သတင်း

စစ်ကိုင်းတိုင်းအတွင်း ရဲစခန်းကျသည့်ရွာကို စစ်တပ် ဆက်လက်ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် အထိုင်ချပြီး နေ့စဉ် မီးရှို့ခံနေရသည့် ညောင်ပင်ကြီးရွာတွင် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦး အပါအဝင် အရပ်သား ၃ ဦး သေဆုံးသွားသည်ဟု သိရသည်။

မုံရွာမြို့ တစ်ဘက်ကမ်း ချင်းတွင်းမြစ်ကမ်းနဖူးပေါ်ရှိ ညောင်ပင်ကြီးရွာ နယ်မြေရဲစခန်းကို ဇွန် ၉ ရက်နေ့တွင် ကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ပြီးနောက် အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များ ရွာအတွင်း တပ်စွဲကာ ရက်ဆက် မီးရှို့နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သားများက ထိုကျေးရွာရှိ စိတ်ကျန်းမာရေးမကောင်းသူ ကိုကျော်မင်းခိုင်ကို ပစ်သတ်သွားကြောင်း၊ ရွာထဲပိတ်မိနေသည့် သက်ကြီးရွယ်အို ၁ ဦး အစာရေစာ ပြတ်လပ်သေဆုံးကာ စစ်ဘေးရှောင်အမျိုးသား ၁ ဦးလည်း အမောဖောက်သေဆုံးခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကိုကျော်မင်းခိုင်၏ ရုပ်အလောင်းကို ပြီးခဲ့သည့်ရက်ပိုင်းက ထန်းတောရပ်ကွက်တွင် တွေ့ရှိခဲ့ရသည်ဟု ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အလောင်းက ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ်။ နှိပ်စက်ထားတာလည်း ရှိတယ်။ တကိုယ်လုံးကို ညိုမည်းနေတာပဲတဲ့။ ညောင်ပင်ကြီး ထန်းတောရပ်ကွက်မှာ တွေ့ရတာ။ နာရေးကိစ္စတော့ ပြီးသွားပြီ” ဟု ပြောသည်။

ကျေးရွာအတွင်း ပိတ်မိနေသည့် အဘွား ဒေါ်တင်ရွှေမှာ အစာအာဟာရ ပြတ်သေဆုံးခဲ့ပြီး အသက် ၄၀ ကျော်အရွယ် ထန်းတောကြီးဒေသခံ ကိုစန်းကျော်ဦးမှာလည်း စစ်ဘေးရှောင်တိမ်းရင်း ဇွန် ၁၈ ရက်နေ့က သေဆုံးခဲ့ကြောင်း ဆားလင်းကြီး ပအဖ ဆိုသည်။

“ပြုစုစောင့်ရှောက်မယ့်သူ မရှိတာရော၊ စစ်ကြောင်းဝင်လာတော့ ဘေးလွတ်ရာကို ပြေးကြတော့ အဘွားက ကျန်နေခဲ့ပုံရတယ်။ စစ်ကြောင်းရှိတော့ ဘယ်သူမှလည်း သွားမကြည့်ရဲ။ သွားမပြုစုရဲ၊ အဲ့ဒီကနေ အစာရေစာ ပြတ်လပ်ပြီးတော့ ဆုံးတာလို့ ယူဆတယ်” ဟု ပြောသည်။

ထို့ပြင် လက်ပြန်ကြိုးတုပ်ခံထားရပြီး နှိပ်စက်ခံထားရသည့်ဒဏ်ရာများရှိနေသော ရုပ်အလောင်းတစ်ခုကိုလည်း ယနေ့ (ဇွန်၂၁) ရက် နံနက်ပိုင်းက ညောင်ပင်ကြီးကမ်းနားထိပ်တွင် တွေ့ရှိထားကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူ၏ အမည်၊ အသက်အရွယ်တို့ကိုမူ မသိရသေးပါ။

ဇွန် ၉ ရက် ညောင်ပင်ကြီးရဲစခန်းကို စီးနင်းသိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

ညောင်ပင်ကြီးစခန်း စီနင်းခံရပြီး နာရီဝက်ခန့်အကြာ လေတပ်၏ တိုက်ခိုက်မှုကြောင့် ကာကွယ်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာသွားပြီး မုံရွာဘက်မှ အင်အားဖြည့်တင်းလာသည့် စစ်တပ်က ညောင်ပင်ကြီးနှင့် အနီးအနားရွာများကို ၁၂ ရက် ဆက်တိုက် မီးရှို့နေသည်ဟု ဒေသခံများက ဆိုသည်။

ယမန်နေ့ (ဇွန် ၂၁ ရက်) က ရွှေအေးလေးရပ်ကွက်မှ နေအိမ် ၃ လုံးနှင့် ကား ၂ စီး မီးရှို့ခံခဲ့ရကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။ စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း ဆက်တပ်စွဲထားဆဲဖြစ်သည်။

ဒေသခံများ ရွာထဲ ပြန်မဝင်နိုင်သေးသည့်အတွက် ပျက်စီးသည့် အိမ်ခြေအရေအတွက်ကို မသိရသေးသော်လည်း အိမ်ခြေ ၅၀၀ ထက်မနည်း ပျက်စီးနိုင်ကြောင်း ဒေသခံများက ခန့်မှန်းထားသည်။

စစ်ကိုင်းတိုင်း၊ ညောင်ပင်ကြီးစခန်းအနီးရှိ ပြည်သူ့နေအိမ်များ မီးရှို့ဖျက်ဆီးခံနေရသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ − ဆားလင်းကြီး − ပအဖ)

လုံခြုံရေးအရ အမည်မဖော်လိုသည့် ညောင်ပင်ကြီးရွာခံ အသက် ၃၀ ကျော်အရွယ် စစ်ဘေးရှောင် အမျိုးသမီးက ရွာအတွင်း လှည့်လည်သွားလာနေသည့် စစ်ကောင်စီတပ်သားတို့၏ ရန်ကြောင့် နေအိမ်သို့ ပစ္စည်းပြန်ယူရာတွင် ခိုးကြောင်ခိုးဝှက် လုပ်ကိုင်နေရသည်ဟု ပြောသည်။

“အိမ်မှာ ထားလည်း မသေချာတဲ့ မရေရာတဲ့ အနေအထားမှာဆိုတော့ အိမ်ပြန်ပြီး ကိုယ့်ပစ္စည်းလေးတွေကို သယ်ကြတာပေါ့။ ရသလောက်လေး သယ်တယ်။ နောက်ကနေ ဆိုင်ကယ်တွေနဲ့ ပတ်နေတော့ ပြေးခဲ့ရတာ။ ရဲစခန်းဘက်ကနေ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ပတ်နေတော့ ပြေးခဲ့ရတော့တာ” ဟု သူက ပြောသည်။

ကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်ခံခဲ့ရသည့် ညောင်ပင်ကြီးရဲစခန်းသည် တရုတ်နှင့် စစ်ကောင်စီတို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည့် ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးတွင် တည်ရှိသည်။ ယခုအခါ ထိုစခန်းကို စစ်ကောင်စီတပ်သားများက ပြန်လည် တည်ဆောက်လျက်ရှိရာ ခြေကုပ်ယူ တပ်စွဲနိုင်ရန် ပြင်ဆင်နေဟန်ရှိသည်ဟု ဒေသခံများက ဆိုသည်။

“မုံရွာမြို့ကို ကာကွယ်ဖို့အတွက် ဒီဘက်ကို အခိုင်အမာ ပြန်လုပ်မယ်လို့ ယူဆထားတယ်။ လုပ်လည်းလုပ်နေတယ်။ စခန်းကို မစွန့်ဘဲနဲ့ သေချာပြန်ပြင်ဆင်နေတယ်။ ဘက်ဟိုး (မြေကော်စက်) နှစ်စီးလည်း ပါတယ်။ ကတုတ်တွေတူးတာ လုပ်နေတယ်။ အရင် စခန်းဟောင်းနားမှာပဲ ပြင်ဆင်နေတယ်” ဟု ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် Young People Force အဖွဲ့ တာဝန်ခံက ပြောသည်။

ရွာထဲနေရာယူထားသည့် စစ်တပ်က ဒေသခံများကို ဖမ်းဆီး၊ ပစ်ခတ်နေသဖြင့် ထောင်နှင့်ချီသည့် ဒေသခံများ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးရှောင်တိမ်းနေရဆဲဖြစ်သည်။

ညောင်ပင်ကြီးတွင် တပ်စွဲထားသည့် စစ်တပ်ကြောင့် စစ်ရှောင်ရင်းနေရသည့် အသက် ၇၀ အရွယ် ဦးမြတ်မောင်၊ အသက် ၅၅ နှစ်အရွယ် ဒေါ်ထားထားရီ၊ အသက် ၃၂ နှစ်အရွယ် ကိုသန်းဌေးကျော်တို့ အမောဖောက် သေဆုံးခဲ့သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ၏ မေလ ၆ ရက် ထုတ်ပြန်ချက်တွင် နေအိမ်ပေါင်း ၆၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နိုင်ငံတစ်ဝန်း လူဦးရေ ၁ ဒသမ ၈ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေသည်ဟု ဆိုသည်။ ထိုအထဲတွင် စစ်ကိုင်းတိုင်းသည် ဒုက္ခသည်အရေအတွက် အများဆုံးဖြစ်ပြီး ၇၆၀,၀၀၀ ကျော် ရှိနေသည်ဟု UN OCHA က ဆိုသည်။

စစ်ကောင်စီကမူ ထိုထုတ်ပြန်ချက်များကို တုံ့ပြန်ခြင်း မရှိပေ။

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း မြို့နယ် ၁၉၈ မြို့နယ်ကိုသာ စိုးမိုးထားနိုင်ကြောင်း စစ်ခေါင်းဆောင်က ထုတ်ဖော်ဝန်ခံပြီးနောက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အပါအဝင် တော်လှန်ရေး အားကောင်းရာမြို့နယ် ၄၀ ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button