သတင်း

TNLA နှင့် မူဆယ်အနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဝင်တိုက်ပေးသည့် ပြည်သူ့စစ်တချို့ သေဆုံး

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်များအကြား ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ စယ်လန့်ကျေးရွာအနီး ယမန်နေ့ (ဇူလိုင် ၂၃) ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ဝင်တိုက်ပေးသည့် ပြည်သူ့စစ် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းမြောက် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် စစ်ဆေးရေးလုပ်နေသည့် TNLA တပ်များကို စစ်ကောင်စီက နမ့်ခမ်းမြို့ဘက်မှ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ နမ့်ခမ်းမြို့မပြည်သူ့စစ်ကလည်း ပါဝင်တိုက်ခိုက်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရွာနဲ့ အရမ်းနီးတော့ မြေတောင်တုန်တယ်။ အသံလည်း ကျယ်လို့ အိမ်ထဲမှာပဲ မိုးချုပ်တဲ့အထိ ပုန်းလိုက်ရသေးတယ်” ဟု တိုက်ပွဲသံကြားရသည့် မိုင်းဆတ်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

ညနေ ၅ နာရီခန့်မှ စတင်သည့် တိုက်ပွဲတွင် လက်နက်ကြီးအပါအဝင် ပစ်ခတ်သံများ ၁ နာရီခန့်ကြာအောင် ကြားခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

Facebook တွင် ဒေသခံအချို့က တင်ထားသည့် ရုပ်သံဖိုင်တွင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကုန်ကားနှင့် အိမ်စီးကားတချို့ လမ်းဘေးတွင် ရပ်ထားရပြီး စစ်ကားများနှင့် လူနာတင်ကားတချို့ တိုက်ပွဲဖြစ်ပွားသည့် စယ်လန့်ရွာသို့ ထွက်ခွာသွားသည်ကို တွေ့ရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်လည်း ကားလမ်းကို စစ်တပ်က ဆက်လက်ပိတ်ထားခဲ့ပြီး ည ၇ နာရီခန့်မှ ကားအချို့ကို ဖြတ်သန်းခွင့်ပေးခဲ့သည်ဟု အသက် (၄၀) ကျော်အရွယ် မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ည ၇ နာရီလောက်ကျမှ ကားလမ်းပြန်ဖွင့်ပေးတာ။ ပြန်ဖွင့်ပေးတာတောင် ကားမီးမထိုးရဘူးဆိုပြီးမှ ဓာတ်မီးတွေနဲ့ မောင်းရတာ၊ လွယ်ဖီတောင်ကနေ စယ်လန့်အထိ မီးမထွန်းရဘူး” ဟု အထက်ပါ မူဆယ်ဒေသခံက ပြောသည်။

တိုက်ပွဲအတွင်း ရင်ဘတ်နှင့် ပေါင်တို့တွင် ရရှိသည့် ဒဏ်ရာများဖြင့် ပြည်သူ့စစ် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရသူများကို လားရှိုးစစ်ဆေးရုံတွင် စစ်တပ်က ဆေးကုပေးနေသည်ဟုလည်း သိရသည်။

တိုက်ပွဲအကြောင်းပြပြီး မိုင်းဆတ်ရွာအတွင်းရှိ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ရွာအနီးဝန်းကျင်ကို ပစ်ခတ်ခဲ့သည့်အတွက် ရွာလမ်းနှင့် နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ပြီး ရွာသားများသည်လည်း နီးစပ်ရာ ကျေးရွာများဆီ တိမ်းရှောင်ခဲ့ကြရသည်။

ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ မူဆယ်-နမ့်ခမ်းလမ်းမပေါ်ရှိ ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာဝန်းကျင်တွင် TNLA က တစ်ပတ်လျှင် တစ်ကြိမ်ခန့် မော်တော်ယာဉ်များကို မူးယစ်ဆေးဝါးစစ်ဆေးမူများ ပြုလုပ်နေခြင်းဖြစ်ပြီး ယခင်အခေါက်များက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဟု မိုင်းဆတ်ရွာသားက ပြောသည်။

TNLA ၏ သတင်းနှင့် ပြန်ကြားရေး လူမှုစာမျက်နှာတွင် စစ်ကောင်စီတပ်က မိုင်းဆတ်ရွာအနီး စယ်လန့်ကျေးရွာထဲတွင် လူအင်အား ဆက်လက်ဖြည့်တင်းထားသောကြောင့် စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။

ဇူလိုင် ၂၄ ညနေပိုင်းအထိ တိုက်ပွဲများ ငြိမ်သက်နေဆဲဖြစ်ပြီး ကုန်တင်ယာဉ်များနှင့် အိမ်စီးကားများလည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြသည်ဟု ဒေသခံအချို့က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် မိုင်းဆတ်ရွာအကျော်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒေသအတွင်း၌ အုပ်ချူပ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်။

မူဆယ်-နမ့်ခမ်း လမ်းမကြီးသည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် တအာင်းတပ်မတော် (TNLA)၊ ရှမ်းတပ်မတော် (SSPP/SSA)၊ ကချင်တပ်မတော် (KIA) တပ်ဖွဲ့တို့အပြင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ ဒေသတွင်း ပြည်သူ့စစ်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေသည့် ဒေသတစ်ခုဖြစ်သည်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကလည်း မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ နမ့်တောင်းကျေးရွာအနီးက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့တို့အကြား နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

TNLA ၊ ကိုးကန့်အဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့သည် တရုတ်၏ တိုက်တွန်းမှုဖြင့် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို ပြီးခဲ့သည်လအတွင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် လက်ခံတွေ့ဆုံခဲ့သည်။ သို့သော် နှစ်ဖက်ဆွေးနွေးပွဲသည် မည်သည့်ရလဒ်မျှ မထွက်ဘဲ သတ်မှတ်ရက်မတိုင်မီ အဆုံးသတ်ခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button