
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့အနီးတွင် ယမန်နေ့ (ဇူလိုင် ၂၅) က လက်နက်ကြီးထိမှန် သေဆုံးခဲ့သည့် ဒေသခံတစ်ဦး၏ ရုပ်အလောင်းကို စစ်တပ်က လုယူသွားသည်ဟု သိရသည်။
မူဆယ် (၁၀၅ မိုင်) ကုန်သွယ်ရေးဇုန်အနီးရှိ ဆိုင်းခေါင်ကျေးရွာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) လှုပ်ရှားနေသည်ဆိုကာ ယမန်နေ့ နံနက် ၁၁ နာရီမှစ၍ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်ဖြင့်သာမက လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်စဉ် ဒေသခံတစ်ဦး သေဆုံးခဲ့သည်။
လက်နက်ကြီးထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့သူမှာ ဆိုင်းခေါင်ရွာမှ အသက် ၄၀ အရွယ် ဦးအိုက်လော ဆိုသူဖြစ်ပြီး ရွာခံအများအပြား ထွက်ပြေးတိမ်းရှောင်ကြစဉ် ညနေပိုင်း၌ စစ်သားများရောက်လာကာ အလောင်းကို လုယူသွားခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ရုပ်အလောင်းကို စောင့်ကြပ်ပေးနေသည့် ဦးအိုက်လော၏ ဖခင်ကို မျက်နှာ အဝတ်မည်းဖြင့် ပိတ်ထားပြီးနောက် ခွင့်ပြုချက်မတောင်းဘဲ အလောင်းကို ယူဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။
“ခိုးယူသွားတဲ့ ပုံစံဖြစ်နေတယ်။ စကားတောင် ပြောခွင့်မရှိဘူးလေ။ အလောင်းစောင့်နေတဲ့ သူ့အဖေရဲ့ ဖုန်းလည်း သိမ်းသွားတယ်။ အိမ်ထဲမှာလည်း အားလုံး ပစ္စည်းတွေကို ပေါက်ကရ ဝင်မွှေပြီး ရိုက်ထည့်လိုက်တာပဲ။ အခုထိလည်း ယူသွားတာကို ဘာအကြောင်းမှ မပြန်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ နီးစပ်သူက ပြောသည်။
Myanmar Now က ရရှိထားသော ဓာတ်ပုံများတွင် စစ်သားများက နေအိမ်အတွင်းရှိ ဘုရားစင်ပါမကျန် မွှေနှောက်ပြီး ပစ္စည်းမှန်သမျှ ဖျက်ဆီးထားသည့် ပုံများလည်း ပါဝင်နေသည်။
မူဆယ်မြို့အနီး နမ့်အွမ်ကျေးရွာအုပ်စုရှိ ဆိုင်းခေါင်ရွာနှင့် ကောင်းဝီးရွာအကြားကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့ကာ စစ်ကောင်စီအထိုင်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဦးအိုက်လော၏ အိမ်အပါအဝင် ဆိုင်းခေါင်ရွာရှိ နေအိမ်တချို့ ပျက်စီးသည်ဟုလည်း သိရသည်။
ဦးအိုက်လော၏ ရုပ်အလောင်းကို ဗိုလ်မှူးထူးသန့်ဇင် ဦးဆောင်သည့် ကွတ်ခိုင်မြို့အခြေစိုက် အမှတ် (၂၄၁) ခြေလျင်တပ်ရင်း (ခလရ-၂၄၁) မှ စစ်သားများက လုယူသွားခြင်းဖြစ်ကာ မိသားစုဝင်များနှင့် ကျေးရွာတာဝန်ရှိသူများက တောင်းဆိုထားသော်လည်း စစ်တပ်က အကြောင်းပြန်ခြင်း မရှိပေ။
ထိုကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။
ယမန်နေ့တွင် စစ်တပ်က ဆိုင်းခေါင်ရွာနှင့် ကပ်လျက်ရှိ ကောင်းဝီးရွာအတွင်း ဝင်ရောက်ကာ ရွာခံများကို ဖမ်းဆီးရိုက်နှက်ပြီး စစ်ဆေးမေးမြန်းသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။
လက်ရှိတွင် ဆိုင်းခေါင်ရွာအနီး ဘုရားစေတီကုန်းတစ်ခု၌ စစ်တပ်က အင်အား ၆၀ ခန့် စခန်းချထားပြီး အနီးတစ်ဝိုက်ကို တပ်ဖြန့်လှုပ်ရှားနေသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု လုပ်နေသည်ဟု TNLA သတင်းနှင့် ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)