သတင်း

လိမ်လည်မှုဖြင့် ဝရမ်းပြေး ကြေညာခံထားရသူ ဒေါ်နန္ဒမာလာက သတင်းစာရှင်းပွဲလုပ်မည်

ငွေကြေးသိန်းပေါင်းများစွာ လိမ်လည်သည်ဟု ဆိုကာ အမှုဖွင့်ခံထားရကာ ဝရမ်းပြေးကြေညာခံထားရသည့် ဗေဒင်အကြားအမြင်ဆရာမ ဒေါ်နန္ဒမာလာက ၎င်း၏စွပ်စွဲချက်များကို ငြင်းဆိုလိုက်ပြီး မကြာမီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း Myanmar Now ကို ဖုန်းဖြင့်ပြောသည်။

တရုတ်ပြည်ဘက်ခြမ်း ရွှေလီမြို့အနီးရှိ ရှမ်းရွာတစ်ရွာတွင် နန်းဦးစေတီတော် ပြန်လည်ပြုပြင်ရန် ယခု ရောက်ရှိနေကြောင်း၊ လာမည့် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်၌ ၎င်း၏ကိုယ်စားလှယ်မှတစ်ဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ၎င်းနှင့် ပတ်သက်သည့် သတင်းများကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“မဟုတ်ပါဘူး။ ခုထွက်ပေါ်နေတဲ့သတင်းတွေကတော့ မဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။

ဒေါ်နန္ဒမာလာက ၎င်း၏လူနာမည်မှာ ဒေါ်စောမြင့်ကြည်ဖြစ်ပြီး မွေးရပ်ဇာတိမှာ ဂန့်ဂေါမြို့နယ် နမ်းခါးကျေးရွာဖြစ်ကြောင်း၊ ၂၀၁၇ တွင် သာသနာထွန်းကားပြန့်ပွားရေးအတွက် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့လျှောက်ထားချိန်တွင် နိုင်ငံတော်က ၎င်း၏ အချက်အလက်များကို စုံစမ်းပြီးဖြစ်ကြောင်း ပြောသည်။

အကြားအမြင်ဆရာမမှသည် ဝရမ်းပြေးအဖြစ်သို့

လူမှုကွန်ရက်ပေါ်တွင် ခေါင်းတုံး၊ ယောဂီဝတ်စုံဖြင့် သေနတ်ကိုင်ထားသည့် ဓာတ်ပုံဖြင့် လူသိများခဲ့သော အကြားအမြင် ဆရာမဟုဆိုသူ ဒေါ်နန္ဒမာလာသည် ငွေကြေးလိမ်လည်မှုတိုင်တန်းချက်များဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပြီး ယခုအထိ တိမ်းရှောင်နေသည်ဟု လှိုင်မြို့နယ် တရားရုံး ပြန်ကြားရေးအရာရှိ ဦးအောင်မြင့်သန်းက ယမန်နေ့က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ဗေဒင်ခန်းဖွင့်ကာ အကြားအမြင်ဟောသည့် ဒေါ်နန္ဒမာလာအား ရာဇသတ်ကြီးပုဒ်မ ၄၂၀ လိမ်လည်မှုဖြင့် အမှုဖွင့်ထားသူအချို့ရှိပြီး ပြီးခဲ့သည့် မတ်လ ကတည်းက အမှုဖွင့်ထားခြင်းဖြစ်ကြောင်း၊ တရားခံပြေးအဖြစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကြေညာကာ ဖမ်းဝရမ်း ထုတ်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရာဇသတ်ကြီးပုဒ်မ ၄၂၀ ၏ အမြင့်ဆုံးအပြစ်ဒဏ်မှာ ထောင်ဒဏ်ခုနစ်နှစ်ဖြစ်သည်။

ယောဂီဝတ်ဒေါ်နန္ဒမာလာမှာ မင်္ဂလာဒုံမြို့နယ်၊ ခရေပင် ရိပ်မွန်အိမ်ရာ(၂)တွင် ဗေဒင်ဟောခန်းဖွင့်လှစ်ထားပြီး အကြား၊ အမြင်နှင့် ဗေဒင်ယတြာများဖြင့် နာမည်ကျော်ကြားသူဖြစ်သည်။

၎င်းလိမ်လည်ထားသည်ဟု စွပ်စွဲထားသည့် ငွေကြေးပမာဏစုစုပေါင်းမှာ ကျပ်သိန်းသောင်းချီသည်ဟု ကြားသိရသော်လည်း ထိုအချက်ကို သီးခြားအတည်မပြုနိုင်သေးပါ။ လှိုင်မြို့နယ်တွင် ၎င်းကို အမှုဖွင့်ထားသည့် ခရီးသွားလုပ်ငန်းရှင် တစ်ဦးကမူ ၎င်းသည် ဒေါ်နန္ဒမာလာထံမှ ကျပ်သိန်း ၂၀၀၀ ရလိုမှုဖြင့် စွဲဆိုထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်နန္ဒမာလာ၏ “နောက်လိုက်တပည့်သာဝကများ” ကို အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ အကြိမ်ပေါင်းများစွာ ပေးပို့ခဲ့ရသည့် ဝန်ဆောင်မှုအတွက် ကျသင့်သည့် အခကြေးငွေ အကြွေး ကျပ်သိန်း ၂၀၀၀ ခန့်ကို ဒေါ်နန္ဒမာလာက မပေးချေသောကြောင့် ၎င်းအား တရားစွဲဆိုထားခြင်းဖြစ်ကြောင်း ရွှေကိန္နရီ ဘုရားဖူး ခရီးသွား ကုမ္ပဏီပိုင်ရှင် ဦးနေမျိုးနိုင်က ဆိုသည်။

ဒေါ်နန္ဒမာလာအပြင် ၎င်းနှင့်အတူနေထိုင်သူ ဦးနေဝင်းနိုင်ဆိုသူကိုလည်း ထိုပုဒ်မဖြင့်ပင် တရားစွဲဆိုထားပြီး ဦးနေဝင်းနိုင်မှာ လာရောက်တရားရင်ဆိုင်နေသော်လည်း ဒေါ်နန္ဒမာလာမှာမူ ရှောင်တိမ်းနေဆဲ ဖြစ်သည်ဟု လှိုင်မြို့နယ်တရားရုံးပြန်ကြားရေးအရာရှိ ဦးအောင်မြင့်သန်းကပြောသည်။

ဒေါ်နန္ဒမာလာကလည်း ၎င်းကိုသိက္ခာကျစေရန် ဦးနေမျိုးနိုင်က လူမှုကွန်ရက် ဖေ့ဘွတ်ခ်တွင် ရေးသည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ပြီးခဲ့သည့် မတ်လက တရားစွဲထားသည်။ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် ဦးနေမျိုးနိုင်အမှုကို ယမန်နေ့က ရုံးထုတ်ခဲ့ပြီး လှိုင်မြို့နယ်တရားသူကြီးက ဦးနေမျိုးနိုင်ကို အာမခံပေးခဲ့သည်။

“ကျွန်တော်တို့မှာ အခက်အခဲပေါင်းများစွာဖြစ်နေတယ်။ ငွေကြေးရှုံးတယ်၊ တရားစွဲခံရတယ်။ ပြီးတော့ ခြိမ်းခြောက်ခံရတယ်” ဟု တရားရုံးမှအထွက်တွင် ဦးနေမျိုးနိုင်ကပြောသည်။

နောက်တစ်ကြိမ် ရုံးချိန်းကို ဒီဇင်ဘာလ ၁၃ ရက်နေ့သို့ ချိန်းဆိုလိုက်သည်။

စီအိုင်ဒီမနေသာသည့်အမှု

ကျော်စောသတင်းများ ထွက်လာသည့် ဒေါ်နန္ဒမာလာအမှုကို မှုခင်းရဲတပ်ဖွဲ့ (စီအိုင်ဒီ) က စတင်စစ်ဆေးနေပြီဖြစ်ပြီး သက်သေများအဖြစ် ရွှေကိန္နရီခရီးသွား လုပ်ငန်းပိုင်ရှင် ဦးနေမျိုးနိုင်နှင့် အမျိုးသမီးနှစ်ဦးတို့ကို ယမန်နေ့က ခေါ်ယူစစ်ဆေးခဲ့ကြောင်း အဆိုပါဌာနမှ အရာရှိတစ်ဦးကို ကိုးကား၍ ယနေ့ထုတ် 7Day နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

ဒေါ်နန္ဒမာလာကို အမှုဖွင့်ထားသူ နောက်ထပ်တစ်ဦးမှာ စမ်းချောင်းမြို့နယ်နေ မသန္တာဦးဖြစ်ပြီး ဒေါ်နန္ဒမာလာကို ပြီးခဲ့သည့်မေလက ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် မင်္ဂလာဒုံမြို့နယ် ရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ‘ရဲဇာနည်’ ဖေ့ဘွတ်ခ်စာမျက်နှာတွင် မေလ ၃၀ ရက်စွဲဖြင့် ဖော်ပြထားသည့် သတင်းအရ မသန္တာဦးသည် ဒေါ်နန္ဒမာလာထံမှ ကျပ်သိန်း ၂၅၀၀ ရလိုမှုဖြင့် အမှုဖွင့်ခဲ့သည်ဟု ပြောသည်။ အမှုဖွင့်ထားသူ စုစုပေါင်း သုံးဦးရှိသည်ဟု သိထားကြောင်း မသန္တာဦးက ပြောသည်။

၎င်းအပါအဝင် လူအများအပြားထံမှ ဒေါ်နန္ဒမာလာ လိမ်လည်ထားသည့် ငွေကြေးမှာ ၂၀၁၆ ခုနှစ်အထိ ရရှိခဲ့သည့် စာရင်းများအရ စုစုပေါင်းကျပ်သိန်းပေါင်း ၉၀,၀၀၀ ကျော်ရှိသည်ဟု မသန္တာဦးက ပြောသည်။

ထိုစာရင်းများအရ ဒေါ်နန္ဒမာလာက ငွေကြေးလိမ်လည်ထားသူ ၅၀ ကျော်ရှိသည်ဟု ၎င်းကပြောသည်။ Myanmar Now အား ထိုစာရင်းကိုပြသရန်ကိုမူ ၎င်းက ငြင်းဆန်သည်။

Show More

Related Articles

Back to top button