အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အခြေခံပညာကျောင်းနှစ်သောင်းနီးပါး ပုံမှန်အတိုင်းပြန်ဖွင့်နိုင်မည်မဟုတ်

ကျောင်းဖွင့်ကာလနောက်ဆုတ်ထားသည့် အခြေခံပညာကျောင်းများကို လာမည့် ဇူလိုင် ၂၁ မှစ၍ ပြန်ဖွင့်မည်ဖြစ်သော်လည်း ပုံမှန်စာသင်ချိန်အတိုင်း ပြန်ဖွင့်နိုင်မည်မဟုတ်သော ကျောင်းပေါင်း ၂၀,၀၀၀ ခန့်ရှိကြောင်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူကပြောဆိုလိုက်သည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မဖြစ်မနေခြောက်ပေခွာ၍ စာသင်ရမည်ဖြစ်သဖြင့် စာသင်ခန်းအကျယ်အဝန်းအရ ပုံမှန်အတိုင်းဖွင့်နိုင်မည်မဟုတ်သည့် စာသင်ကျောင်းပေါင်း ၂၀,၀၀၀ နီးပါး(၁၉,၅၆၆ကျောင်း) ရှိလာမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နေပြည်တော်တွင် ယမန်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရှင်းပြသွားသည်။

ကိုဗစ်နိုင်တင်းရောဂါ ကူးစက်မှုကိုဟန့်တားနိုင်စေရန် တစ်ဦးနှင့်တစ်ဦး ၆ ပေခွာရမည်ဖြစ်သည့်အတွက် အလျား ၃၀ ပေ×အနံ ၂၄ ပေ အကျယ်အဝန်းရှိသည့် စာသင်ခန်းဆိုလျှင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးသာ စာသင်ကြားနိုင်မည်ဖြစ်သည်။

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ကျောင်းတက်မှုပုံစံ မတူသောစာသင်ကျောင်းများ

ယင်းကြောင့်စာသင်ကျောင်း အကျယ်အဝန်းအရ တစ်နိုင်ငံလုံးတွင် တစ်ပတ်ခြားပြီး ကျောင်းတက်ရမည့်ကျောင်း အရေအတွက်မှာ ၁၄,၀၉၆ ကျောင်း၊ တစ်ပတ်ခြားပြီး (မနက်၊ညနေ)နှစ်သုတ်ခွဲတက်ရမည့် ကျောင်းအရေအတွက်မှာ ၅,၁၇၇ ကျောင်းနှင့် တစ်ပတ်ခြားနှစ်သုတ်ခွဲရမည့်အပြင် သုံးရက်စီသာ ကျောင်းတက်ရမည့် စာသင်ကျောင်း ၂၉၃ ကျောင်း ရှိသည်ဟု ဒေါက်တာမျိုးသိမ်းကြီးကဆိုသည်။

“တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး တချို့တက်မယ်။ တချို့က ကြာသပတေး၊ သောကြာ၊ စနေ အဲ့လိုမျိုးတက်ရမှာဖြစ်ပါတယ်” ဟုက ၎င်းကဆက်ပြောသည်။

ယင်းသို့ပုံမှန်အတိုင်း ကျောင်းတက်ခွင့်မရသည့် ကျောင်းများတွင် ကျောင်းသားများကို Home Assignment (အိမ်စာ)စနစ်ဖြင့် သင်ကြားမည်ဖြစ်၍ ဆရာ၊ ဆရာမများကို Home Assignment ပေးနည်း သင်တန်းပေးရန်လည်း ပညာရေးဝန်ကြီးဌာနက စီစဉ်ထားသည်။

အထက်ပါ နည်းလမ်းကို ကျင့်သုံးပြီး စာသင်ကျောင်းများဖွင့်လှစ်နေသည့် ဗီယက်နမ်နှင့် စင်ကာပူနိုင်ငံတို့တွင် အဆင်ပြေလျက်ရှိသည်ဟု ပညာရေးဝန်ကြီးကပြောပြီး အကယ်၍ ကျောင်းသား၊ ကျောင်းသူသို့မဟုတ် ဆရာ၊ ဆရာမ တစ်ဦးဦးတွင် ကိုဗစ်နိုင်တင်းရောဂါ တွေ့ရှိပါက အဆိုပါကျောင်းကို ချက်ချင်းပိတ်ပစ်မည်ဟုလည်း ဆိုသည်။

“ဖြစ်တယ်ဆိုရင်တော့ ချက်ချင်းယာယီပိတ်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ပြန်ဖွင့်လို့ရပြီပြောမှ ဖွင့်လို့ရပါမယ်” ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

၂၀၁၉/၂၀ ခုနှစ် ပညာသင်နှစ်စာရင်းများအရ အခြေခံပညာကျောင်းသား၊ ကျောင်းသူဦးရေမှာ ကိုးသန်းကျော်ရှိပြီး ဆရာ၊ ဆရာမဦးရေမှာ လေးသိန်းကျော် ရှိသည်။ အခြေခံပညာအထက်တန်းကျောင်း သီးသန့်ဆိုလျှင် မြန်မာတစ်နိုင်ငံလုံးတွင် ကျောင်းပေါင်း ၆၀၀၀ ကျော်ရှိသည်။

ကျောင်းသားအချိုးနှင့် ကျောင်းဖွင့်မည့်အစီအစဉ်

တက္ကသိုလ်ဝင်စာမေးပွဲ(ဆယ်တန်း)အောင်စာရင်းများ ထုတ်ပြန်မည့်ရက်ကို အတိအကျ မပြောနိုင်သေးသော်လည်း အမြန်ဆုံးထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ အောင်စာရင်းထုတ်ပြန်ချိန်တွင် လူစုလူဝေးမပြုလုပ်ရပါက ပညာရေးဝန်ကြီးဌာနဝက်ဆိုက်ဒ်မှနေ၍ ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်ကပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button