ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းစဉ် ၃ ကြိမ် အနည်းဆုံး တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ထိုတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမျှ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ဇူလိုင် ၉ ရက်နေ့က လားရှိုးမြို့မှ လာသော ယာဉ် အစီး ၂၀ ကျော်ပါ စစ်ယာဉ်တန်း ကွတ်ခိုင်မြို့အဝင် ၁၀ မိုင်ခန့်အကွာ မန်ပန်ကျေးရွာအနီး နာရီဝက်ခန့် ပစ်ခတ် တိုက်ခိုက်ခံရသည်ဟု မန်ပန်ရွာသားတစ်ဦးထံမှ သိရသည်။
ထို့နောက် အဆိုပါစစ်ယာဉ်တန်း ကွတ်ခိုင်မြို့ပေါ် ဗျူဟာတပ်စခန်းအတွင်း ဝင်ရောက်သွားကြောင်း၊ ဇူလိုင် ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ထိုယာဉ်တန်း မူဆယ်မြို့ဘက်ကို ဦးတည်ထွက်ခွာရာ ကွတ်ခိုင်မြို့အထွက် နမ့်ကွက်ကျေးရွာအကျော်တွင် တိုက်ခိုက်ခံရကြောင်း သိရသည်။
စစ်ကောင်စီတပ် ယာဉ်တန်း တိုက်ခိုက်ခံရမှုကို တွေ့လိုက်ရသည်ဟု လားရှိုး-မူဆယ် ခရီးသွား အမျိုးသားတစ်ဦးက ပြောသည်။
“အပြန်အလှန်ပစ်နေကြတာပဲ။ အပစ်ရပ်တော့မှ ကျွန်တော်တို့တွေ့လိုက်တာက စကစ ကားတွေ အတန်းလိုက်။ တစ်စီးက သေနတ်ထိထားလို့ တိုင်ကီပေါက်ပြီး တစ်လမ်းလုံး ဓာတ်ဆီတွေ ရွှဲလို့၊ ကားတွေတောင် (လမ်း) ချော်နေတာ” ဟု ထိုအမျိုးသားက ပြောသည်။
ညနေ ၅ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာရွာကြီးအကြား နမ့်ဖလွန်ကျေးရွာအနီး ထိုယာဉ်တန်း ထပ်မံတိုက်ခိုက်ခံရသည်၊ ဒဏ်ရာရ စစ်သားတချို့ကို သယ်ဆောင်လာသည်ဟု ယူဆရသည့် လူနာတင်ယာဉ်တစ်စီးက ကွတ်ခိုင်ပြည်သူ့ဆေးရုံကြီးအတွင်း ဝင်ရောက်သွားသည်ဟု ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောသည်။
ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းများ ဖော်ပြနေသည့် 7 Stars News တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်များသည် KIA ၏ ဌာနချုပ် လိုင်ဇာမြို့နှင့် ၁၂ မိုင်ခန့်အကွာ နမ်ဆန်ယန်ကျေးရွာအနီး စစ်အင်အားဖြည့်တင်းနေပြီး စစ်ရေးအခြေအနေ ပြင်းထန်နေချိန် KIA လှုပ်ရှားနယ်မြေ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
ယမန်နေ့က ယာဉ်တန်းတိုက်ခိုက်ခံရခြင်းကြောင့် မူဆယ်သို့ ကုန်စည်ကူးသန်းသယ်ဆောင်သည့် ယာဉ်ကြီးများနှင့် ကိုယ်ပိုင်ယာဉ်ငယ်အများအပြား ထိုလမ်းတွင် နာရီဝက်ခန့် ပိတ်မိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီကလည်း တိုက်ခိုက်ခံရမှုများကို သတင်းထုတ်ပြန်လေ့မရှိပေ။
တရုတ်နယ်စပ်မြို့ဖြစ်သော မူဆယ်ဒေသသည် ညီနောင်မဟာမိတ်သုံးဖွဲ့ဟု ခေါ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ လှုပ်ရှားသည့်နယ်မြေလည်း ဖြစ်သည်။
ပြီးခဲ့တဲ့ ဇွန် ၂၉ ကလည်း တိုက်ပွဲမဖြစ်သည်မှာ လချီ ကြာမြင့်နေပြီဖြစ်သည့် မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့၊ မုံးပေါ်ဒေသတွင်လည်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ် ခေါ် MNDAA တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီက မုံးကိုးမြို့အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာ မုံးပေါ်၊ ဝိန်းဆိုင်ရွာအနီးရှိ ကိုးကန့်တပ်မဟာ (၅၁၁) လက်အောက်ခံ တပ်စခန်းကိုလည်း ယမန်နှစ် ဒီဇင်ဘာ ၂၁ တွင် အပြင်းအထန် တိုက်ခိုက်ခဲ့သေးသည်။
တရုတ်၏ ဖိအားကြောင့် ဇွန်လဆန်းက မိုင်းလားဒေသ၌ ပြုလုပ်ခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြယ်ပြီးနောက် စစ်တပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA နှင့် တိုက်ပွဲများ ပြင်းထန်နေသည်။ KIA နှင့်လည်း ရင်ဆိုင်တိုက်ခိုက်နေသည်။
အထက်ပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အာဏာသိမ်းတပ်ကို ခုခံတိုက်ခိုက်လိုသူများကို စစ်သင်တန်းနှင့် လက်နက်အကူအညီပေးနေသည့် အင်အားစုများ ဖြစ်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)