သတင်း

မသန်စွမ်းကလေးငယ်ကို လိင်စော်ကားမှုစွပ်စွဲချက်ဖြင့် အမျိုးသားတစ်ဦးကိုဖမ်း

စကားမပြောနိုင်သည့်အပြင် ပိုလီယိုရောဂါကြောင့် ကိုယ်အင်္ဂါလှုပ်ရှားနိုင်ခြင်းမရှိသော အသက် ၁၁ နှစ်ရှိ မသန်စွမ်းမိန်းကလေးငယ်ကို အဓမ္မပြုကျင့်မှု ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်တွင် မေ ၂၉ ကဖြစ်ပွားခဲ့သည်။

ထန်းတပင်မြို့နယ် ထိန်နှစ်ပင်ရွာမှ အသက် ၁၁ နှစ်အရွယ် ပိုလီယိုရောဂါသည် မသန်စွမ်းမိန်းကလေးတစ်ဦး အဓမ္မကျင့်ခံရသောကြောင့် ထန်းတပင်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး အဆိုပါအမှုကို မသန်စွမ်းကိုဗစ်နိုင်တင်းအရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီက ကူညီပေးနေကြောင်း ယင်းအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်သူဝင်းကပြောသည်။

မေ ၂၉ ည ၇ နာရီခန့်က အဆိုပါကလေးငယ်၏မိခင်မှာ အပြင်ခဏသွားရန်အတွက် ကလေးကို အိမ်နီးချင်းဖြစ်သူ အသက် ၂၇ နှစ်အရွယ် ကိုဝင်းနိုင်ဦးနှင့်အပ်ထားခဲ့ပြီး လမ်းတစ်ဝက်အရောက်တွင် ကလေးအော်သံကြားလိုက်သဖြင့် အိမ်သို့ပြန်လာကြောင်း၊ အိမ်ပြန်ရောက်ချိန်တွင် ကလေးကငိုနေသည်ကို တွေ့ရကြောင်း ကလေးမိခင်ကဆိုသည်။

ကလေးအားစစ်ဆေးကြည့်ရာ မိန်းမကိုယ်မှ သွေးများထွက်နေသည်ကို တွေ့ခဲ့ရသည့်အတွက် လမ်းလူကြီးများကို အကြောင်းကြားပြီး ထန်းတပင်မြို့မရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့သည်ဟု ၎င်းကပြောသည်။ ၎င်းတို့နေထိုင်သည်မှာ အိမ်ခန်း ၄ ခန်းတွဲဖြစ်ပြီး ကိုဝင်းနိုင်ဦးမှာ ဘေးခန်းတွင် နေထိုင်သူဖြစ်သည်။

“ကျွန်မကတော့ မကျေနပ်ဘူး။ ကျွန်မသမီးလေးမှာ စကားလည်းမပြောတတ် လှုပ်လည်းမလှုပ်ရှားနိုင်ဘူး ဒါတောင်မသနားဘဲလုပ်တာ။ လုပ်တဲ့သူကို အပြစ်ကြီးကြီးကျစေချင်တယ်” ဟု ကလေးငယ်၏မိခင်ကဆိုသည်။

စွပ်စွဲခံရသူ ကိုဝင်းနိုင်ဦးကို အဆိုပါညတွင်ပင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ထန်းတပင်ရဲစခန်းတွင် ချုပ်ထားကြောင်း၊ ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ စွပ်စွဲခံရသူ ကိုဝင်းနိုင်ဦးက ကလေး၏မိန်းမကိုယ်ကို လက်နှင့်ထိုးခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြောင်း ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထန်းတပင်မြို့မရဲစခန်းမှ ဒုရဲအုပ်ကောင်းမြတ်ဦးကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသည့်အခါ စွပ်စွဲခံရသူ ကိုဝင်းနိုင်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၇၇ တို့ဖြင့် အမှုဖွင့်ထားကြောင်း အတည်ပြုပေးသော်လည်း အသေးစိတ်အချက်အလက်များကို ဖြေဆိုရန် ငြင်းဆန်သည်။

မုဒိမ်းမှုပုဒ်မဖြစ်သော ရာဇသတ်ကြီးပုဒ်မ ၃၇၆ နှင့် ဓမ္မတာနှင့်ဆန့်ကျင်သော လိင်ဆက်ဆံမှုဖြစ်သော ရာဇသတ်ကြီးပုဒ်မ ၃၇၇ တို့မှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်ဆယ်နှစ်(သို့မဟုတ်) တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်သော ပုဒ်မများဖြစ်သည်။

ယင်းဖြစ်စဉ်ဖြစ်ပြီး တစ်ရက်အကြာတွင် လှိုင်သာယာဆေးရုံသို့ သွားရောက်ပို့ဆောင်ခဲ့ပြီး နာရီအနည်းငယ်ကြာ ကုသမှုပေးပြီးနောက် ဆေးရုံကဆင်းခွင့်ပေးခဲ့သည်။

ယင်းသို့ပြုကျင့်ခံရမှုကြောင့် ကလေးမှာ လူစိမ်းမြင်လျှင် ကြောက်လန့်နေခြင်း၊ မိခင်ကို အနားမှအပျောက်မခံခြင်း၊ ညဘက်တွင် တော်တော်နှင့် မအိပ်ခြင်းတို့ ဖြစ်နေသည့်အတွက် ကလေးစိတ်ဒဏ်ရာသွားမည်ကို စိုးရိမ်ကြောင်း ကလေးမိခင်ကဆိုသည်။

မသန်စွမ်းကိုဗစ်နိုင်တင်း အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီက အဆိုပါကလေးငယ်အတွက် ထောက်ပံ့ငွေများ ကူညီပေးရန် စီစဉ်နေသည်ဟု ဦးမြတ်သူဝင်းကဆိုသည်။

အဆိုပါအမှုအား အမြန်ဆုံးအရေးယူနိုင်ရန်လည်း အဆိုပါကော်မတီကဆောင်ရွက်နေပြီး ဇွန် ၁ ရက်ကလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ စာပေးပို့တိုက်ကြားထားကြောင်း ဆက်လက်၍လည်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် သက်ဆိုင်ရာဌာနများကိုလည်း တိုင်ကြားသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

စာရင်းများအရ မသန်စွမ်းအမျိုးသမီးများ မတရားပြုကျင့်ခံရမှုကို လိုက်ပါဆောင်ရွက်ပေးရသည်မှာ ၅ မှုထက်မနည်းရှိနေပြီး လာရောက်တိုင်ကြားခြင်းမရှိသည့် အမှုများလည်း ရှိနေသည်ဟု ဦးမြတ်သူဝင်းက ပြောသည်။

Show More

Related Articles

Back to top button