သတင်း

သိမ်းပိုက်ထားသည့် စစ်စခန်းမှ မော်လိုက် PDF ပြန်ဆုတ်ခွာ

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ တောင်းအင်ရွာ ရဲစခန်းရှိရာ ကုန်းမြင့်ပေါ်တွင် အခြေပြုထားသည့် စစ်စခန်းကို သိမ်းပိုက်ပြီး ၁၀ ရက်ဝန်းကျင်အကြာတွင် လေကြောင်းတိုက်ခိုက်မှုဒဏ်မခံနိုင်၍ တော်လှန်ရေးအဖွဲ့ ပြန်လည်ဆုတ်ခွာလိုက်သည်။

စစ်သား ၁၀၀ ဝန်းကျင် တပ်စွဲထားသည့် ထိုစခန်းကို အမှတ် (၁) စစ်ဒေသ၊ မော်လိုက်ခရိုင်တပ်ရင်း (၂) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဇွန် ၃၀ ရက်နေ့တွင် စီးနင်းနိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတင်းထုတ်ပြန်ထားသည်။

ထိုစခန်း သိမ်းပိုက်ပြီး ၂၄ နာရီအတွင်း ထုတ်ပြန်သည့် NUG ကြေညာချက်အရ တိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၀ ဦး သေကာ လက်နက်များ သိမ်းမိသည်ဟု သိရသည်။

စစ်ကောင်စီက ထိုစခန်းကို ပြန်ရရန် ဇူလိုင်လဆန်းမှစ၍ မြေပြင်၊ ဝေဟင် အပြင်းအထန် ထိုးစစ်ဆင်ခဲ့ကြောင်း၊ ယမန်နေ့ (ဇူလိုင် ၉)  မွန်းတည့်ချိန်မှစ၍ တိုက်လေယာဉ်ဖြင့် ၁ ကြိမ်၊ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၂ ကြိမ် ထပ်မံ လာရောက်ပစ်ခတ်ကြောင်း မော်လိုက် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့ဘက်က လေကြောင်းပစ်ကူပြီးတော့ နှစ်ခါ သုံးခါ ထိုးစစ်ဆင်လာတာ။ ပထမတစ်ခေါက်တုန်းက ကျွန်တော်တို့က မပေးရသေးဘူး။ လေကြောင်းပစ်ကူ တက်လာပြီးတော့ ပြန်ဆုတ်သွားတယ်။ နောက်ထပ်တစ်ကြိမ် တက်လာပြီးတော့ ပြန်ဆုတ်သွားတယ်။ သုံးကြိမ်မြောက်မှာမှ စခန်းပေးလိုက်ရတာပေါ့” ဟု သူက ပြောသည်။

တော်လှန်ရေးအဖွဲ့ ဆုတ်ခွာပြီးနောက်တွင် အင်အား ၂၀၀ ဝန်းကျင်ပါသည့် စစ်ကောင်စီ မြေပြင်တပ်ဖွဲ့က တောင်းအင်ရွာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ရဲစခန်းကုန်းတို့တွင် ဖြန့်ခွဲနေရာယူထားပြီး ကျေးရွာအနီးတစ်ဝိုက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်မှအပ အပြန်အလှန် ပစ်ခတ်ကြသည့် တိုက်ပွဲမျိုး မရှိကြောင်း အထက်ပါ မော်လိုက် PDF တာဝန်ရှိသူက ယနေ့ (ဇွန် ၁၀) ရက် မွန်းလွဲပိုင်းတွင် ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းတွင် မော်လိုက်မြို့နယ်အနီးတစ်ဝိုက်ရှိ ဖောင်းပြင်၊ ဟုမ္မလင်း၊ ကလေးမြို့နယ်များတွင် အခြေစိုက်သည့် တပ်ဖွဲ့များ၊ ကသာမြို့အခြေစိုက် အမှတ် (၃၀၉) ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များအပြင် ရှမ်းနီအမျိုးသားကာကွယ်ရေးတပ်မတော် (SNA) ပါ ပူးပေါင်းပါဝင်သည်ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်၊ တောင်းအင်ရွာ တည်နေရာပြမြေပုံ။

ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချ တပ်စွဲထားရာ အခြားသော စခန်းကုန်းများဖြစ်သည့် အော်ဇီးခုန်နှင့် ထော်သာရွာစခန်းတို့ကို အလွယ်တကူ အင်အားဖြည့်တင်းရာတွင် အချက်အချာကျသည့် တောင်းအင်ရွာစခန်းကုန်းကို ပြန်ရရန် စစ်ကောင်စီက အသည်းအသန် ကြိုးပမ်းခြင်းဖြစ်နိုင်ကြောင်း မော်လိုက် PDF တာဝန်ရှိသူက ပြောသည်။

မော်လိုက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု၊ ထိခိုက်သေဆုံးမှုအခြေအနေတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

တောင်ကုန်းတောင်တန်းပေါများသည့် မော်လိုက်မြို့နယ်သည် စစ်ကောင်စီကို ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များဖြစ်သော ဖောင်းပြင်၊ ကျွန်းလှ၊ ကလေးဝ၊ ကလေးမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်သည်။

မော်လိုက်မြို့နယ်၏ နယ်မြေ ၇၀ ရာခိုင်နှုန်းနီးပါးကို ကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားနိုင်ပြီး တွန်းပင်၊ ကင်းတပ်၊ နားပင်၊ ရှားပင်၊ တိန်းသာ၊ အိုးဘို၊ ဆွတ်နန်း၊ စသည့် ကျေးရွာများသည် စစ်တပ်နှင့် စစ်ကောင်စီက လက်နက်ပေးထားသည့် အရပ်သားအဖွဲ့ (ပျူစောထီး) များ အားကောင်းသည့် ကျေးရွာများဖြစ်သည်ဟု တော်လှန်ရေးအင်အားစုနှင့် ဒေသတွင်း သတင်းရင်းမြစ်အချို့ထံမှ စုံစမ်းသိရှိရသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြသူများကိုပင် သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံလျက်ရှိရာ ဆယ်စုနှစ်ပေါင်းများစွာ သေနတ်သံ ကြားရခဲသည့် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများသည် တော်လှန်ရေး၏ ပင်မမျက်နှာစာများထဲမှ တစ်ခုဖြစ်လာသည်။

နိုင်ငံအနှံ့တွင် စစ်မီးဝိုင်းနေချိန်၊ စစ်မျက်နှာများစွာ ဖွင့်ထားရချိန်၊ စခန်းများ၊ စိုးမိုးနယ်မြေများ လျော့ပါးလာချိန်တွင် စစ်ကောင်စီက တော်လှန်ရေးအဖွဲ့များ ခုခံရန် မစွမ်းသာသည့် လေကြောင်းကိုသာ အဓိက အားပြုတိုက်ခိုက်နေရာ အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်နေသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button