
ရန်ကုန်၊ တွံတေးမြို႔နယ်အတွင်း တပ်မတော်က စွန့်လွှတ်ထားသည်မှာ လေးနှစ်ကြာလာပြီဖြစ်သည့် လယ်ဧကအများအပြားတွင် စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရကို တောင်းဆိုလိုသည်ဟု လယ်သမားများက ဒီဇင်ဘာ ၇ ရက်နေ့တွင် ပြောသည်။
ရေတွင်းကုန်းကျေးရွာမှ မြေယာများကို ၁၉၉၄ ခုနှစ်ကတည်းက သိမ်းယူထားခြင်းဖြစ်ကြောင်း၊ ၂၀၁၄တွင် တပ်မတော်က ၉၆၉.၁၂ ဧကကို စွန့်လွှတ်ကြောင်း မြေစာရင်းဦးစီးဌာနသို့ အကြောင်းကြားစာ ပေးပို့ပြီးဖြစ်သည်ဟု မြေသိမ်းခံလယ်သမားများက ရန်ကုန်တွင် သတင်းထောက်များကို ပြောသည်။
စွန့်လွှတ်သည်ဟု ဆိုသော်လည်း တပ်မတော်နှင့် သီးစားလုပ်ကိုင်ခဲ့သည့် ကိုယ်စားလှယ်က ဆက်လက် လုပ်ကိုင်နေသဖြင့် မူလပိုင်ရှင်တို့နှင့် မကြာခဏ ထိပ်တိုက်တွေ့နေကြောင်း လယ်သမားတစ်ဦးဖြစ်သူ ဦးစောမောင်ကြည်က ပြောသည်။
နှစ်ဖက်ပြဿနာသည် ၂၀၁၅ တွင် လူတစ်ဦးသေဆုံးခဲ့သည်အထိ ပြင်းထန်ခဲ့ကြောင်း ၄င်းကဆိုသည်။
ထိပ်တိုက်ရင်ဆိုင်မှု အဆိုးဆုံးအခြေအနေသို့ ရောက်နေပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။
“နောက်နှစ်ရက်၊ သုံးရက်လောက်ဆို ကျုပ်တို့ လယ်ထဲပြန်ဆင်းမှာ။ ကျုပ်တို့မြေကို သေသေကျေကျေ ဆက်ထွန်မယ်။ စားဝတ်နေရေးအတွက် ရင်းရမှာပဲ” ဟု ၄င်းက ပြောသည်။
အစိုးရ တားမြစ်မှု
နှစ်ဖက်အကြား အငြင်းအခုန်ဖြစ်ပြီးနောက် ယင်းမြေနေရာကို မည်သူမျှ စိုက်ပျိုးခြင်းမပြုရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ညွှန်ကြားချက်ဖြင့် တားမြစ်ထားသော်လည်း တပ်က သီးစားချထားခဲ့သူများက ဆက်လက် စိုက်ပျိုးနေကြောင်း တောင်သူလယ်သမားရေးရာ လူမှုအဖွဲ့အစည်းကိုယ်စားလှယ် ဦးမန်းအုန်းမြင့်သိန်းက ပြောသည်။
မြေယာအငြင်းပွားမှု ပြေလည်ရေးအတွက် အစိုးရက ပိုမိုအလေးထား ဆောင်ရွက်သင့်သည်ဟု ၎င်းက ယူဆနေသည်။
“ကျွန်တော်တို့ ဥပဒေနဲ့ တင်ပြတယ်။ ဒါပေမယ့် ဘာမှထူးမလာဘူး။ အခုလယ်သမားတွေကလည်း ရက်ပိုင်းအတွင်း လယ်ထဲ သူချကိုယ်ချဆင်းမယ်ပြောတယ်။ ပြဿနာဖြစ်လာရင်တော့ ဒါအစိုးရက ဥပေက္ခာပြုလို့ ဖြစ်တာလို့ပဲ ပြောချင်တယ်” ဟု ၎င်းက သတင်းထောက်များကို ပြောသည်။
ပြည်သူ့ကိုယ်စားလှယ်အသံ
မူလပိုင်ရှင်မဟုတ်သူများ ထွန်ယက်စိုက်ပျိုးနေမှုများကို အရေးယူရန် မြို႔နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် အစိုးရ ဌာနတချို့ကို တောင်းဆိုခဲ့သော်လည်း ထူးခြားမှု မရှိသေးဟု တွံတေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်ကပြောသည်။
“ဝန်ကြီးချုပ်ကိုကျွန်တော် တင်ပြတိုင်းလည်း ဒီကိစ္စကို စ ဉ်းစားနေပါတယ်ပဲ မရေမရာဖြေတယ်။ ဘယ်သူ့မှ မရှင်းကြတော့ အခု သူတို့ဟာသူတို့ ဓားနဲ့ဝင်တားမလို ဖြစ်နေကြတာ” ဟု ၄င်းက ပြောသည်။
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းမှ တွံတေးမြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီးနှင့် နီးကပ်စွာ တည်ရှိသည့် မြို့နယ် ဖြစ်သည်။