စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာတွင် ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ထိုရွာကို နေ့စဉ် မီးရှို့နေပြီး ယနေ့ (ဇွန် ၁၄) တွင် ဒေသခံ ၁ ဦးကို ပစ်သတ်လိုက်သည်။
နံနက် ၉ နာရီခန့်တွင် ဒေသခံ ၃ ဦးက ရွာအတွင်း အခြေအနေကို သွားရောက် စနည်းနာစဉ် နှင်းတောရပ်ကွက်နှင့် ထန်းတောဦးရပ်ကွက်ကြားတွင် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသကာကွယ်ရေးအဖွဲ့ Salingyi GZ ထံမှ သိရသည်။
“တစ်ယောက်က ခေါင်းထိထားတယ်။ အဲ့ဒါက အလောင်းမကောက်ရသေးဘူး၊ ပွဲချင်းပြီးပဲ။ ကျန်တဲ့ နှစ်ယောက်ကတော့ လက်တစ်ချက်ရယ်၊ ပေါင်တစ်ချက်ရယ် ထိထားတယ်” ဟု ထိုအဖွဲ့မှ တာဝန်ရှိသူ ကိုပန်ကာက ပြောသည်။
ပစ်သတ်ခံရသည့် ဒေသခံ၏ အသက်နှင့် အမည်တို့ကို အသေးစိတ် မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။
မုံရွာမြို့နှင့် မျက်နှာချင်းဆိုင် ချင်းတွင်းမြစ်တစ်ဖက်ကမ်း ညောင်ပင်ကြီးရွာရဲစခန်းကို ဇွန် ၉ ညနေပိုင်းတွင် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဝန်းကျင်ဖြင့် ထိုရွာထဲ တပ်စွဲကာ နေအိမ်များကို နေ့စဉ်ရက်ဆက် မီးရှို့နေသည်။
မုံရွာမြို့ပေါ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည့် ညောင်ပင်ကြီးရဲစခန်းကို စီးနင်းတိုက်ခိုက်မှုသတင်းကို ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ရာတွင် စစ်ကောင်စီတပ်သားများ သေဆုံးသည်၊ လက်နက်များ သိမ်းဆည်းရခဲ့သည်ဟု ဖော်ပြထားသည်။
တိုက်ခိုက်ခံထားရသည့် ရဲစခန်းတွင် အင်အားဖြည့်ထားသော စစ်သားများက ယနေ့ နံနက် ၈ နာရီဝန်းကျင်က အနီးရှိ သိမ်တော်ရွာကို မီးရှို့ခဲ့ပြီး မွန်းတည့် ၁၂ နာရီဝန်းကျင်၌ နှင်းတောရပ်ကွက်ကို မီးထပ်ရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။
ဆားလင်းကြီးမြို့မြောက်ဘက် ၈ မိုင်ခန့်အကွာတွင် တည်ရှိသော ညောင်ပင်ကြီးရွာမှာ အိမ်ခြေ ၇၀၀ ခန့်ရှိပြီး အထက်တန်းကျောင်း၊ ဈေးတို့ဖြင့် စည်ကားသည့် ရွာကြီးတစ်ရွာဖြစ်သည်။ ထိုရွာကို စစ်တပ်က ၆ ရက်ဆက်တိုက် မီးရှို့အပြီး အိမ်ခြေ ၂၀၀ ထက်မနည်း ပျက်စီးဆုံးရှုံးနိုင်ကြောင်း သိရသည်။
ဒေသခံတို့ တိမ်းရှောင်နေကြပြီး အမျိုးသမီးများအပါအဝင် ဒေသခံ ၁၀ ဦးခန့် ကျေးရွာအတွင်း လိုအပ်သည့်ပစ္စည်း ပြန်ယူကြစဉ် စစ်တပ်က ဖမ်းဆီးထားသည်ဟု ဆိုကြသည်။
စစ်ကောင်စီတပ်သည် ဖမ်းဆီးခံထားရသည့် ပကဖအဖွဲ့ဝင်တစ်ဦးကိုလည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်ပြီး ရွာကို နေ့စဉ်ရက်ဆက် မီးရှို့နေခြင်းမှာ ရဲစခန်းတိုက်ခိုက်ခံရစဉ် အထိနာသည့်အတွက် လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။
လက်ရှိတွင် ညောင်ပင်ကြီးရွာမှ သိမ်တော်၊ ရွာရှည်၊ နှင်းတော၊ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်၊ အနီးတစ်ဝိုက်ရွာများဖြစ်သည့် အောင်ချမ်းစည်၊ ရုံးပင်ရိုးတို့မှ ထောင်နှင့်ချီသည့် ဒေသခံများမှာ ပိုမို လုံခြုံမည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒပြသည့် ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံတွန်းလှန်နေရာ နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းသည် တော်လှန်ရေး ရှေ့တန်းမျက်နှာစာတစ်ခု ဖြစ်လာသည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အကြာ မြို့နယ်ပေါင်း ၃၃၀ အနက် ၁၉၈ မြို့နယ်ကိုသာ နယ်မြေစိုးမိုးထားနိုင်ကြောင်း ယခုနှစ်ဆန်းပိုင်းတွင် စစ်ခေါင်းဆောင်က ထုတ်ဖော်ဝန်ခံထားပြီး လက်နက်ကိုင်ခုခံမှု အားကောင်းရာ မြို့နယ် ၄၀ ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)