Asia World ဆိပ်ကမ်း X-Ray စက်ငှားရမ်းခမှ ပြည်ခိုင်ဖြိုး ကျပ်ဘီလျံချီရရှိခဲ့

ပြည်ခိုင်ဖြိုးအပါအဝင် နိုင်ငံပိုင်မဟုတ်သည့် x-ray စက် ၁၀ လုံးအတွက် အသုံးပြုခခွဲဝေပေးရာတွင် အကျိုးအမြတ်စာချုပ်အားနည်းချက်အရ နိုင်ငံတော်နစ်နာသည်ဟု တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာကဆို

Published on Jun 4, 2020
ရန်ကုန်မြို့ အလုံမြို့နယ် အေးရှား ဝါး(လ်) ဆိပ်ကမ်းရှိ ကုန်သေတ္တာများကို မေလ ၂၈ ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ- စိုင်းဇော်/Myanmar Now)
ရန်ကုန်မြို့ အလုံမြို့နယ် အေးရှား ဝါး(လ်) ဆိပ်ကမ်းရှိ ကုန်သေတ္တာများကို မေလ ၂၈ ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ- စိုင်းဇော်/Myanmar Now)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ရန်ကုန်မြို့ အလုံမြို့နယ် အေးရှား ဝါး(လ်) ဆိပ်ကမ်းရှိ ကုန်သေတ္တာများ စစ်ဆေးသည့် x-ray စက်အသုံးပြုခွင့်မှတစ်ဆင့် ၁၂ နှစ်အတွင်း ကျပ် ၁၆ ဘီလျံကျော် ရခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အစီရင်ခံစာနှစ်စောင်အရ Myanmar Now ကတွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် အကောက်ခွန်ဦးစီးဌာနက ၂၀၀၆ ခုနှစ်မှစကာ ကုန်သေတ္တာများကို x-ray စက်ဖြင့် ရန်ကုန်ရှိ ဆိပ်ကမ်းကိုးခုနှင့် နယ်စပ်ဂိတ်နှစ်ခုတို့တွင် စစ်ဆေးသည့်စနစ်ကို ကျင့်သုံးလာသည့်နောက် ပုဂ္ဂလိက ကုမ္ပဏီပိုင် စက်များနှင့် “အဖွဲ့အစည်း” ပိုင်စက်များကို ငှားရမ်းတပ်ဆင်ခဲ့သည့်အနက် ပြည်ခိုင်ဖြိုးပါတီပိုင် ရန်ကုန်မြို့ အေးရှား ဝါး(လ်) ဆိပ်ကမ်းရှိ စက်တစ်လုံးလည်း ပါဝင်သည်။

အဆိုပါစက်မှာ ပြည်ခိုင်ဖြိုးအသင်းဘဝကထူထောင်ထားသည့် မြန်ဂုဏ်မြင့် ကုမ္ပဏီအမည်ဖြင့် ၂၀၀၆ ခုနှစ်ကတည်းက စတင်တပ်ဆင်ခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီဖျက်သိမ်းခဲ့ပြီးဖြစ်သော်လည်း ပြည်ခိုင်ဖြိုးပါတီအမည်ဖြင့် ဆက်လက်လည်ပတ်နေသည့် စက်ဖြစ်သည်။

စက်စတင်တပ်ဆင်သည့်နှစ်မှ အစီရင်ခံစာတင်ပြထားသည့် ၂၀၁၈ ဘဏ္ဍာနှစ်အထိ အဆိုပါ x-ray စက်အသုံးပြုခအဖြစ် ယူရို ၁၁ ဒသမ ၅၁၈ သန်း (ကျပ် ၁၆ ဒသမ ၆၇ ဘီလျံ) ခွဲတမ်းရရှိခဲ့သည်ဟု တွေ့ရသည်။

ကုန်သေတ္တာများကို x-ray ရှာဖွေရေးစက်ဖြင့် ဖြတ်သန်းခအနေဖြင့် ကုန်သေတ္တာတစ်လုံးလျှင် ကျပ် ၂၀,၀၀၀ သတ်မှတ်ထားပြီး စစ်ဆေးခရငွေစုစုပေါင်းမှ မီတာခ၊ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း၊ x-ray ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်ခ ၅ ရာခိုင်နှုန်းတို့ကို နုတ်၍ ကျန်ငွေကို စက်အရေအတွက်ဖြင့်စားကာ စက်တစ်စက် ချင်းစီအလိုက် အချိုးကျပြန်ခွဲပေးသည့်စနစ်ဖြစ်သည်ဟု ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့ရာတွင် ဌာန၏လုံခြုံရေးဆိုင်ရာအဆင့်အတန်း သတ်မှတ်ချက်အရ လုံခြုံမှုစစ်ဆေးရန် မလိုသည့် ကုန်သေတ္တာများမှာ x-ray စက်ဖြတ်ရန်မလိုသော်လည်း ၎င်းစက်များအတွက်ရသည့် စစ်ဆေးခကို စက်ပိုင်ရှင် ကုမ္ပဏီများအား ခွဲဝေရာတွင်ထည့်သွင်းထားသဖြင့် နိုင်ငံတော်က နစ်နာရသည်ဟု အဆိုပါအစီရင်ခံစာတွင် ဆိုထားသည်။

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာအရ ရန်ကုန်ရှိဆိပ်ကမ်းများမှ ကုမ္ပဏီနှင့် အဖွဲ့အစည်းပိုင် စက်များအား x-ray စက်ဖြင့် စစ်ဆေးခအတွက် အမှန်တကယ် ခွဲဝေပေးသင့်သည့်ပမာဏမှာ ကျပ်သန်း ၂၀၀၀ (နှစ်ဘီလျံ) ကျော်ဖြစ်သော်လည်း အသားတင်ခွဲဝေပေးသည့် ပမာဏမှာ သန်း ၈၀၀၀ ကျော်ရှိခဲ့သည်ဟု ထောက်ပြထားသည်။ အကောက်ခွန်ဌာနနှင့် စက်ပိုင်ရှင်များကြား အကျိုးအမြတ်ခွဲဝေမှုပုံစံ သဘောတူ စာချုပ်ကြောင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တစ်နှစ်တည်းတွင် နိုင်ငံတော်က ကျပ်သန်း ၆၀၀၀ နီးပါး နစ်နာခဲ့ သည်ဟု အစီရင်ခံစာက ထောက်ပြထားသည်။

အဆိုပါ ပိုမိုခွဲဝေပေးထားသည့် ကျပ်သန်း ၆၀၀၀ အနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပိုင်သည့် စက် (အေးရှား ဝါး(လ်) ဆိပ်ကမ်းရှိ စက်အမှတ်-၃) အတွက် အမှန်တကယ်ပေးရမည့်ပမာဏထက် ကျပ်သန်း ၇၀၀ ကျော် ပိုမိုပေးထားသည်ဟု Myanmar Now က တွေ့ရှိရသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာတွင် စက်အမှတ်-၃ မှာ အရေးပေါ်ရပ်သွားသည့်အတွက် ၂၀၁၇ ဧပြီ ၁ ရက်နေ့မှစတင်ကာ အကျိုးအမြတ်ခွဲဝေမှု ရပ်နားထားသည်ဟု ဖော်ပြထားသည်။ သို့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် လုံခြုံရေးစစ်ဆေးခအကျိုးအမြတ်ခွဲဝေပေးရာတွင် စက်အမှတ်-၃ အတွက် ယူရို ၆၂,၀၀၀ ခွဲဝေပေးထားသည်ကို တွေ့ရသည်။ ယင်းမှာ တစ်ယူရိုလျှင် ၁၄၄၇ ကျပ်နှုန်းဖြင့် တွက်ချက်ပါက ကျပ်ငွေ သိန်း ၈၀၀ နီးပါးဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီပိုင်သည့် အဆိုပါ x-ray စက် အမှတ်-၃ ကို ‘မြန်ဂုဏ်မြင့်’ ကုမ္ပဏီပိုင်ဟု ၂၀၁၇-၁၈ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်ဂုဏ်မြင့်ကုမ္ပဏီသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ရန်ပုံငွေအတွက် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) လက်အောက်တွင် တည်ထောင်ခဲ့သော ကုမ္ပဏီဖြစ်ပြီး ကျောက်မျက်တူးဖော်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးနှင့် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများကိုလုပ်ဆောင်ခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် “Myanmar’s Political Transition and Lost Opportunities (2010-2016)” စာအုပ် စာမျက်နှာ ၃၈ တွင် ဖော်ပြထားသည်။

မြန်ဂုဏ်မြင့်ကုမ္ပဏီကို ၂၀၁၅ ဒီဇင်ဘာတွင် ရှယ်ယာရှင်အများစု၏ ဆန္ဒဖြင့်ဖျက်သိမ်းကြောင်း နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားသည်။ ပြည်ခိုင်ဖြိုးအသင်းမှ ပြည်ခိုင်ဖြိုးပါတီသို့ လွှဲပြောင်းစဉ် အသင်း၏ ပိုင်ဆိုင်မှုများကို ပါတီသို့လွှဲပြောင်းယူခဲ့သည်ဟု ပါတီခေါင်းဆောင်များက ဝန်ခံထားသော်လည်း မည်သည့်ပုံစံဖြင့် လွှဲပြောင်းယူခဲ့ကြောင်း ထုတ်ဖော် ပြောကြားထားခြင်း မရှိပေ။

၂၀၁၇ ဧပြီ ၁ မှ၍ ပြည်ခိုင်ဖြိုးပါတီပိုင် စက်အမှတ်-၃ အတွက် အကျိုးအမြတ်ခွဲဝေမှုရပ်နားထားသည့်ကြားမှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာအရ ယူရို ၆၂,၀၀၀ ခွဲဝေပေးထားသည်ဟု ဆိုသည့်အပေါ် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးကမူ စက်ကိုအသုံးမပြုဘဲ ငွေခွဲပေးထားသည်ဆိုခြင်းမှာ မဖြစ်နိုင်ဟု Myanmar Now ကိုပြောသည်။

“မလည်ဘဲနဲ့ ပေးတယ်ဆိုတာတော့မဟုတ်လောက်ဘူး။ အသုံးပြုခဲ့လို့ အသုံးပြုခဲ့တဲ့အတိုင်းအတာပဲ ဒီကနေထုတ်ပေးတာ ရှိတယ်။ ငွေထုတ်ပေးတာကတော့ ကျွန်တော်တို့ကိစ္စမဟုတ်ဘူး။ တခြားဌာနခွဲက လုပ်တဲ့ကိစ္စဖြစ်တယ်” ဟု အကောက်ခွန်ဦးစီးဌာန ကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက မေလနောက်ဆုံးပတ် ၎င်းရာထူး အပြောင်းအရွှေ့မဖြစ်မီ ပြောသည်။

အဆိုပါ “တခြားဌာနခွဲ” သည် မည်သည့်ဌာနဖြစ်ကြောင်း မေးသည့်အခါ ၎င်းမသိပါဟု ဆိုသည်။

စက်အမှတ်-၃ မှာ ၂၀၁၇ ကတည်းက ပျက်နေသည့်အတွက် အသုံးပြုရန် ခက်ခဲသည့် အခြေအနေဖြစ်ပြီး အစားထိုးအသုံးပြုရန် အရန်စက်အနေဖြင့်သာ ထားရှိရသည့်အခြေအနေ ဖြစ်သည်ဟု အေးရှား ဝါး(လ်) ဆိပ်ကမ်းမှ လက်ထောက်မန်နေဂျာ ဦးဝဏ္ဏကျော်မြင့်ကပြောသည်။

“ပြည်ခိုင်ဖြိုးအလုံးသည် ခုအချိန်ထိ (ဆိပ်ကမ်း) အထဲကနေ အပြင်ထွက်မသွားသေးဘူး။ (အကောက်ခွန်) ကို ဒီအလုံး အသုံးမပြုတော့ဘူးလို့ စာတင်ထားပေမယ့် (အကောက်ခွန်က) ဒီအလုံးကို ပြန်မသိမ်းသေးဘူး” ဟု ၎င်းက မေလကုန်ပိုင်းတွင် ပြောသည်။

အဆိုပါ ပြည်ခိုင်ဖြိုးပါတီပိုင် စက်သည် 2.5MeV (million electron volt) စွမ်းအားသာရှိပြီး ကွန်တိန်နာအတွင်းကိုဖတ်သည့်အခါ ပစ္စည်းများ၏ ပုံရိပ်ပြတ်သားမှုအားနည်းသည့်အတွက် ထပ်မံအသုံးမပြုတော့သလို လက်ရှိအသုံးပြုနေသည့် x-ray စက်အားလုံးကိုလည်း ၂၀၁၉ ဒီဇင်ဘာ နောက်ဆုံးထားပြီး 6MeV စွမ်းအားရှိ စက်များနှင့်လဲလှယ်ရန် ကုမ္ပဏီနှင့် အဖွဲ့အစည်းများကို ညွှန်ကြားထားသည်ဟု အကောက်ခွန်ဦးစီးဌာန ကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူးအသစ်ဖြစ်လာသည့် ဦးစိုးဝင်းအောင်က ဇွန်လဆန်းတွင် ပြောသည်။

သို့ရာတွင် စက်စွမ်းအားလည်း 2.5MeV သာရှိပြီး လက်ရှိတွင်လည်း မလည်ပတ်သည့် အဆိုပါ စက်အမှတ်-၃ ကို လဲလှယ်ရန်ညွှန်ကြားထားသည့် 6MeV စက်နှင့် လဲလှယ်မည်လား၊ လက်ရှိစက်ဟောင်းနှင့်ပတ်သက်ပြီး မည်သို့လုပ်မည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရပေ။

“စက်အမှတ်-၃ က အစကတည်းက ပယ်ဖျက်ထားပြီးသား။ စာရင်းထဲမှာကို မရှိတော့ဘူး။ သယ်ဖို့ပဲ ကျန်တော့တယ်။ အသုံးလည်းမပြုတော့ဘူး။ ဝန်ထမ်းတွေလည်း မချထားဘူး” ဟု ဦးစိုးဝင်းအောင်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ ပိုင်ဆိုင်သည့် x-ray စက်အမှတ်-၃ မှရသည့် ဝင်ငွေနှင့်ပတ်သက်ပြီး ပါတီ ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် ဦးသိန်းထွန်းဦး၊ ဒေါ်နန်းမြမြမီမီဇော်၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နှစ်ဦးတို့ကို ဆက်သွယ်သော်လည်း အသေးစိတ်မသိရှိဟုသာ ဖြေကြားသည်။ စီးပွားရေးနှင့်ပတ်သက်သည့် အသေးစိတ်ကိစ္စများအား ပါတီထိပ်ပိုင်းခေါင်းဆောင်များသာ သိရှိနိုင်မည်ဆိုသည့်အတွက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို ဆက်သွယ်မေးမြန်းထားသော်လည်း ဇွန် ၂ ရက်အထိ အကြောင်းပြန်ခြင်းမရှိသေးပါ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ ပြောင်းလဲဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံရေးပါတီများအနက် ငွေကြေးအင်အားအတောင့်တင်းဆုံးပါတီတစ်ခုဖြစ်သည်။ သို့သော်လည်း ပါတီ၏ ဝင်ငွေကိစ္စများနှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပေ။

ပြည်ခိုင်ဖြိုးပါတီသည် တစ်လလျှင်အသုံးစရိတ် သန်း ၁၄၀၀ ကျော် သုံးစွဲကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင်များက ၂၀၁၅ ခုနှစ်တွင် ထုတ်ဖော်ပြောကြားထားသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် ကျပ် သိန်း ၃၀ စီ ထောက်ပံ့ပေးခဲ့ကြောင်း ပါတီက ထုတ်ဖော်ပြောကြားထားသည်။ အဆိုပါရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ၁,၁၃၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အတွက် ရွေးကောက်ပွဲအသုံးစရိတ်အဖြစ် ကျပ် ၃၄၀၂ သန်း အသုံးပြုခဲ့သည့်သဘောဖြစ်သည်။

ပြည်ခိုင်ဖြိုးသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါတီဝင်အင်အား ငါးသန်းနီးပါးရှိသည့် အင်အားကြီးပါတီတစ်ခုဖြစ်ပြီး ပါတီရန်ပုံငွေအဖြစ် ပါတီဝင်တစ်ဦးလျှင် နှစ်စဉ်ကြေး ကျပ် ၁၀၀၀ ကောက်ခံသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက Myanmar Now ကို မေလကုန်ပိုင်းတွင် ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading