
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ နမ်ဆန်ယန်ရွာတွင် ခြေကုပ်ယူ တပ်စွဲနိုင်ရေး စစ်ကောင်စီတပ်က အင်အား ၁၀၀၀ ကျော်ဝန်းကျင်ဖြင့် ထိုးစစ်ဆင်နေသည့်အတွက် တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်ဖွယ်ရှိသည်ဟု KIA ဘက်က ပြောသည်။
ဇွန်လအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းများက နမ်ဆန်ယန်ကျေးရွာအနီး ရောက်လာပြီး ဇူလိုင် ၃ မှစ၍ ရွာတောင်ဘက် တံတားအနီး တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့သည်။
နမ်ဆန်ယန်ရွာသည် မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်တွင် တည်ရှိပြီး KIA ဌာနချုပ်သို့ ချဉ်းကပ်ရာ အဓိကဝင်ပေါက် ဖြစ်နေသောကြောင့် နမ့်ဆန်ယန်ရွာအတွင်း တပ်စွဲရန် စစ်ကောင်စီတပ်က ကြိုးစားနေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“နမ်ဆန်ယန်ဘက်မှာကတော့ စစ်ကြောင်းတွေက ရှိကြပါတယ်၊ အဲဒါကြောင့် တိုက်ပွဲတွေလည်း ရှိတယ်၊ ရင်ဆိုင်တိုက်ပွဲတွေလည်း ရှိတယ်။ နောက် လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်တာတွေလည်း ရှိတယ်။ အခုလောလောဆယ်ကတော့ အဲဒီလိုပဲ နေ့တိုင်းဆိုသလို ရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့မှ အင်အား ၈၀ မှ ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကြောင်းတစ်ခု တက်လာပြီး နမ်ဆန်ယန်ရွာကို ဦးတည်ကာ စစ်ကြောင်းထိုးနေခဲ့သည်ဟု သိရသည်။
အလားတူ နမ်ဆန်ယန်ကျေးရွာ၏ တောင်ဘက်မှ တက်လာသည့် စစ်ကြောင်းများကို ဒေါ့ဖုန်းယန်မြို့ အနီးတစ်ဝိုက်တွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကြောင်းများ ထပ်တက်မလာသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ဗန်းမော်ဘက်ကတော့ စစ်ကြောင်းထပ်ထိုးတာ မရှိတော့ဘူး၊ ၁၅ ရက်နေ့က ဝင်လာတဲ့စစ်ကြောင်းက နောက်ဆုံးဖြစ်တယ်။ အကုန်လုံးကတော့ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတစ်လျှောက်မှာ၊ နမ်ဆန်ယန်နဲ့ နားလုံကြားမှာ စစ်ကြောင်းတွေရှိကြပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ဇူလိုင် ၁၂ နှင့် ၁၃ ရက်များတွင် ရွာတောင်ဘက်နှင့် မြောက်ဘက်တို့တွင် ၃ ကြိမ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
လတ်တလော တိုက်ပွဲအကြီးအကျယ် ဖြစ်နေသည့်နေရာများမှာ နမ်ဆန်ယန်ရွာ၏ တောင်ဘက် အောင်ဂျာ၊ မဒီးယန်၊ နားလုံ စသည့် ကျေးရွာများအနီးတွင် ဖြစ်သည်။ တိုက်ပွဲဧရိယာသည် လိုင်ဇာမြို့ အနောက်ဘက် ၇ မိုင်ခန့်အကွာတွင် ဖြစ်ကာ ကြားတွင် တောင်တန်းများ ကာရံထားသည်။
စစ်ကောင်စီတပ် ထိုးစစ်အရှိန်မြှင့်မည့်အရိပ်အယောင်များ မြင်နေရပြီး ပြီးခဲ့သည့် ရက်အနည်းငယ်က ဒေါ့ဖုန်းယန်မြို့ပေါ်ရှိ ရဲနှင့် စစ်တပ်မိသားစုများကို ဗန်းမော်မြို့သို့ ပြောင်းရွှေ့ခိုင်းသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသည်။
KIA ဘက်ကမူ ဒေါ့ဖုန်းယန်မြို့ပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးအတိုင်း တက်လာသည့် စစ်ကောင်စီတပ်များကို ဒေါ့ဖုန်းယန်မြို့အနီးတစ်ဝိုက်တွင် ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က မြစ်ကြီးနား-ဗန်းမော်ကားလမ်းမကြီးကို ဆက်လက်ပိတ်ဆို့ထားပြီး ဝိုင်းမော်မှ လာသည့် ကားများကို နမ်ဆန်ယန်ကျေးရွာ မြောက်ဘက် မိုင် ၄၀ ခန့်အကွာ ဒဘတ်ယန်ရွာမှ စတင်ပြီး ပိတ်ဆို့ထားသည်ဟု အသက် ၃၅ နှစ်အရွယ် နမ်ဆန်ယန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
နမ်ဆန်ယန်ရွာတွင် ကျန်ရစ်သည့် သက်ကြီးရွယ်အိုတချို့က လက်နက်ကြီးသံများ ကြားနေရသည်ဟု ပြောကြောင်း သူက ဆက်ပြောသည်။
“နမ်ဆန်ယန်ကတော့ ပုံမှန်ပဲတဲ့၊ မနေ့က မေးကြည့်သလောက်ကတော့ လက်နက်ငယ်အသံ သိပ်မကြားရဘူး၊ လက်နက်ကြီးသံကတော့ တစ်နေ့လုံး ကြားရတယ်… အခုက နမ်ဆန်ယန် ဟိုဘက် အောင်ဂျာ၊ မဒီးယန် အဲဒီဘက်မှာ ဖြစ်နေတာ၊ ဒေါ့ဖုန်းယန်ကတော့ မနေ့က သတင်းမကြားရဘူး” ဟု အထက်ပါ ဒေသခံအမျိုးသားက Myanmar Now ကို ယနေ့ ပြောသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များမှာ ဗန်းမော်-မြစ်ကြီးနား ကားလမ်းအနီးတွင်ပင် ရှိနေသည်၊ စစ်အင်အား ၁၀၀၀ ကျော် ဖြည့်တင်းထားပြီး စစ်ကြောင်းထိုးနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“တိုက်ပွဲကတော့ ပိုပြီးတော့မှ ပြင်းထန်လာနိုင်တယ်လို့ပဲ သုံးသပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က စစ်ကြောင်းက ဆက်တိုက်ကို ထိုးလာတာ။ ဆုတ်သွားတာ၊ ပြန်သွားတာ၊ ခေါက်သွားတာ မရှိဘူးဆိုတော့ တိုက်ပွဲကတော့ ကြာမယ်လို့ ထင်တယ်၊ ပိုပြီးတော့ ပြင်းထန်မယ်လို့ ထင်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်နှင့် KIA တို့အကြား ကချင်ပြည်နယ်တွင် ဝိုင်းမော်၊ ဒေါ့ဖုန်းယန်၊ ဖားကန့်နှင့် တနိုင်းမြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေသလို ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်။
ဇူလိုင် ၁၆ ရက်က နမ့်ဖတ်ကာမြို့မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ကွတ်ခိုင်မြို့နယ်အတွင်း နှစ်ကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရပြီး စစ်ကောင်စီတပ်သားတချို့သေဆုံးသည်ဟု ဒေသခံတချို့က ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း KIA တပ်မဟာ (၆) လက်အောက်ခံများနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်၊ စစ်ကောင်စီတပ်များ တက်လာသောကြောင့် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်နှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး စစ်ကောင်စီက အင်အားဖြည့်တင်းကာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်သည်။
စစ်တပ်က အာဏာသိမ်းမှု ကန့်ကွက်သည့် ပြည်သူတို့ကို သတ်ဖြတ်ရာမှ ခုခံတော်လှန်စစ် ပေါ်ပေါက်လာရာ အထက်မြန်မာနိုင်ငံမှ ခုခံတော်လှန်လိုသူတို့ကို KIA က စစ်ရေးအကူအညီပေးနေသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)