီတင်းတစ်ပတ်ခန့် ကြာပြီဖြစ်သည်။

မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့အကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေပြီး ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင် ၂၉ တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးဘေး မန်ကန်ကျေးရွာအနီးတွင်လည်းကောင်း၊ ဇူလိုင် ၂၅ တွင် မူဆယ်ခရိုင် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ဆိုင်ခေါင်ကျေးရွာတွင်လည်းကောင်း နှစ်ဖက်အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။

TNLA သည် ကိုးကန့်အဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၊ ရက္ခိုင့်တပ်တော် (AA) တို့နှင့်အတူ မကြာသေးမီက စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် လက်ခံတွေ့ဆုံခဲ့သည်။ သို့သော် တရုတ်၏ တိုက်တွန်းမှုဖြင့် ပေါ်ပေါက်လာသည့် ထိုဆွေးနွေးပွဲသည် မည်သည့်ရလဒ်မျှ မထွက်ဘဲ သတ်မှတ်ရက်မတိုင်မီ အဆုံးသတ်ခဲ့ရသည်။

သြဂုတ်လလ ၁ ရက်နေ့က ထောင်ချဖမ်းဆီးထားသူများကို စစ်ကောင်စီဘက်က ပြန်လွှတ်ပေးရာတွင်လည်း TNLA တပ်ဖွဲ့ဝင် အများအပြား ပါဝင်ခဲ့သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button