သတင်း

လုပ်ခတိုးတောင်းသည့် အလုပ်သမားများကို နိုင်ငံရေးပုဒ်မဖြင့် စစ်ကောင်စီ အရေးယူ

လုပ်ခတိုးတောင်းခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ သီတင်းနှစ်ပတ်ကြာ ဖမ်းဆီးခံထားရသည့် အထည်ချုပ်အလုပ်သမားများနှင့် ကူညီသူ ၁၀ ဦးကို စစ်ကောင်စီက ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်သည်။

ရန်ကုန်မြို့၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့ရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမားခေါင်းဆောင် ၇ ဦးနှင့် အလုပ်သမားအရေးကူညီသူ ၃ ဦးကို အာဏာသိမ်းစစ်တပ်က ယခုလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။​

ဖမ်းဆီးထားသည့် အလုပ်သမားများနှင့် ပတ်သက်၍ ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် စစ်ကောင်စီက ထုတ်ပြန်ရာ၌ ဆန္ဒပြဆူပူမှုများဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော်သူများကို ဖမ်းမိကြောင်း၊ အလုပ်သမားအရေး ကူညီဆောင်ရွက်သည့်အဖွဲ့အစည်း Action Labor Rights မှ ခေါင်းဆောင်ပိုင်းများကိုလည်း ဆက်လက်ဖမ်းဆီးမည်ဖြစ်ကြောင်း ဖော်ပြသည်။

ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံရသည့် အလုပ်သမားခေါင်းဆောင်များမှာ Hosheng Myanmar စက်ရုံမှ ကိုအောင်အောင်၊ မသူသူစံ၊ မသန္တာအေး၊ မအေးသန္တာဌေး၊ မမေသူမင်း၊ Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ မသီတာဝင်းနှင့် ကိုလှိုင်ဝင်းထက်၊​ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် Action Labor Rights အဖွဲ့မှ မသန္တာစိုးလင်း၊ မဖြိုးမြတ်မြတ်သင်းနှင့် ထိုအဖွဲ့ကို ကူညီသူ ကိုဟိန်းမင်းဇော်တို့ ဖြစ်သည်။​

ထို ၁၀ ဦးနှင့် ပတ်သက်၍ အမည်၊ ဓာတ်ပုံများနှင့်တကွ စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။​ Action Labor Rights အဖွဲ့သည် တရားမဝင် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ထွက်ပြေးတိမ်းရှောင်နေသော ထိုအဖွဲ့မှ ကိုသူရိန်အောင်နှင့် မသူဇာဆိုသူတို့ကို ဖမ်းဆီးမည်ဖြစ်ကြောင်းလည်း ဆိုသည်။

အထက်ပါ အလုပ်သမားခေါင်းဆောင် ၇ ဦးမှာ လက်ရှိ တစ်နေ့လုပ်ခလစာ ကျပ် ၄၈၀၀ မှ ကျပ် ၅၆၀၀ သို့ တိုးမြှင့်ပေးရန်နှင့် အလုပ်သမားအခွင့်အရေး အပြည့်အဝရရန် ဦးဆောင်တောင်းဆိုခဲ့ပြီးနောက် စက်ရုံမှ အလုပ်ထုတ်ခံရသည့်အပြင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းလည်း ခံခဲ့ရသည်။

ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသော အလုပ်သမားခေါင်းဆောင်များနှင့် ကူညီသူများကို ဖမ်းဆီးရမိ၊ အရေးယူကြောင်း ကြေညာချက်။

စစ်ကောင်စီလက်ထက်တွင် အဘက်ဘက်မှ ယိုယွင်းလာသော အခြေအနေများကြောင့် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်လာရာ တစ်နေ့လုပ်ခ ကျပ် ၄၈၀၀၊ တစ်လ ကျပ်တစ်သိန်းကျော်သာ ရရှိသော အထည်ချုပ်အလုပ်သမားများအနေဖြင့် ဘဝရပ်တည်ရန် ခက်ခဲနေသည်။​

စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးအရေးယူရာတွင် နာမည်ကျော် ပုဒ်မ ၅၀၅ ကို အများဆုံးအသုံးပြုလေ့ရှိကာ ထိုပုဒ်မအရ ထောင်ဒဏ် ၂ နှစ်မှ ၃ နှစ်အထိ ချမှတ်နိုင်သည်။

“သူတို့ (အလုပ်သမားခေါင်းဆောင်များ) က ကျန်တဲ့အလုပ်သမားတွေ လုပ်ခလစာတိုးတောင်းတာတောင်မှ အဲဒီလို မလုပ်နဲ့ သွားညှိပေးမယ်ဆိုပြီး လုပ်ပေးခဲ့သူတွေ။ အဲဒါကိုမှ စက်ရုံက အလုပ်သမားတွေကို ဒီလူတွေက လှုံ့ဆော်တယ်ဆိုပြီး လုပ်တာ။ အလုပ်သမားတွေက ကြားညှပ်တာပေါ့ဗျာ။ မနေ့က NUG ထုတ်ပြန်ချက်ကလည်း ပိုဆိုးသွားစေတာ” ဟု ဖမ်းဆီးခံထားရသူများနှင့် နီးစပ်သည့် အထည်ချုပ်အလုပ်သမားတစ်ဦးက ဆိုသည်။​

စက်မှုဇုန်များရှိ စက်ရုံများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေပါက ထိရောက်စွာ အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အလုပ်သမားရေးဝန်ကြီးဌာနက ယမန်နေ့ (ဇွန် ၂၈) တွင် ထုတ်ပြန်ခဲ့ခြင်းကို ၎င်းက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

နာမည်ကျော်အမှတ်တံဆိပ်တစ်ခုဖြစ်သော Zara အပါအဝင် ကမ္ဘာကျော်အဝတ်အထည်အမှတ်တံဆိပ် ၇ ခု ထုတ်လုပ်နေသည့် Inditex လုပ်ငန်းစုအတွက် ချုပ်လုပ်ပေးနေသည့် ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Hosheng (Myanmar) အထည်ချုပ်စက်ရုံ၌ အလုပ်သမားများက ယခုလဆန်းပိုင်းတွင် လုပ်ခလစာ တိုးတောင်းခဲ့ခြင်းဖြစ်သည်။

ဦးဆောင်တောင်းဆိုခဲ့သည့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် အလုပ်သမားခေါင်းဆောင် ၇ ဦးကို ဇွန် ၁၀ တွင် စက်ရုံက အလုပ်ထုတ်ပစ်ခဲ့သည်။ နောက်လေးရက်အကြာတွင် အလုပ်ထုတ်ခံရသူများနှင့် စက်ရုံတာဝန်ရှိသူတို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး ထိုမှအပြန်တွင် အလုပ်သမားများကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ ကျန်သူများကိုလည်း နောက်ရက်များတွင် ဆက်လက် ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးထားသူများကို ချက်ချင်းပြန်လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက ဇွန် ၂၀ တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါကိစ္စများကို အခြေခံကာ ကမ္ဘာ့အလုပ်သမားသမဂ္ဂက ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်ခဲ့သောကြောင့် Inditex လုပ်ငန်းစုသည် လုပ်ငန်းများရပ်ဆိုင်းကာ မြန်မာနိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်နေကြောင်း ဇွန် ၂၂ တွင် ကြေညာထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုများ၊ တစ်နိုင်ငံလုံးမှ လက်နက်ကိုင်တော်လှန်မှုများဖြင့် ရင်ဆိုင်နေရသော စစ်ကောင်စီသည် တစ်ဖက်တွင်လည်း ဖိနှိပ်မှုများ ပြုလုပ်နေရာ အလုပ်သမားများကိုပင် နိုင်ငံရေးပုဒ်မများ တပ်ကာ ဖမ်းဆီးအရေးယူလာသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နာမည်ကျော် အဝတ်အထည်အမှတ်တံဆိပ်များဖြစ်သည့် ဥရောပအခြေစိုက် C&A, လန်ဒန်မြို့အခြေစိုက် Tesco PLC, Marks & Spencers, အိုင်ယာလန်မှ Primark နှင့် ဂျပန် Uniqlo တို့ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်။ အထွေထွေအကျပ်အတည်းများနှင့်အတူ အလုပ်လက်မဲ့နှုန်းလည်း မြင့်တက်လာသည်။

ယခုလ ၂၇ ထုတ် ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ ၂၀၁၇ မှ ၂၀၂၂ အတွင်း လုပ်ငန်းခွင် ဝင်ရောက်နိုင်သည့် အရွယ်ရောက် အလုပ်သမားပေါင်း ၉ သန်းရှိသော်လည်း အလုပ်အကိုင်သစ်မှာ နှစ်သန်းကျော်သာ ရှိသည်။ အလုပ်လက်မဲ့ဖြစ်နေသူ၊ ပညာသင်ကြားခြင်းမရှိသော လူငယ်လူရွယ်နှင့် အလုပ်အကိုင်ရရှိရန် ကျွမ်းကျင်မှုသင်တန်း တက်ရောက်ခြင်းမရှိသူ အရေအတွက်မှာ ၆ သန်းကျော် ရှိလာသည်ဟု ဆိုသည်။

အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာမှုနှင့်အတူ လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ကုန်ထုတ်လုပ်မှုလည်း လျော့ကျလာကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် အထည်ချုပ်ပို့ကုန် ကွန်တိန်နာအလုံးရေ ၁၈,၀၀၀ ကျော် ရှိခဲ့သော်လည်း ယခုနှစ် ဧပြီလတွင် အလုံးရေ ၄၀၀၀ ကျော်ခန့်သာ ရှိတော့သည်ဟု ရန်ကုန်ဆိပ်ကမ်းစာရင်းဇယားများကို ကိုးကား၍ ယခုလ ၂၇ ရက်နေ့ထုတ် ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ပါရှိသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button