
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များ လူအုပ်အတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံ အမျိုးသမီးတစ်ဦး၊ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးကာ ၁၂ ဦးခန့် ဒဏ်ရာရကြောင်း ဒေသခံများနှင့် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
ဇွန် ၂၄ ၊ နံနက် ၄ နာရီခန့်တွင် မြို့နယ်အနောက်ခြမ်း တဲစုရွာအတွင်း ဝင်လာသော စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်ရာ ထွက်ပြေးနေသည့် လူအုပ်အတွင်း လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ရွှေညီကိုတပ်ဖွဲ့အမည်ရှိ ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့၏ ခေါင်းဆောင် ကိုဆံရှည် ဆိုသူက ပြောသည်။
“မနက်အစောကြီး ရွာနား ကပ်လာတော့မှ လက်နက်ကြီးတွေနဲ့ ပစ်တော့ အငိုက်မိသွားသလို ဖြစ်သွားတာ။ လက်နက်သံ ကြားတော့မှ ရွာသူရွာသားတွေကလည်း ဝရုန်းသုန်းကား ထွက်ပြေးကြရတာ။ အဲ့ဒီပြေးနေတဲ့ လူအုပ်ထဲကို တည့်တည့်ကျတာ” ဟု သူက ပြောသည်။
ထိုစဉ်က ဦးခေါင်းနောက်စေ့ကို ကျည်စ ထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသူမှာ အသက် ၄၈ နှစ်အရွယ် ဒေါ်မိုးဆွေ ဖြစ်သည်။
တံတားအနီး လူအများအပြား ရောက်နေချိန် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ရွာရဲ့ အရှေ့ဘက်မှာက ကာဘိုးဆည်က လာတဲ့ မူးချောင်းရှိတယ်၊ အဲ့ဒီမူးကို ကူးဖို့က တံတားတစ်စင်းပဲ ရှိတော့ အဲဒီမှာ လူတွေက ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေနဲ့ အကုန် စုပြုံကူးကြရတော့ ပိတ်ညပ်နေသလိုမျိုး ဖြစ်သွားတဲ့အချိန် တည့်တည့်ကျတာဆိုတော့ ထိသူလည်း များတယ်၊ ဒဏ်ရာရသူတွေကတော့ အသက်အန္တရာယ် မရှိတော့ပါဘူး” ဟု တဲစုရွာသားတစ်ဦးက ဆိုသည်။
ကျန်ဒဏ်ရာရသူများမှာ လက်၊ ခြေထောက်၊ ပေါင်နှင့် ခန္ဓာကိုယ်တို့တွင် လက်နက်ကြီးကျည်စများ ထိမှန်ခဲ့ကြသည်။
ယခုလဆန်းမှ စပြီး ခင်ဦး၊ ရေဦး၊ ရွှေဘိုနယ်တို့ကို လှည့်လည်စစ်ကြောင်းထိုးနေသည့် အင်အား ၁၀၀ ဝန်းကျင် စစ်ကောင်စီတပ် စစ်ကြောင်းသည် ခင်ဦးနယ်အနောက်ခြမ်း မြင်းဒေါင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ၅ ရက်ခန့် တပ်စွဲထားရာမှ တဲစုကျေးရွာသို့ ရုတ်တရက်ရောက်ရှိလာခြင်း ဖြစ်သည်။
ခင်ဦးမြို့နယ် အနောက်ဘက်တွင် ရေဦးမြို့နယ် ရှိပြီး တောင်ဘက်တွင် ရွှေဘိုမြို့နယ် ရှိသည်။
စစ်ကောင်စီလက်နက်ကိုင်တို့သည် မြစ်တော်ရွာတွင် ညအိပ် တပ်စွဲကာ ဇွန် ၂၅ တွင် မြို့အနောက်ဘက် ၆ မိုင်ခန့်အကွာ ကံသာယာကျေးရွာ (တောင်ရွာ၊ မြောက်ရွာ) အနီး ဆက်လက်စစ်ကြောင်းထိုးလာစဉ် မြောက်ရွာအနီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးလည်း လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း သိရသည်။
“ရွာသားတွေ ရှောင်နိုင်အောင် ရွာထဲမှာ ကူနေတဲ့အချိန် ဒေသခံတော်လှန်ရေးအဖွဲ့က ရဲဘော် ၃ ယောက်နားကို ကျကွဲတာ၊ တစ်ယောက် သေသွားတယ်၊ နှစ်ယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရတယ်၊ အခုတော့ မစိုးရိမ်ရတော့ပါဘူး” ဟု ကိုဆံရှည်က ဆိုသည်။
သေဆုံးသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်မှာ အသက် ၂၇ နှစ်အရွယ် ကိုဖိုးခို ဆိုသူ ဖြစ်သည်။
အဆိုပါစစ်ကြောင်းသည် ခင်ဦးမြို့အနီးမှ ဖြတ်ကာ မြို့နယ်အလယ်ပိုင်း အလယ်သျှိုကျေးရွာသို့ ရောက်ရှိနေပြီး၊ မည်သည့်ကျေးရွာများဘက်သို့ ဆက်လက်စစ်ကြောင်းထိုးမည်ကို စောင့်ကြည့်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်က အလယ်သျှိုကျေးရွာသို့ သွားရာလမ်းတွင် ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေး လိုင်းကားများ ရပ်နားလေ့ရှိသည့် စားသောက်ဆိုင်တစ်ခုနှင့် နေအိမ် ၃ လုံးခန့်ကို မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။
စစ်ကြောင်းထိုးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)