သတင်း

စစ်တပ်ကို လေယာဉ်ပေါ်မှ ကြဲချသောဗုံးဖြင့် ပြန်တိုက်ခဲ့ဟု PDF ပြော

ဇူလိုင် ၂၀ နှင့် ၂၁ ရက်နေ့များက ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် လေတပ်သုံး မပေါက်ကွဲသေးသည့်ဗုံးကို ဖျက်အားပြင်းမိုင်းအဖြစ် ပြန်လည်အသုံးပြုခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)  က ပြောသည်။

စစ်လေယာဉ်ပေါ်မှ ကြဲချသော ပေါင် ၁၀၀ ဗုံးကို အကြီးစားမိုင်းအဖြစ် ပြောင်းလဲထားကြောင်း၊ ရွှေကူမြို့တစ်ဖက်ကမ်း ဆင်တပ်ရွာအနီး မိုင်းဆင်ထားခဲ့ကြောင်း မြို့လှမြို့ PDF အဖွဲ့မှ စစ်ကြောင်းမှူး ဗိုလ်မိုးကြိုးက ပြောသည်။

“သူတို့ ချလို့ မကွဲသေးတဲ့ဗုံးကို ကျွန်တော်တို့က မိုင်းပြန်လုပ်ပြီး သူတို့ကို ပြန်တွယ်လိုက်တာ၊ တောပုန်းကျွန်းကနေ ဆင်တပ်ရွာကို အတက်မှာ ဆော်ထည့်လိုက်တာ အဲဒီမှာ ၂၅ ယောက်လောက် ပါသွားတယ်” ဟု ဗိုလ်မိုးကြိုးက ပြောသည်။

သေဆုံး၊ ဒဏ်ရာရသူ ၂၀ ကျော်နိုင်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ခိုက်မှုအပြီး မိုင်းပေါက်ကွဲရာအနီးရှိ ဆပ်တပ်ရွာမှ နေအိမ်တစ်လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးစဉ် ရုပ်အလောင်း ၆ လောင်းခန့်ကိုပါ ထည့်သွင်း မီးရှို့ခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ကြောင်းသည် ဇူလိုင် ၁၈ တွင် ကသာမြို့နယ်၊ မိုးတားလေးရွာမှ ထွက်လာသည့် တပ်မ (၈၈) လက်အောက်ခံ အမှတ် (၄၁၅) ခြေမြန်တပ်ရင်း၊ ကချင်ပြည်နယ် မြို့လှမှ ထွက်လာသည့် တပ်မ (၈၈) လက်အောက်ခံ အမှတ် (၁၀) ခြေလျင်တပ်ရင်းတို့ ပူးပေါင်းထားခြင်း ဖြစ်သည်။

အင်အား ၁၁၀ ပါ အဆိုပါ စစ်ကြောင်းမှာ ဇူလိုင် ၂၀ တွင် စစ်ကိုင်း-ကချင်နယ်စပ် ရွေကူမြို့ အနောက်ဘက် ၈ မိုင်ခန့်အကွာ ကျောက်ကြီးရွာမှ ထွက်ခွာလာပြီးနောက် မိုင်းထိသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဇူလိုင် ၂၁ ရက် နံနက် ၉ နာရီခန့်တွင် ဆင်တပ်ရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်ကို ဆင်တပ်နှင့် ရေလည်းရွာအကြားရှိ ငှက်ပျောတောတဲအနီး တစ်ကြိမ်၊ ရေလည်ရွာအနီးတွင် တစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့နောက် မွန်းတည့်ချိန်ခန့်တွင် ရေလည်ရွာနှင့် မိုးစစ်ရွာကြားတွင် PDF က ဒရုန်းနှင့် ဗုံးနှစ်လုံး ကြဲခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

“မိုးစစ်ဘုန်းကြီးကျောင်းရဲ့ ရှေ့က အိမ်မှာ အလောင်းတွေရော၊ လူနာတွေရော ဆွဲပုံထားတယ်၊ (စစ်ကောင်စီတပ်) တော်တော်ထိသွားတယ် ဒီပွဲက၊ ကျွန်တော်တို့က ဒရုန်းနဲ့ပါ ရံပြီး ဝင်ပစ်လိုက်တာ” ဟု ဗိုလ်မိုးကြိုးက ပြောသည်။

တိုက်ပွဲအတွင်း ၆၀ မမ လက်နက်ကြီးများဖြင့် အချက်ရေ ၂၀ ကျော် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်နှင့် တိုက်ပွဲအပြီး ယနေ့မွန်းလွဲပိုင်းအထိ ရွှေကူမြို့ရဲစခန်းနှင့် စစ်တပ်ဝင်းအပြင် ရွှေကူမြို့အနောက်ဘက်ရှိ တောကြီးကျွန်းတို့ရှိ စစ်ကောင်စီတပ်က ၁၂၀ မမ အမြောက်များနှင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယနေ့ မွန်းလွဲ ၂ နာရီခန့်အထိ မိုးစစ်ကျေးရွာအတွင်း ရှိနေသည့် စစ်ကောင်စီတပ်က ရုပ်အလောင်းများ၊ လူနာများကို မြစ်တစ်ဖက်ကမ်း ရွှေကူမြို့သို့ ပို့ဆောင်နိုင်ရန် စက်လှေများ ခေါ်ယူနေသည်ဟု မြို့ခံများကို ကိုးကားပြီး မြို့လှ-PDF အဖွဲ့က ပြောသည်။

ဇူလိုင် ၁၂ တွင်လည်း မြို့ပေါ်ရှိ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ပြီး ဇူလိုင် ၁၉ ရက်တွင် စည်ပင်ရုံးနှင့် ထွေအုပ်ရုံးများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ရွှေကူမြို့ပေါ်ရှိ ဒေသခံများမှာ သတိဖြင့် သွားလာနေရပြီး မြို့ပေါ်ရှိ စစ်ကောင်စီတပ် အမှတ် (၅၆) ခြေလျင်တပ်ရင်း၊ အမှတ် (၆၀၂) ခြေမြန်တပ်ရင်းမှ စစ်သားများက အဆက်မပြတ် ကင်းလှည့်စစ်ဆေးနေသည်ဟု အသက် ၅၀ ကျော်အရွယ် ရွှေကူဒေသခံ အမျိုးသားက ပြောသည်။

“ကနေ့မနက် ရေလည်းနဲ့ မိုးစစ်ကြား ဖြစ်တာလေ၊ ပထမတစ်ရက်ကလည်း ဖြစ်ကြတယ်၊ တော်တော်ထိတယ် ပြောတယ်။ မြို့ပေါ်မှာတော့ တော်တော်ရှုပ်ယှက်ခတ်နေတယ်၊ တပ်ကလည်း ကင်းလှည့်နေကြတယ်” ဟု သူက ဆိုသည်။

ရဲစခန်းနှင့် ထွေအုပ်ရုံး၊ စည်ပင်ရုံးများကို ဒရုန်းဖြင့် တိုက်ခိုက်စဉ်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဦးတည်ရာမဲ့ ပစ်ခတ်ခြင်း၊ လမ်းပိတ် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ပစ်ခတ်ဖြိုခွင်းပြီးနောက် လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာသည်။

စစ်ကိုင်း-ကချင် နယ်စပ်ဒေသတွင်လည်း စစ်ကောင်စီတပ်ကို လက်နက်ကိုင်တော်လှန်ရာတွင် အားကောင်းလာခဲ့သည်။

ဇူလိုင် ၅ ရက်နေ့က ရွှေကူမြို့အနောက်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို မြို့လှ-PDF အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်။

ရွှေကူနှင့် မြို့နယ်ခွဲ မြို့လှမြို့တို့တွင် PDF တို့က ကချင်လွတ်လပ်ရေးတပ်မတော်နှင့် လက်တွဲပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button