သတင်း

မကွေးတွင် သေနတ်သုံးစွဲသည်အထိ ပြုမူခဲ့သည့် ရဲများကို အရေးယူမည်

မကွေးမြို့တွင် ဇွန်လ ၁၄ ရက်က ဖြစ်ခဲ့သည့် ရပ်ကွက်တွင်း စကားများရန်ဖြစ်မှုကို ဖျန်ဖြေရာတွင် သေနတ်ကိုင်ဆောင်သည်အထိ ဖြစ်ခဲ့ရသည့် ရဲအရာရှိတစ်ဦးနှင့် အခြားအဆင့်ခြောက်ဦးကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူတော့မည်ဖြစ်သည်။

မကွေးမြို့၊ အောင်ရတနာရပ်ကွက်၊ ပြည်တော်သာလမ်းပေါ်ရှိ ရွှေလမင်းထမင်းဆိုင်နှင့် ချိုမင်းအောင်စားသောက်ဆိုင်ရှေ့တွင် ထိုနေ့ ည ၁နာရီခန့်က အရပ်သားအချို့ စကားများရန်ဖြစ်နေပြီး ဓားကိုင် အော်ဟစ်ဆဲဆိုနေသဖြင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ထိန်းသိမ်းရာမှ ယင်းဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း နယ်မြေခံရဲတပ်ဖွဲ့က ဆိုသည်။ 

Myanmar Now က ရရှိထားသော စားသောက်ဆိုင် CCTV မှတ်တမ်းများအရ အဆိုပါဖြစ်စဉ်တွင် အရပ်ဝတ်ရဲဝန်ထမ်းတစ်ဦးက သေနတ်ကိုင်ဆောင်၍ ကြိမ်းမောင်းခြင်း၊ ရဲတပ်ဖွဲ့ဝင်တချို့ဟု ယူဆရသော အရပ်ဝတ်ဖြင့်ပုဂ္ဂိုလ်များက အရပ်သားအချို့ကို ကြက်မွေးတုတ်တံဖြင့် ရိုက်နှက်ခြင်း၊ တွန်းထိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

မကွေးမြို့မစခန်းမှူး ဒုရဲမှူးဝင်းနိုင်ကမူ သမီးယောက်ဖချင်း စကားများရန်ဖြစ်နေသည်ကို ဝင်ရောက်ဖျန်ဖြေရာမှ ရဲများကို တုတ်၊ ဓားကိုင်ဆောင် စိန်ခေါ်ဆဲဆိုသဖြင့် ဖြေရှင်းခဲ့ခြင်းသာဖြစ်ပြီး တုတ်၊ ဓားကိုင်ဆောင်ရမ်းကားမှုကိုပင် လူမှုရေးအရ ငဲ့ကွက်၍ အရေးယူမှုတစ်စုံတစ်ရာ မပြုလုပ်ခဲ့ဟု Myanmar Now ကို ပြောသည်။

“ဓားကိုင်ထွက်လာတယ်၊ စိန်ခေါ်ဆဲတော့ ကျွန်တော်တို့က သွားတားပေးတာ။ သူတို့ချင်းဖြစ်တာကို သွားတားပေးတာ၊ အဲဒီမှာ ပြန်လှန်ပြီးခုခံလို့။ ဓားကိုင်ပြီး ရမ်းနေတာတွေက CCTVမှာ မပါဘူးဗျ”ဟု ၎င်းက ဆိုသည်။

CCTV မှတ်တမ်းတွင်မူ ရဲတပ်ဖွဲ့ပြောသည့် ဓားကိုင်ထားသူကို မတွေ့ရဘဲ အရပ်သားလူငယ်တစ်ဦးနှင့် သေနတ်ကိုင်ဆောင်ထားသည့် ရဲအရာရှိတို့ ခွန်းကြီးခွန်းငယ်စကားများနေသည့် ပုံရိပ်သာပါဝင်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်ကြားသူနေရာတွင် မစိုးစိုးအေးနှင့် မနွယ်နွယ်ဖြိုးဆိုသည့်အမည်များ ပါဝင်သည့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထဲရေးဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်တို့ထံ လိပ်မူထားသော စာတစ်စောင်ကိုလည်း Myanmar Now က ရရှိထားသည်။ သို့သော် ဖြစ်စဉ်နှင့် ပတ်သက်သည့် စာမျက်နှာများမှာမူ မပါဝင်ပေ။

တိုင်ကြားစာတွင် မနွယ်နွယ်ဖြိုး၏ အမည်နှင့် ယှဉ်တွဲဖော်ပြထားသည့် ဖုန်းနံပါတ်ကို အကြိမ်ကြိမ်ဆက်သွယ်ရာတွင် လက်ခံဖြေကြားမှုမရှိပါ။ မစိုးစိုးအေး၏ တယ်လီဖုန်းဟု တိုင်ကြားစာတွင် ဖော်ပြထားသည့် နံပါတ်ကို ဆက်သွယ်သည့်အခါ လက်ခံဖြေကြားခဲ့သော်လည်း မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုရန် ကြိုးစားသော်လည်း အတည်မပြုနိုင်ခဲ့ပါ။

ဖုန်းလက်ခံဖြေကြားသူ အမျိုးသမီးတစ်ဦးက “ကျွန်မ ပြီးမှပဲ ဖြေပါရစေ။ ဒီမှာလည်း အခြေအနေတွေက ရှုပ်ထွေးနေလို့၊ လိုင်းပေါ်မှာ တင်ထားတဲ့ဖြစ်စဉ်ကတော့ အမှန်တရားပဲလေ၊ နောက်မှပဲ အေးအေးဆေးဆေးဖြေပါ့မယ်နော်။ ဓားကတော့ မကိုင်ပါဘူး။ အချင်းချင်းစကားများတာ မဟုတ်ဘူး။ ကျွန်မအမျိုးသားကနေ သူ့ယောက်ဖကို ဆုံးမတာပါ။ အကြောင်းစုံကို နောက်ကျရင်ပြောပါ့မယ်”ဟုသာ ပြော၍ ဖုန်းချသွားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ Red News Agency ထံ မနွယ်နွယ်ဖြိုးဆိုသူ ဖြေကြားခဲ့သည့် ရုပ်သံဖိုင်တွင်မူ သူငယ်ချင်းအချင်းချင်း စနောက်နေချိန်တွင် လူ ၁၀ယောက်ခန့် ပြေးဝင်လာပြီး စားသောက်ဆိုင်အတွင်းရှိ လူများကို ရိုက်ကြောင်း၊ ရိုက်နှက်သည့် အကြောင်းရင်းကို မသိရကြောင်းပါဝင်သည်။

“အကြောင်းမရှိဘဲနဲ့ ရိုက်တာပေါ့နော်။ ကျွန်မအစ်ကိုကိုလည်း ရိုက်တယ်၊ ၈တန်းကျောင်းသားလေးကိုလည်း ရိုက်တယ်”ဟု Red News Agency ၏ရုပ်သံသတင်းတွင် ၎င်းကပြောထားသည်။

အခင်းဖြစ်ချိန်တွင် ရဲကားတစ်စီးရောက်လာပြီး မည်သည့်အတွက်ရိုက်နှက်သည်ကို မေးမြန်းနေသည့် ၈ တန်း ကျောင်းသားအား “မင်းဘာဖြစ်ချင်လို့တုန်း၊ မင်းတို့အကုန်လုံးကို သတ်ပစ်လိုက်မယ်ဆိုပြီး အဲဒီရဲက သေနတ်ထုတ်ပြီး ကျွန်မတို့ကိုချိန်တယ်။ ကျွန်မတို့မှာ ကျည်ဆန်ထွက်မှာစိုးလို့ ကြောက်လို့ ဘာမှမပြောရဲဘူး”ဟု မနွယ်နွယ်ဖြိုးက Red News Agency ကို ဖြေကြားထားသည်။

ထို့အတူ ၎င်းတို့ကို ဝင်ရောက်ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များမှာ အခြားနယ်မြေမှဖြစ်ကြောင်း၊ အမှုဖွင့်မထားကြောင်း၊ အထက်လူကြီးများထံစာနှင့် CCTV မှတ်တမ်းပေးပို့ထားကြောင်း ၎င်းက အဆိုပါအင်တာဗျူးတွင် ပြောထားသည်။

ဒုရဲမှူးဝင်းနိုင်ကမူ ဓားကိုင်သူကိုခြောက်လှန့်ရန် သေနတ်သုံးခဲ့ခြင်းသာဖြစ်ကြောင်း၊ နယ်မြေကျော်လွန်ထိန်းသိမ်းခဲ့ခြင်းမျိုးမဟုတ်ဘဲ အခင်းဖြစ်နေရာဝန်းကျင်သည် ဒုစရိုက်ပေါများတတ်သဖြင့် လုံခြုံရေးလုပ်ငန်းများကို သွားရောက် ကူညီဆောင်ရွက်ပေးနေခြင်းသာဖြစ်ကြောင်း ပြောသည်။ 

“စကားပြောရင် လက်ကရမ်းရမ်းပြီး သူက(နယ်ထိန်းခေါင်းဆောင်)ပြောတတ်တာ။ အဲဒီတော့ သေနတ်က ဘယ်ဘက်ကကိုင်ပြီးတော့ အဲဒါပါ၊ သူတို့ကိုချိန်တာလည်း မဟုတ်ပါဘူးဗျ။ နောက်ထပ်ဟိုဟာကလည်း ကြက်မွေးတံမြက်စည်းလေးပါ၊ ကားဖုန်သုတ်တဲ့ဟာလေးပါ။ သိပ်မရိုက်မိပါဘူး။ ခြောက်တဲ့သဘောနဲ့ လုပ်လိုက်တာပါ”ဟု ၎င်းက ဆိုသည်။

ထို့အတူ ဒုရဲမှူးဝင်းနိုင်က “ဦးနှောက်နဲ့မဆုံးဖြတ်ဘဲ နှလုံးသားနဲ့သွားဆုံးဖြတ်လိုက်တာကိုး။ ကိုယ့်မှားယွင်းမှုဖြစ်သွားတာပေါ့။ ကျွန်တော်တို့ဘက်က ညှာတာလိုက်တဲ့အတွက် အခုလိုဖြစ်တာပါ။ ကျွန်တော့်ရဲတပ်ဖွဲ့ဝင်တွေလုပ်တာ မှန်ပါတယ်”ဟု ဆက်ပြောသည်။

သို့သော် ဓားကိုင်ဆောင်မှု၊ ရမ်းကားမှုတို့ကို အရေးယူရန်ပျက်ကွက်ခဲ့ခြင်း၊ ဖြေရှင်းမှုပုံစံတွင် အားနည်းချက်များရှိခဲ့ခြင်းကြောင့် ဖြစ်စဉ်တွင်ပါဝင်သည့် ရဲခုနစ်ဦးကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူရန် စီစဉ်နေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

အရေးယူမည့်အသေးစိတ်အခြေအနေများကို ယနေ့ညနေ ၄နာရီခွဲအထိ Myanmar Nowက မေးမြန်းနေသော်လည်း မသိရသေးပေ။ 

Show More

Related Articles

Back to top button