ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ကန့်သတ်ချက်ကြောင့် ကာကွယ်ရေးဝန်ကြီးဌာန၏ မြေငှားရမ်းခများအပေါ် ကြီးကြပ်စစ်ဆေးနိုင်ခြင်းမရှိဟု ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး တာဝန်ရှိသူက ပြောသည်။
စစ်သမိုင်းပြတိုက်နေရာဟောင်းတွင် ဆောက်လုပ်နေသည့် အဆင့်မြင့်ဟိုတယ်နှင့် ရုံးခန်းများပါဝင်သော Y Complex စီမံကိန်းမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာနှစ်သန်းကျော် ကာကွယ်ရေးဝန်ကြီးဌာနက ရရှိနေမှုနှင့်ပတ်သက်၍ Myanmar Now က မေးမြန်းရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးက ယင်းသို့ပြန်လည်ဖြေဆိုခြင်းဖြစ်သည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက နေပြည်တော်တွင် ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ Myanmar Now က ယင်းသို့မေးမြန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ Y Complex စီမံကိန်းမှာ စစ်သမိုင်းပြတိုက်ဟောင်းနေရာဖြစ်သည့် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းနှင့် ပန်တျာလမ်းထောင့်ရှိ ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်ချုပ်ရုံးပိုင်မြေ ကိုးဧကပေါ်တွင်တည်ဆောက်နေခြင်းဖြစ်သည်။
ဝန်ကြီးဌာနတိုင်း၏ ပုဂ္ဂလိကထံ မြေငှားရမ်းမှုများနှင့်ပတ်သက်၍ သမ္မတရုံး၏ညွှန်ကြားချက်များကို လိုက်နာခြင်းရှိမရှိ စိစစ်၍ သဘောထားမှတ်ချက်ပြန်ကြားခြင်း၊ ကြီးကြပ်မှုအပိုင်းတွင် လိုအပ်သလိုပါဝင်ဆောင်ရွက်ခြင်းများ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက လုပ်ဆောင်ပေးရကြောင်း ဒေါ်နိုင်သက်ဦးကဆိုသည်။
သို့သော် ၂၀၁၀ ပြည့်နှစ် နအဖအစိုးရလက်ထက်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၃၉ တွင် “ဤဥပဒေပါပြဋ္ဌာန်းချက်များသည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ခြင်းမရှိစေရ”ဟု ကန့်သတ်ထားသည်။
“ကျွန်မတို့စိစစ်ရတဲ့ နယ်ပယ်ထဲမှာမရှိပါဘူး။ စစ်ပေးပိုင်ခွင့်မရှိတဲ့အတွက် ဒီမြေနဲ့ပတ်သက်ပြီး သီးခြားပြောစရာမရှိပါဘူး”ဟု ဒေါ်နိုင်သက်ဦးကဆိုသည်။
သို့သော် အစိုးရဌာနအဖွဲ့အစည်းတိုင်းသည် သမ္မတရုံးမှထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာရန် တာဝန်ရှိမည်ဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုသည်။
ရန်ကုန်စစ်သမိုင်းပြတိုက်နေရာဟောင်းကို တပ်မတော်စစ်ထောက်ချုပ်ရုံးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)တို့က ဧရာဟင်္သာ ကုမ္ပဏီ၏ လက်အောက်ခံစီးပွားရေးတစ်ခုဖြစ်သည့် Yangon Technical and Trading (YTT)ကို တိုက်ရိုက် ငှားရမ်းထားကြောင်း Myanmar Now ကဖတ်ရှုခွင့်ရခဲ့သည့် ၂၀၁၃ ခုနှစ်ရက်စွဲပါ မြေငှားစာချုပ်အရ သိရသည်။ ငှားရမ်းသူအဖြစ် ဒုတိယစစ်ထောက်ချုပ် ဗိုလ်မှူးကြီး အောင်မင်းသိန်း ဖြစ်ကြောင်းလည်း တွေ့ရသည်။
YTT က ဂျပန်နိုင်ငံအခြေစိုက် ကုမ္ပဏီများဖြစ်သည့် Fujita Corporation ၊ Tokyo Tatemono၊ ဂျပန်အစိုးရနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ပူးပေါင်းတည်ထောင်ထားသော Japan Overseas Infrastructure Investment Corporation for Transport and Urban Development တို့နှင့်ပူးပေါင်းကာ အဆိုပါမြေနေရာတွင် ကြယ်ငါးပွင့် ဟိုတယ်နှင့် ရုံးခန်းများပါဝင်သည့် Y Complex အမည်ရှိ ကန်ဒေါ်လာ ၃၃၂ သန်း ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းတစ်ခု အကောင်အထည်ဖော်နေခြင်းဖြစ်သည်။
မြေနေရာကို ကနဦး နှစ် ၅၀ ငှားရမ်းခွင့်နှင့် ၁၀ နှစ် နှစ်ကြိမ် သက်တမ်းတိုးခွင့်ဖြင့် စစ်ထောက်ချုပ်ရုံးက ငှားရမ်းခြင်းဖြစ်ပြီး သက်တမ်းစေ့သည့်အခါ မြေနေရာကို ကာကွယ်ရေးဝန်ကြီးဌာနအား ပြန်လည်လွှဲပြောင်းပေးရမည် ဖြစ်သည်။
နိုင်ငံသားပိုင် YTT ၏ စီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၃ တွင် ခွင့်ပြုပေးခဲ့ပြီးနောက် ဂျပန်ကုမ္ပဏီများ၏ ပူးပေါင်းရင်းနှီးမြှုပ်နှံမှု ရရှိပြီး ဖက်စပ်စီမံကိန်းကိုမူ ၂၀၁၆ တွင် ထပ်မံခွင့်ပြုပေးခဲ့သည်။
မြေငှားရမ်းစာချုပ်တွင် ငှားရမ်းခငွေများ တပ်မတော်၏ ဘဏ်စာရင်းတစ်ခုထဲသို့ လွှဲပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသော်လည်း Myanmar Now ကဖတ်ရှုခွင့်ရခဲ့သော ကာကွယ်ရေးဝန်ကြီးဌာနနှင့် အစိုးရ၏ အထွေအထွေ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အစီရင်ခံစာများတွင် Y-Complex မြေငှားရမ်းခငွေများအကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားမှု မတွေ့ရပေ။
ငှားရမ်းခရငွေများ အစိုးရ၏ဘဏ္ဍာရေးရှင်းတမ်းများတွင် ရှင်းလင်းစွာဖော်ပြထားခြင်းမရှိမှုနှင့် စပ်လျဉ်း၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီထံ Myanmar Now က ဇွန် ၈ တွင် မေးမြန်းရာ သက်ဆိုင်ရာဌာနများနှင့်ဆက်သွယ်ပြီး နောက်ရက်များတွင် ပြန်ကြားပေးမည်ဟုဆိုသည်။
ထို့အတူ အဆိုပါငှားရမ်းခရငွေများ ပြည်သူ့ဘဏ္ဍာငွေသို့ ရောက်ရှိခြင်းရှိမရှိ၊ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေငှားရမ်းမှုများအပေါ် မည်သို့စိစစ်ဆောင်ရွက်နေသည်နှင့်ပတ်သက်၍ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို Myanmar Now က ယနေ့မေးမြန်းထားသော်လည်း မှတ်ချက်တစ်စုံတစ်ရာမရသေးပေ။
မြန်မာနိုင်ငံအတွက် တရားမျှတမှု (Justice for Myanmar) အဖွဲ့ကမူ Y Complex စီမံကိန်းမှ ဝင်ငွေသည် အရပ်သားအစိုးရ၏ ကြီးကြပ်မှုမရှိဘဲ မြန်မာတပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ငွေကြေးထောက်ပံ့ပေးသည့်သဘော သက်ရောက်နေနိုင်ကြောင်း ဝေဖန်ပြောဆိုထားသည်။
အဆိုပါနေရာတွင် ယခင်က သမိုင်းဝင်ဂျူဗလီဟော တည်ရှိခဲ့ပြီး ဂျူဗလီဟောမှာ အင်္ဂလိပ်ကိုလိုနီဘဝမှ လွတ်မြောက်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ အဆောက်အအုံလည်း ဖြစ်သည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ ဈာပနအခမ်းအနား ပြုလုပ်ခဲ့ရာနေရာလည်း ဖြစ်သည်။
စစ်သမိုင်းပြတိုက်တစ်ခု တည်ဆောက်ရန် ၁၉၈၅ ခုနှစ်တွင် ဂျူဗလီဟောကို ဖြိုချခဲ့ပြီး ပြတိုက်ကို ၁၉၉၄ တွင် ဖွင့်လှစ်ခဲ့သည်။ ယခု Y Complex စီမံကိန်းကို အကောင်အထည်ဖော်ရန် အဆိုပါ စစ်သမိုင်းပြတိုက် အဆောက်အအုံကို ၂၀၁၇ တွင် ထပ်မံဖြိုချခဲ့ခြင်းဖြစ်သည်။