
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ရဲစခန်း တိုက်ခိုက်ခံရသည့်ရွာကို စစ်ကောင်စီတပ်က အထိုင်ချပြီး နေ့စဉ် ဖျက်ဆီးနေရာ ရွာရှိ အိမ်ခြေ ၇၀ ရာခိုင်နှုန်းနီးပါး မီးလောင်ပြာကျနေပြီဖြစ်ကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
မုံရွာမြို့နှင့် မျက်နှာချင်းဆိုင် ချင်းတွင်းမြစ်ကမ်းရှိ ညောင်ပင်ကြီးရွာ ရဲစခန်းကို ဇွန် ၉ ရက်နေ့တွင် ဒေသခံကာကွယ်ရေးအဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ ထိုညနေမှာပင် အင်အား ၁၀၀ ကျော်ခန့်ရှိ စစ်ကောင်စီလက်နက်ကိုင်များ ရွာတွင် တပ်စွဲခဲ့ကြောင်း၊ အိမ်ခြေ ၇၀ ရာခိုင်နှုန်းခန့် မီးလောင်ပြီးဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ပြန်ကြားရေးတာဝန်ခံက ယနေ့ ပြောသည်။
ဆားလင်းကြီးမြို့မြောက်ဘက် ၈ မိုင်ခန့်အကွာတွင် တည်ရှိသော ညောင်ပင်ကြီးရွာတွင် အိမ်ခြေ ၁၀၀၀ ခန့် ရှိပြီး အထက်တန်းကျောင်း၊ ဈေးတို့ဖြင့် စည်ကားသည့် ရွာကြီးဖြစ်သည်။
ရဲစခန်း၏ မြောက်ဘက် ကပ်လျက်တွင် တည်ရှိသည့် နှင်းတောရပ်ကွက်မှာ ဇွန် ၂၆ နံနက် ၁၀ နာရီခန့်မှ စတင်၍ မီးရှို့ခံရကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရှိရသည်။
“ရွာကတော့ အကုန်လုံးနီးပါး ပြာကျပြီလို့ပဲ ပြောရမှာပေါ့။ နေ့တိုင်း မီးရှို့နေတာဆိုတော့ အိမ်ခြေ ၇၀၀ ကျော်လောက် မီးရှို့ခံလိုက်ရပြီ” ဟု ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် Salingyi GZ မှ တာဝန်ရှိသူ ကိုပန်ကာက ဆိုသည်။

လက်ရှိတွင် ညောင်ပင်ကြီးရွာအတွင်း ပစ္စည်းပြန်ယူသည့် ဒေသခံတချို့လည်း ပစ်ခတ်ခံရသလို ဖမ်းဆီးခံရခြင်း ရှိကြောင်း ဆားလင်းကြီးမြို့နယ်ပအဖ ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။
စစ်ကောင်စီက ထိုရွာအခြေအနေများကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
သိမ်တော်ရပ်ကွက်သည် ဇွန် ၁၄ ရက်တွင် မီးရှို့ခံရသည်၊ ထိုနေ့တွင် စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်ရွာများကို ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ရွာအခြေအနေ သွားရောက် စနည်းနာသည့် ဒေသခံ ၃ ဦး နှင်းတောရပ်ကွက်နှင့် ထန်းတောဦးရပ်ကွက်အကြား ပစ်ခတ်ခံခဲ့ရပြီး တစ်ဦး သေဆုံးခဲ့သည်။
ဇွန်၂၁ အထိ သတင်းများအရ စိတ်ကျန်းမာရေးမကောင်းသူ ကိုကျော်မင်းခိုင် ပစ်သတ်ခံရသလို ရွာထဲ ပိတ်မိနေသည့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး အစာရေစာ ပြတ်လပ်သေဆုံးကာ စစ်ဘေးရှောင်အမျိုးသား ၁ ဦးလည်း အမောဖောက်သေဆုံးခဲ့ကြောင်း ပအဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အခက်အခဲတွေတော့ ရှိနေတာပဲ။ စစ်ဘေးရှောင်ရတာ အကြာဆုံးလို ဖြစ်နေပြီ။ ခါတိုင်းက လေးငါးခြောက်ရက်နဲ့ ကိုယ့်အိမ်ကိုယ် ပြန်ကပ်လို့ရတယ်။ အခုက ရက်ရှည်သဘောမျိုး ဖြစ်နေတာ။ ရွာထဲမှာလည်း အိမ်က မရှိတော့ဘူးဆိုတော့ ဒုက္ခတော့ ရောက်နေတာပေါ့” ဟု ပြောသည်။
ညောင်ပင်ကြီးရွာမှ သိမ်တော်၊ ရွာရှည်၊ နှင်းတော၊ အမှတ် (၃) နှင့် အမှတ် (၄) ရပ်ကွက်များ၊ အောင်ချမ်းစည်၊ ရုံးပင်ရိုး စသည့် အနီးဝန်းကျင်ကျေးရွာတို့မှ ဒေသခံများ စုစုပေါင်း လူဦးရေ ၆၀၀၀ ခန့်မှာ ပိုမိုလုံခြုံသည့်နေရာများသို့ ရှောင်တိမ်းနေရသည်။

တိမ်းရှောင်နေရသည်မှာ ရက် ၂၀ ကျော် ကြာမြင့်လာသည့်အပြင် မိုးတွင်းကာလလည်း ဖြစ်သောကြောင့် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းအခက်အခဲ ပိုမို ကြီးမားလာနေကြောင်း ဆားလင်းကြီးပအဖဘက်က ဆိုသည်။
စစ်ကောင်စီက တရုတ်နှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည့် ဝမ်ပေါင်ကြေးနီစီမံကိန်းအနီး တည်ရှိသော ညောင်ပင်ကြီးရဲစခန်းကို ပြန်လည် တည်ဆောက်နေကြောင်း ဆားလင်းကြီးပအဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ညောင်ပင်ကြီး ဆိုတာက ဆားလင်းကြီးမြို့နယ်အတွက် ကုန်သွယ်မှုလမ်းကြောင်းမှာ အချက်အချာကျတယ်။ ဝမ်ပေါင်ကုမ္ပဏီအတွက် ကာပေးချင်လို့၊ ဒီနေရာကို ခြေကုပ်ကောင်းကောင်း လိုချင်လို့ အခုလိုမျိုး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပစ်တာလို့ ယူဆရပါတယ်” ဟု သူက ပြောသည်။
စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း ဆက်တပ်စွဲထားဆဲဖြစ်ပြီး ဒေသခံများ ရွာထဲ ပြန်မဝင်နိုင်သေးသည့်အတွက် ပျက်စီးသည့် အိမ်ခြေအရေအတွက်နှင့် ထိုကျေးရွာမှ သေဆုံးသူအရေအတွက်ကိုလည်း အသေးစိတ် မသိရသေးပေ။
လက်နက်အားကိုးဖြင့် အာဏာသိမ်းယူပြီး ဆန္ဒပြသူတို့ကို ပစ်သတ်ခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်ကို လက်မခံနိုင်ဘဲ တော်လှန် ခုခံနေသော ဒေသများထဲတွင် နိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်းလည်း အပါအဝင်ဖြစ်သည်။
စစ်ကောင်စီက ဆားလင်းကြီးမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ခုခံမှု အားကောင်းရာ မြို့နယ် ၄၀ ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)