အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖဲဝိုင်းရုပ်သံကို နာမည်ကြီး Facebook သမားထံ ပေးပို့သူကို ပြည်ခိုင်ဖြိုးအမှုဖွင့်

ကျေးရွာနယ်နိမိတ်တွင် ဖဲဝိုင်းလောင်းကစားပြုလုပ်နေသည်ကို ရုပ်သံရိုက်ကာ Facebook တင်ပေးရန် လူသိများသည့် Facebook သုံးသူထံပေးပို့ခဲ့သည့် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်နေသူကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃဖြင့် အမှုဖွင့်လိုက်သည်။

ပါတီကိုဂုဏ်သိက္ခာကျဆင်းအောင် ပုတ်ခတ်စော်ကားသည်ဆိုကာ ရွှေရုံးကုန်းကျေးရွာမှ ကိုသုဝဏ်(ခ)ဘူးသီးဆိုသူကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဇွန် ၈ တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

“သူတို့ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြီး လောင်းကစားဝိုင်းတွေ လုပ်ပါတယ်ဆိုပြီး ပုတ်ခတ်လို့ အမှုလာဖွင့်တာပါ”ဟု ပျော်ဘွယ်မြို့နယ် ရွှေညောင်ဖူးတိုက်နယ်ရဲစခန်းမှ ရဲအုပ်လှသိန်းကပြောသည်။

ရုံးကုန်းရွာထိပ် သရက်ပင်အောက်တွင် ဝိုင်းဖွဲ့ဖဲကစားနေသည်ကို ရုပ်သံရိုက်ကူးကာ Zarni Tike အမည်ရှိ Facebook အကောင့်သုံးစွဲသူထံပေးပို့ခဲ့ကြောင်း၊ ရွာအုပ်ချုပ်ရေးမှူးအား အဆိုပါဖဲဝိုင်းအား အရေးယူပေးရန် တိုင်တန်းရာ မရသည့်အတွက် ကိုယ်တိုင်သွားရောက်ရိုက်ကူးကာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တရားစွဲခံရသူ ကိုသုဝဏ်ကဆိုသည်။

“ကျွန်တော်က ကျွန်တော့်အကောင့်မှာ ရေးတင်ခဲ့တာမဟုတ်ဘူး။ လောင်းကစားဝိုင်းတွေ တကယ်လုပ်နေလို့ ကိုဇာနည်ထိုက်ဆီ ဗီဒီယို ရိုက်ပို့ခဲ့တာ”ဟု ၎င်းကပြောသည်။

ကိုသုဝဏ်၏ရုပ်သံကို Like ၁၄၀,၀၀၀ ကျော်၊ follower ၂၃၆,၀၀၀ ကျော်ရှိသည့် Zarni Tike facebook page က ဇွန် ၆ တွင် တင်ခဲ့သည်။

အဆိုပါရုပ်သံကို အွန်လိုင်းတင်ရာတွင် ရေးသားထားသည့်စာသားများပါ ပြည်ခိုင်ဖြိုးပါတီကို “ဖွတ်ပါတီ” ဟု သုံးနှုန်းထားခြင်းနှင့် ပါတီ၏ပျော်ဘွယ်အမတ် ဦးသောင်းအေးအား “ဖွတ်သောင်းအေး” ဟု ပုတ်ခတ်ထားခြင်းကို မကျေနပ်ကြောင်း၊ Zarni Tike မှာ ပြည်ပမှာဖြစ်နေသည့်အတွက် အရေးမယူနိုင်၍ ဗီဒီယိုရိုက်ကူးပေးပို့သူကို ပါတီကိုယ်စားပြု အမှုဖွင့်ရခြင်းဖြစ်ကြောင်း ယင်းပါတီ၏ မြို့နယ်သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဒေါ်ငြိမ်းအိအိအေးကဆိုသည်။

လောင်းကစားဝိုင်းရှိခြင်း၊ မရှိခြင်းအပေါ် စိတ်ဝင်စားမှုမရှိကြောင်း ယခုအမှုဖွင့်ရခြင်းမှာ ပါတီအမတ်နှင့်ပါတီကို သိက္ခာကျစေရန်ရေးသားမှုကြောင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ရွာအတွင်း လောင်းကစားဝိုင်းများ ရှိနေသည်ကို အများသိစေလို၍ ရုပ်သံရိုက်ကူးကာ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ကြံ့ခိုင်ရေးမဲနိုင်သည့်နယ်မြေ ဟူ၍ပါတီနှင့်ဆိုင်သော အသုံးအနှုန်းများမှာမူ ကိုဇာနည်ထိုက်က ရေးတင်လိုက်ခြင်းသာဖြစ်ကြောင်း ကိုသုဝဏ်ကဆိုသည်။

ရုပ်သံဖိုင်အင်တာနက်တွင် ရောက်ရှိပြီး နောက်တစ်နေ့ ဇွန်လ ၇ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ အမတ်ဦးသောင်းအေးကိုယ်တိုင် ရွာသို့ရောက်ရှိလာ ပြီး ထိုရုပ်သံရိုက်ခဲ့သူကို စုံစမ်းကြောင်း၊ ၄င်းနှင့်အတူပါလာသည့် မီဒီယာတစ်ခုကရွာဦးကျောင်းဆရာတော်နှင့် ရွာသားအချို့အား မေးမြန်းကာ သတင်းရယူသွားခဲ့ကြောင်း ထို့နောက် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးသောင်းအေးကမူ ဇွန်လ ၇ ရက်နေ့တွင် ထိုရွာသို့ စည်းရုံးကိစ္စဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူပါလာသည့် မီဒီယာများကသာ ထိုရုပ်သံကိစ္စကို စုံစမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကိုယ်တိုင် စုံစမ်းရေးတွင် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိကြောင်း Myanmar Now ကိုဖုန်းဖြင့် ပြောကြားသည်။

Facebookတွင် အဆိုပါဗီဒီယိုဖိုင်အား တင်ခဲ့သူ Zarni Tike (ခေါ်)ဇာနည်အောင်လင်း အကောင့်အား Myanmar Now က ဆက်သွယ်မေးမြန်းရာ ရွှေရုံးကုန်းရွာဆိုသည်မှာ ၂၀၁၈ မေ ၂၃ တွင် ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် ရွာလုံးကျွတ်ဝင်ရောက်ခဲ့သည့် ရွာဖြစ်ပြီး ယခုလောင်းကစားဝိုင်းများကိစ္စကို ပြည်ခိုင်ဖြိုးပါတီနှင့် သက်ဆိုင်ရာလွှတ်တော်အမတ် ဦးသောင်းအေး သိစေရန် ၎င်းတို့အမည်တပ်၍ ရေးသားခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေဆိုသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ မှာ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်ဩဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတို့ ပြုမှုအတွက် စွဲဆိုသောပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ်နှစ် အထိ အများဆုံးချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

Related Articles

Back to top button