သတင်း

မူဆယ်မြို့မှ ကျည်သင့်သေဆုံးသူ စစ်ဝတ်စုံဝတ်ဆင် ဝါဒဖြန့်ခံရဟု ဆို

(စိတ်မချမ်းမြေ့ဖွယ်ပုံတချို့ ပါဝင်သည်)

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်အတွင်း လက်နက်ကြီးထိမှန်သေဆုံးသွားသော ဒေသခံအမျိုးသားတစ်ဦးအလောင်းကို စစ်တပ်က လုယူသွားပြီးနောက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဝတ်စုံ ဝတ်ပေးကာ ဝါဒဖြန့်နေကြောင်း သိရသည်။

ဇူလိုင် ၂၅ ရက်နေ့တွင် စစ်တပ်က မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနီး ဆိုင်းခေါင်ကျေးရွာနှင့် ကောင်းဝီးကျေးရွာကြားကို ရဟတ်ယာဉ်ဖြင့် သွားရောက်တိုက်ခိုက်သလို အထိုင်တပ်များကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်စဉ် ဆိုင်းခေါင်ရွာသား အသက် ၄၀ အရွယ် ဦးအိုက်လော သေဆုံးခဲ့သည်။

ထိုနေ့ ညနေမှာပင် ကွတ်ခိုင်မြို့အခြေစိုက် အမှတ် (၂၄၁) ခြေလျင်တပ်ရင်းတံဆိပ်ပါ စစ်သား ၂၀ ခန့် ရောက်လာပြီး အလောင်းကို လုယူကာ ရုပ်အလောင်းစောင့်ကြည့်နေသည့် ၎င်း၏ ဖခင်ကို အဝတ်မဲဖြင့် ပိတ်ကာ ထားခဲ့ကြသည်။

ယနေ့ (ဇူလိုင် ၂၇) တွင် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ ၃ ဦးကို အသေရမိကြောင်း ရေးသားကြရာတွင် ဦးအိုက်လော အပါအဝင် စစ်ယူနီဖောင်း ဝတ်ဆင်ထားကြသော အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို ဖော်ပြထားကြသည်။

ဦးအိုက်လော၏ ရုပ်အလောင်းဖြစ်ကြောင်း အတည်ပြုနိုင်ခြင်းမှာ ညာဘက်ပါးပေါ်ရှိ မှဲ့၊ လက်နက်ကြီးကျည်စ ထိမှန်ထားသည့်နေရာများ တူညီနေသောကြောင့်ဖြစ်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူ့ကလေးက ငိုနေတာ၊ သူ့အဖေမျက်နှာ မမြင်ရလို့တဲ့။ ဒီမနက်လည်း ပုံတွေတက်လာတော့ သူ့အဖေ စစ်ဝတ်စုံဝတ်တယ်ဆိုတာ တစ်ခါမှ မမြင်ဖူးဘူး၊ ဘာလို့ ဝတ်ခိုင်းတာလဲဆိုပြီး ပြောနေတာ။ အိမ်မှာကတည်းက သေနေပြီ၊ တောထဲမှာ TNLA ဝတ်စုံ ဝတ်ပေးတာ။ အခုထိလည်း မီးရှို့လိုက်ပြီလား၊ ဘာလုပ်လိုက်ပြီလဲ မသိဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုသူက ဆိုသည်။

မိသားစုဝင် ၅ ယောက်ရှိသည့် ဦးအိုက်လောသည် တောင်ယာလုပ်ကိုင်စားသောက်သည့် သာမန်ဒေသခံတစ်ဦးသာဖြစ်ပြီး TNLA တအောင်း/ပလောင် တပ်ဖွဲ့ဝင်မဟုတ်ကြောင်း ကျေးရွာတာဝန်ရှိသူများကလည်း အတည်ပြုသည်။

ဦးအိုက်လောအလောင်းနှင့် လော်ဘီများ ထုတ်ပြန်သည့်ပုံကို နှိုင်းယှဉ်ထားစဉ်။

ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဆိုင်းခေါင်ရွာဒေသခံများ ယမန်နေ့က ရွာအတွင်း ပြန်ဝင်ခဲ့ကြောင်း၊ စစ်တပ်က ရွာအနီး ဘုရားစေတီကုန်းတစ်ခု၌ အင်အား ၆၀ ခန့်ဖြင့် စခန်းချထားပြီး အနီးဝန်းကျင်တွင် တပ်ဖြန့်လှုပ်ရှားနေကြောင်း သိရသည်။

ဘုရားစေတီကုန်းတွင် စခန်းချနေသည့် စစ်ကောင်စီတပ်က ဦးအိုက်လောရုပ်အလောင်းကို ၎င်းတို့ ယူဆောင်သွားခြင်း မဟုတ်ကြောင်း ရွာခံများကို ယနေ့ တုံ့ပြန်ပြောဆိုခဲ့သည်ဟု သိရသည်။

ဤအတောအတွင်း မိသားစုဝင်များက အလောင်းပြန်လည်ရရှိရန် မျှော်လင့်နေသလို စစ်ကောင်စီတပ်က ဦးအိုက်လောရုပ်အလောင်းကို မီးရှို့ဖျောက်ဖျက်လိုက်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

စစ်တပ် ဝါဒဖြန့်သူများ ဖော်ပြသည့်ပုံတွင် ခရီးသွားလူငယ်နှစ်ဦး၏ ရုပ်အလောင်းများ ဖြစ်နိုင်သည်ဟု ဒေသခံတို့က ယူဆနေသည်။

ဇူလိုင် ၂၅၊ မွန်းလွဲ ၂ နာရီခန့်တွင် ဆိုင်းခေါင်ရွာ အသွားလမ်းပေါ်ရှိ တီးမားကျေးရွာမှ ခရစ်ယာန်အသင်းတော်အဖွဲ့ဝင် အသက် ၂၅ နှစ်အရွယ် ကိုတူးဂျာ၊ ၂၇ နှစ်အရွယ် ကိုဘရာအောင်တို့ကို စစ်ကောင်စီတပ်ဖွဲ့တစ်ဖွဲ့က ရွာလမ်းပေါ်တွင် ဖမ်းဆီးသွားပြီး ၎င်းတို့၏ မော်တော်ယာဉ်ကိုပါ ယူဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ ရွာခံတစ်ဦးက ပြောသည်။

TNLA နှင့် ကိုးကန့်တပ်မတော် (MNDAA) စစ်ဝတ်စုံဝတ် ရုပ်အလောင်းနှစ်ခုသည် ထိုနှစ်ဦး၏ ရုပ်အလောင်းများ ဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက ယူဆသည်။

“လိုင်းပေါ်က ပုံတွေကြည့်ရတာတော့ သူတို့ နှစ်ယောက် ဖြစ်ဖို့များတယ်” ဟု ပျောက်ဆုံးနေသူ နှစ်ဦး၏ လုပ်ဖော်ကိုင်ဖက်အမျိုးသားတစ်ဦးက ပြောသည်။

ထိုနှစ်ဦး၏ မိသားစုဝင်များက နီးစပ်ရာ စစ်ကောင်စီတပ်စခန်းများတွင် သွားရောက် စုံစမ်းခဲ့သော်လည်း သတင်းအစအန မရသေးကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

ဝါဒဖြန့်ဓာတ်ပုံများတွင် မျက်နှာကို ကောင်းစွာမမြင်ရသဖြင့် မိသားစုဝင်များကလည်း အတည်ပြုနိုင်ရန် ခက်ခဲနေကြောင်း သူက ဆက်ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ ထိုနေရာတွင် တိုက်ပွဲမဖြစ်သေးသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA, MNDAA, KIA (ကချင်လွတ်လပ်ရေးတပ်မတော်) တို့နှင့် စစ်ရေးပြင်းထန်နေသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button