ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်နှင့် ၁၂ မိုင်ခန့်သာ ဝေးသည့် နမ်ဆန်ယန်ရွာအနီးသို့ စစ်ကောင်စီတပ်က စစ်အင်အားအမြောက်အမြား ပို့ဆောင်နေသည့်အတွက် ထိုဒေသတွင် တိုက်ပွဲပြင်းထန်နေသည်။
နမ်ဆန်ယန်ကျေးရွာ၏ တောင်ဘက်နှင့် မြောက်ဘက် မိုင်အနည်းငယ်အကွာအထိ စစ်ကောင်စီ စစ်ကြောင်းများ ရောက်ရှိနေပြီး ယမန်နေ့ (ဇူလိုင် ၁၂) နှင့် ယနေ့ ဇူလိုင် ၁၃ တို့တွင် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟု KIA ထံမှ သိရသည်။
မြစ်ကြီးနားမြို့မှ လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင် ၁၂ က နမ်ဆန်ယန်ကျေးရွာ မရောက်ခင် မြောက်ဘက် ဂျာပူရွာအနီး KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မြစ်ကြီးနားဘက်ကနေ တက်လာတဲ့ စစ်ကြောင်းတွေကို မနေ့က ကျွန်တော်တို့ ဂျာပူဆိုတဲ့ နေရာမှာ ခုခံတိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ အခု အဲဒီစစ်ကြောင်းတွေ ဘယ်ရောက်နေတယ်ဆိုတာကတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်” ဟု ဆိုသည်။
ထို့ပြင် နမ်ဆန်ယန်မြို့တောင်ဘက် ဗန်းမော်မြို့မှ ရေကြောင်း၊ ကုန်းကြောင်းမှ အင်အားဖြည့်တင်းလာသည့် စစ်အင်အားတချို့ကို ယနေ့နံနက်တွင် ဒေါ့ဖုန်းယန်မြို့အနီး ကြားဖြတ် တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ဒေါ့ဖုန်းယန်နားမှာ ဒီမနက်အစောကြီး တိုက်ပွဲတစ်နေရာဖြစ်ပါတယ်။ နောက် … မဒီးယန်ဘက်မှာ ထိုးထားတဲ့ စစ်ကြောင်းတွေနဲ့ ကျွန်တော်တို့ KIA တွေလည်း ထိတွေ့ရင်ဆိုင်တိုက်ပွဲဖြစ်တာ ရှိပါတယ်…. သူတို့စစ်ကြောင်းထိုးလို့ ကျွန်တော်တို့ဘက်က ခုံခံတိုက်ပွဲတွေဖြစ်တာ ဖြစ်ပါတယ်”
နမ်ဆန်ယန်ရွာသည် မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်တွင် ရှိပြီး KIA ဌာနချုပ်လိုင်ဇာ၏ ဝင်ပေါက်တစ်ခုဖြစ်သလို အကွာအဝေးအားဖြင့်လည်း ၁၂ မိုင်ခန့်သာ ရှိသည်။
၂၀၁၁ တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် နမ်ဆန်ယန်ဒေသခံများမှာ လိုင်ဇာ၊ မြစ်ကြီးနား၊ ဗန်းမော် စသည့် နေရာတို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၂၀၁၉ ခုနှစ်မှ စတင်ကာ စစ်ရှောင်တချို့ နေရပ်ပြန်နိုင်ခဲ့သည်။
သို့သော် ဇူလိုင် ၃ ရက်နေ့က ဗန်းမော်မြို့မှ တက်လာသည့် စစ်ကြောင်းကို နမ်ဆန်ယန်ရွာအနီး တံတားတွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် တစ်ရွာလုံး ပြန်လည်စစ်ရှောင်ခဲ့ကြရသည်၊ မော်တော်ယာဉ် သွားလာမှုလည်း နည်းသည်ဟု အသက် ၃၅ နှစ်အရွယ် နမ်ဆန်ယန်ရွာသားတစ်ဦးက ပြောသည်။
“အခုထိတော့ ပြန်လို့မဖြစ်နိုင်သေးဘူး၊ မနေ့ကတင် တိုက်ပွဲတွေဖြစ်ကြတာ ဂျာပူနားမှာ။ လမ်းမကြီးပေါ်မှာတော့ လိုင်းကားတွေရော၊ ခရီးသည်ကားတွေရော တစ်စီးမှ မတွေ့တော့ဘူး၊ ကားလမ်းတွေက အကုန်လုံး ရပ်သွားတဲ့ သဘောပေါ့” ဟု အထက်ပါအမျိုးသားက ဆိုသည်။
၎င်းအပါအဝင် လူဦးရေ ၅၀ ခန့်မှာ နမ့်ဆန်ယန်ရွာ၏ မြောက်ဘက် မိုင် ၃၀ ခန့်အကွာ ကဇူးယန်ရွာတွင် တိမ်းရှောင်နေကြရပြီး အများစုမှာ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်ရှိ ဘာသာရေးအသင်းအဆောက်အအုံများတွင် ခိုလှုံနေရသည်။
လက်ရှိအချိန်အထိ နမ်ဆန်ယန်ရွာကို KIA က ထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်ကောင်စီတပ်များ ရွာအနီးသို့ ရောက်မသွားသေးကြောင်း၊ ရွာထဲတွင် ရွာစောင့်အဖြစ် ထားရှိခဲ့သည့် သက်ကြီးရွယ်အိုတချို့သာ ရှိကြောင်း ရွာခံတချို့က ပြောသည်။
တိုက်ပွဲဖြစ်ပြီး ရက်အနည်းငယ်အကြာမှာပင် စစ်ကောင်စီတပ်က မြစ်ကြီးနား-ဗန်းမော်လမ်း သွားလာခွင့်ကို တားမြစ်ခဲ့ပြီး ယမန်နေ့ ဇူလိုင် ၁၂ တွင် ဗန်းမော်မြို့၌ စစ်အုပ်ချုပ်ရေး မာရှယ်လောကို ထုတ်ပြန်လိုက်သည်ဟု ဒေသခံတချို့ထံမှ သိရသည်။
ဒေသတွင်း သတင်းဌာနများ၏ ရေးသားချက်အရ နမ်ဆန်ယန်ရွာအနီး စစ်အင်အားပေးပို့နေရာတွင် မြစ်ကြီးနားအခြေစိုက်တပ်များအပြင် ဗန်းမော်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် (၂၁) လက်အောက်ခံ ခလရ ၂၃၆၊ ၂၃၇၊ ခမရ ၃၁၉ နှင့် မိုးမောက်အခြေစိုက် ခမရ ၄၃၈ နှင့် ခမရ ၄၃၇ တို့ ပါဝင်သည်ဟု သိရသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် စစ်ကောင်စီတပ်က လိုင်ဇာမြို့အနီးသို့ တပ်မ ၄ ခုမှ လက်အောက်ခံတပ်များနှင့် စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်နေသည်ဟု ရေးသားနေကြသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
စစ်ကောင်စီတပ်က နမ်ဆန်ယန်သို့ အင်အားပို့ဆောင်ရာတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်ရှိ တပ်များထက် တောင်ဘက်ရှိ ဗန်းမော်၊ ရွှေကူ၊ မိုးမောက်စသည့် မြို့နယ်များမှ ထုတ်နုတ်တပ်များကို ပိုမို အသုံးပြုနေပြီး ပြီးခဲ့သည့် ဇူလိုင် ၇ က ရွှေကူမြို့မှ စစ်အင်အား ၂၀၀ ကျော်ကို ရေလမ်းခရီးဖြင့် နမ်ဆန်ယန်သို့ ပို့ဆောင်လိုက်သည်ဟု ရွှေကူမြို့နယ်၊ မြို့လှ-PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တပ်မ (၈၈) လက်အောက်ခံ အဆိုပါ အင်အား ၂၀၀ ခန့်မှာ ရွှေကူမြို့နယ်အတွင်း ရွှေကူ-PDF၊ မြို့လှ-PDF တပ်များနှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသည့် တပ်ဖြစ်သည်ဟု မြို့လှ-PDF တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ နမ်ဆန်ယန်ရွာအနီးသို့ စစ်ကောင်စီတပ်က အင်အား ၁၀၀၀ ခန့် ပို့ဆောင်ထားပြီး ပြင်းထန်သည့်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သည်ဟု ဒေသခံများက သုံးသပ်နေသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ ထိုအထဲတွင် KIA တပ်များ လှုပ်ရှားထိန်းချုပ်နေသည့် နယ်မြေများလည်း ပါဝင်သည်။
ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ ဝိုင်းမော်မြို့အရှေ့ဘက် မိုင် ၄၀ ခန့်အကွာ ဆဒုံးဒေသတွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့သလို ဇူလိုင် ၇ ရက်နေ့တွင်လည်း ဖားကန့်မြို့နယ် ရှဒူဇွပ်ကျေးရွာရှိ ဝါရာဇွပ်ပြည်သူ့စစ်စခန်းကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများ ရှိခဲ့သည်။
ထို့ပြင် ယမန်နေ့က ဖားကန့်မြို့နယ် ကာမိုင်းမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်မှ ၅ ဦး သေဆုံးသလို တိုက်ပွဲအနီး ဖြတ်သန်းသွားလာသူ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)