
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မများဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူခြင်း ခံထားရသည့် ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော် အပါအဝင် လေးဦးကို သံတွဲမြို့နယ်တရားရုံးတွင် ယနေ့တွင် ချုပ်ရက် ရမန်ရယူခဲ့သည်ဟု အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဖြစ်သူက ပြောသည်။
တောင်ကုတ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၊ ယခင်စည်ပင်ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ANP ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်းတို့ကို ပြီးခဲ့သည့်မေလဆန်းပိုင်းတွင် တောင်ကုတ်ရဲစခန်းက ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) ဖြင့် အရေးယူခဲ့သည်။ ထို့နောက် မေ ၂၆ တွင် ဦးဇေယျကျော်၏ညီဖြစ်သူ ကိုစည်သူကျော်ဇံကို တောင်ကုတ်မြို့ရှိ ၎င်း၏ နေအိမ်တွင် ထပ်မံဖမ်းဆီးလိုက်ပြီး တပ်မတော်ယာဉ်တန်းတစ်ခုကို မိုင်းဆွဲတိုက်ခိုက်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)နှင့် အမှုဖွင့်ခဲ့သည်။
ယနေ့ချုပ်ရက် ရမန်ယူရာတွင် ယခင်စွဲဆိုထားသည့် ပုဒ်မများကို ပယ်ဖျက်လိုက်ပြီး သံတွဲမြို့နယ်ရဲတပ်ဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ပုဒ်မ ၅၂(က)တို့ဖြင့် ပြောင်းလဲအမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။
လက်ရှိမြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်၊ ယခင်စည်ပင်ဥက္ကဋ္ဌဟောင်း ဦးစန်းငွေ၊ ANP ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်းတို့ ဖမ်းဆီးထိန်းသိမ်းခံထားရသည်မှာ တစ်လကျော်ရှိပြီဖြစ်သော်လည်း မည်သည့်ဖြစ်ရပ်ကြောင့် အရေးယူခံထားရသည်ကို မသိရှိရသေးဘဲ လာမည့် ဇွန် ၃၀ ရက်တွင် ချုပ်ရက် ရမန်ပြည့်မည်ဟု ၎င်းက ပြောသည်။
ယနေ့နေ့လယ်ပိုင်းတွင် သံတွဲမြို့နယ်တရားရုံး၌ ရမန်ယူပြီးနောက် ၎င်းတို့လေးဦးကို သံတွဲအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီး သက်ဆိုင်ရာ မိသားစုဝင်များအနေဖြင့် ဖမ်းဆီးထားသူများနှင့် တွေ့ခွင့်ရရန် ကြိုးပမ်းနေဆဲဖြစ်သည်ဟု ရှေ့ဒေါ်သိင်္ဂီမောင်က ပြောသည်။
ဦးဇေယျကျော်နှင့် ဦးစန်းငွေတို့ကို တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်းအပါအဝင် ရခိုင်ပြည်နယ်လုံးဆိုင်ရာ ဗဟိုသတင်း၊ တောင်ကုတ်ဟစ်တိုင်၊ တောင်ကုတ်မြိုံ ဗဟိုသတင်းဌာန စသည့် လူမှုကွန်ရက်အကောင့်အများဖြင့် မဟုတ်မမှန်သတင်းများ အဆက်မပြတ် တင်ပြနေသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု Myanmar Now က ရရှိထားသည့် စာရွက်စာတမ်းများအရ သိရသည်။
သို့သော် ဒုဥက္ကဋ္ဌ ဦးဝေသောင်းကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးခဲ့သည်ကိုမူ မသိရသေးပေ။ ကိုစည်သူကျော်ဇံကို တောင်ကုတ်မြို့နယ် ပေါက်ပြင်ရွာအတွင်း ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်တစ်ခုနှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးခြင်းဖြစ်သည်ဟု ၎င်း၏ညီဖြစ်သူ ကိုရဲအောင်ပြည့်က ပြောသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) အရ အနိမ့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သလို ပုဒ်မ ၅၂ (က) အရ အနိမ့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် သုံးနှစ်မှ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည်။