အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စုံစမ်းဖော်ထုတ်ရေးသားမှုသတင်း

တပ်မတော်ကုမ္ပဏီများ ဆိပ်ကမ်းများရှိ X Ray စက်များ ငှားရမ်းခမှ ကျပ်ဘီလျံများစွာရရှိနေ

ရန်ကုန်မြို့ ဆိပ်ကမ်းများတွင် ကုန်သေတ္တာများ စစ်ဆေးရန် အသုံးပြုသည့် X Ray စက်များအနက် တပ်မတော်၏ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကုမ္ပဏီများက ပိုင်ဆိုင်သည့်စက်များမှာ သုံးပုံတစ်ပုံ ပါဝင်နေပြီး ထိုစက်များငှားရမ်းအသုံးပြုခအတွက် ယင်းကုမ္ပဏီများမှာ နှစ်စဉ်ကျပ်ဘီလျံပေါင်းများစွာ ရရှိနေသည်။

ရန်ကုန်ဆိပ်ကမ်းများတွင် စုစုပေါင်း X Ray စက် ကိုးလုံးရှိသည့်အနက် မြန်မာ့စီးပွားရေးဦးပိုင်က စက်နှစ်လုံး၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက စက်တစ်လုံး ပိုင်ဆိုင်ထားသည်။ ကျန်စက်များမှာ နိုင်ငံတော်အစိုးရ၏ အကောက်ခွန်ဌာနပိုင် စက်တစ်လုံး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပိုင် စက်တစ်လုံး၊ ရွှေနာဝါကုမ္ပဏီပိုင် စက်နှစ်လုံးနှင့် မြန်မာ့အဏ္ဏဝါစွမ်းကုမ္ပဏီပိုင် စက်နှစ်လုံးတို့ ဖြစ်သည်။

မြန်မာ့စီးပွားရေးဦးပိုင်သည် ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင်ရှိသည့် X Ray စက်ကို ၂၀၀၆ တွင် စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၁၈ ခုနှစ်အထိ ၁၂ နှစ်စာအတွက် ထိုစက်မှ အကျိုးအမြတ်အဖြစ် ယူရိုငွေ ၁၂ ဒသမ ၁၈၆ သန်း (ကျပ် ၁၇ ဘီလျံနီးပါး) ခွဲဝေရရှိခဲ့သည်ဟု ၂၀၁၇-၂၀၁၈ ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

(ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို တပ်မတော်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်တွင် နိုင်ငံတော်ထံမှ ဦးပိုင်က လွှဲပြောင်းဝယ်ယူခဲ့သည်။)

အလုံမြို့နယ်ရှိ မြန်မာ့စက်မှုဆိပ်ကမ်းတွင်လည်း မြန်မာ့စီးပွားရေးဦးပိုင်က X Ray စက်တစ်လုံးကို ၂၀၁၁ တွင် စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၁၈ အထိ ၇ နှစ်စာအတွက် ယူရို ၄ ဒသမ ၉၃၄ သန်း (ကျပ် ၇ ဘီလျံကျော် ) ခွဲဝေရရှိထားသည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။

တပ်မတော်၏ နောက်ထပ်စီးပွားရေးလက်ခွဲတစ်ခုဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကလည်း အလုံဆိပ်ကမ်းရှိ X Ray စက်ကို ၂၀၁၅ တွင် စတင်တပ်ဆင်ခဲ့ပြီး ၂၀၁၈ အထိ သုံးနှစ်စာအတွက် ယူရို ၂ ဒသမ ၁ သန်း (ကျပ် ၃ ဘီလျံကျော်) ခွဲဝေရရှိထားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်ရှိ အေးရှားဝေါဆိပ်ကမ်းနှင့် ထီးတန်းဆိပ်ကမ်းရှိ X ray စက်နှစ်လုံးမှာ ရွှေနာဝါကုမ္ပဏီမှ ပိုင်ဆိုင်ပြီး ယင်းကုမ္ပဏီမှာ အေးရှားဝေါ၏ လက်အောက်ခံ ကုမ္ပဏီခွဲဖြစ်သည်။ ၂၀၁၈ ထိ အဆိုပါ စက်နှစ်လုံးအတွက် ယူရို ၆ ဒသမ ၅၁၉ သန်း (ကျပ် ၉ ဘီလျံ) ခွဲဝေပေးထားကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာက ဆိုသည်။

မြန်မာ့အဏ္ဏဝါစွမ်းကုမ္ပဏီသည် မြန်မာ့စက်မှုဆိပ်ကမ်းရှိ X ray စက် နှစ်လုံးတွင် ရင်းနှီးမြှုပ်နှံထားပြီး ၂၀၁၈ အထိ ယူရို ၈ ဒသမ ၅၅၃ သန်း (ကျပ် ၁၂ ဘီလျံ) ခွဲဝေရရှိထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကလည်း အေးရှား ဝါး(လ်) ဆိပ်ကမ်းရှိ ၎င်းပိုင် X-Ray စက်အသုံးပြုခွင့်မှတစ်ဆင့် ၁၂ နှစ်အတွင်း ကျပ် ၁၆ ဘီလျံကျော် ရရှိခဲ့သည်ကို ဇွန် ၄ တွင် Myanmar Now က သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

နယ်စပ်ဂိတ်များက X Ray စက်များ

ရန်ကုန်တိုင်း ၂၀၁၆-၂၀၁၇ စာရင်းစစ်ချုပ်အစီရင်ခံစာအရ မြန်မာ့စီးပွားရေးဦးပိုင်သည် ၂၀၁၄ နောက်ပိုင်းတွင် မူဆယ်နှင့်မြဝတီနယ်စပ်ဂိတ်တို့၌ ကျပ် ၄ ဘီလျံ နီးပါး တန်ဖိုးရှိ X Ray စက်တစ်လုံးစီ ရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၁၈ မတ်လအထိ ယူရို ၁ ဒသမ ၃၀၇ သန်း (မြန်မာငွေ တစ်ဘီလျံကျော်) ခွဲဝေရရှိခဲ့သည်။

ကုန်သေတ္တာများ X Ray ရှာဖွေရေးစက် ဖြတ်သန်းခအနေဖြင့် ကုန်သေတ္တာတစ်လုံးလျှင် ကျပ် ၂၀,၀၀၀ သတ်မှတ်ထားပြီး အကျိုးအမြတ်ခွဲဝေမှုစာချုပ်အရ စစ်ဆေးခရငွေ စုစုပေါင်းမှ မီတာခ၊ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း၊ X Ray ဝန်ထမ်း ကျန်းမာရေး စောင့်ရှောက်ခ ၅ ရာခိုင်နှုန်းတို့ကို နုတ်၍ ကျန်ငွေကို စက်အရေအတွက်ဖြင့်စားကာ စက်တစ်လုံးချင်းစီအလိုက် အချိုးကျပြန်ခွဲပေးသည့်စနစ်ဖြစ်သည်ဟု ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့ရာတွင် ဌာန၏လုံခြုံရေးဆိုင်ရာအဆင့်အတန်း သတ်မှတ်ချက်အရ လုံခြုံမှုစစ်ဆေးရန် မလိုသည့် ကုန်သေတ္တာများမှာ X Ray စက်ဖြတ်ရန်မလိုသော်လည်း ၎င်းစက်များအတွက် ရသည့် စစ်ဆေးခကို စက်ပိုင်ရှင်ကုမ္ပဏီများအား ခွဲဝေရာတွင် ထည့်သွင်းထားသဖြင့် နိုင်ငံတော်က နစ်နာရသည်ဟု အဆိုပါအစီရင်ခံစာက ဆိုထားသည်။

ထိုကဲ့သို့အကျိုးအမြတ်ခွဲဝေမှုကြောင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တစ်ခုတည်းအတွက်ပင် နိုင်ငံတော်မှ ကျပ်သန်းခြောက်ထောင် (၆ ဘီလျံ) ကျော် နစ်နာဆုံးရှုံးခဲ့သည်ဟု စာရင်းစစ်ချုပ်အစီရင်ခံစာက ထောက်ပြထားပြီး၊ လုံခြုံရေးဆိုင်ရာအကျိုးအမြတ်ခွဲဝေမှု စာချုပ်ကို ပြန်လည်ချုပ်ဆိုရန် အကြံပြုထားသည်။

ယခုအခြေအနေနှင့် ပတ်သက်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့၏ လက်ထောက်မန်နေဂျာ ဦးဖုန်းမြင့်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ X ray စက်များနှင့် ပတ်သက်ပြီး မသိရှိကြောင်း၊ သက်ဆိုင်ရာ ဆိပ်ကမ်းများကိုသာ မေးမြန်းရန် ၎င်းက ပြောသည်။

ရန်ကုန်ဆိပ်ကမ်းရှိ X Ray စက်များအား စွမ်းရည်ပိုမိုမြင့်မားသည့် စက်များဖြင့် ၂၀၁၉ ဒီဇင်ဘာနောက်ဆုံးထားပြီး အစားထိုးလဲလှယ်ရန် စက်ပိုင်ရှင်များကို ညွှန်ကြားထားသော်လည်း လက်ရှိတွင် စက်အရေအတွက် မည်မျှလဲလှယ်ပြီးစီးသည်ကို အတိအကျ မသိရှိရသေးကြောင်း အကောက်ခွန်ဦးစီးဌာန ကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစိုးဝင်းအောင်က ဇွန်လဆန်းပိုင်းတွင် Myanmar Now ကိုပြောကြားထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button