အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ALP မြို့နယ်စည်းရုံးရေးတာဝန်ခံတစ်ဦးကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးသွား

လက်နက်ကိုင်အဖွဲ့တစ်ခုက မေ ၃၁ က ဖမ်းဆီးသွားသည်ဟုဆိုသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ တောင်ကုတ်မြို့နယ် စည်းရုံးရေးတာဝန်ခံမှာ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ရခိုင်လွတ်မြောက်ရေးပါတီ Arakan Liberation Party (ALP/ALA) မှ တောင်ကုတ်မြို့နယ် စည်းရုံးရေးတာဝန်ခံ ဦးဝင်းလှိုင်ကို မေ ၃၁၊ ည ၈ နာရီခန့်က သေနတ်၊ တုတ်၊ ဓားများ ကိုင်ဆောင်ထားသည့် အရပ်ဝတ်ဖြင့် လူ ၅ ဦးက စစ်ဆေးမေးမြန်းစရာများရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဦးဝင်းလှိုင်၏ဇနီး ‌ဒေါ်ဌေးဌေးဝင်းက Myanmar Now ကို ပြောသည်။

ALP/ALA မှာ ၂၀၁၅ ခုနှစ်ကတည်းက အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှု နည်းပါးသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

“ဘာဖြစ်လို့ ဖမ်းတာလဲ ကျွန်မက မေးတယ်။ စိတ်မပူနဲ့ စစ်ဆေးမေးမြန်းစရာရှိလို့ ဆိုပြီး သူတို့ပြောခဲ့တယ်။ ဘာအဖွဲ့အစည်းကလည်း ဆိုတာကို ပြောမသွားဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်ထိ မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် မည်သည့်နေရာတွင် စစ်ဆေးမေးမြန်းနေသည်ကိုလည်း မသိကြသေးပေ။

“သူ့မှာ အပြစ်လုပ်ထားတာလည်း ဘာမှမရှိဘူး။ ကျွန်မတို့ကတော့ သတင်းလည်းမရတော့ ပိုပြီးစိုးရိမ်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း အမျိုးမျိုးတင်ထားတော့ ပိုပြီးစိုးရိမ်ပါတယ်”ဟု ‌ဒေါ်ဌေးဌေးဝင်းက ပြောသည်။

ဦးဝင်းလှိုင်ဖမ်းဆီးခံရမှုနှင့်ဆက်စပ်သည့် ကြေညာချက်တစ်စောင်ကို တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း (National Security Organization – NSO Taungup Township) ဆိုသည့် Facebook Page တစ်ခုက ယမန်နေ့က တင်ခဲ့သည်။ ယင်းအဖွဲ့ကို မည်သူက ဦးဆောင်နေပြီး ပါဝင်နေသူများကိုလည်း မသိရပေ။

ယင်းကြေညာချက်တွင် ဦးဝင်းလှိုင်ကို မိမိတို့အဖွဲ့အစည်းက ဖမ်းဆီးစစ်ဆေးခဲ့ရာ ၄င်းသည် မတူညီသော ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးနှင့် အမျိုးသားရေးတို့တွင် စိတ်ခံစားမှုအတိုင်း ဆားပြင်အုပ်စုနှင့် အခြားနယ်မြေများအတွင်း ထိခိုက်နစ်နာစေရန် နိုင်ငံရေး၊ စစ်ရေးပရိယာယ်များသုံးကာ သတင်းပေး၊ သတင်းယူပြုမူခဲ့ကြောင်း စသည်များကို ဝန်ခံခဲ့သည်ဟု ရေးသားထားသည်။

ထို့ကြောင့် ၎င်းကို “ခေါင်းရောင်း ခေါင်းဝယ်စနစ်ဖြင့် သုတ်သင်လိုက်ပြီ”ဟုလည်း ဆက်လက်ရေးသားသည်။

ဦးဝင်းလှိုင်သည် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက ပါတီတွင် ပါဝင်ခဲ့ပြီး လက်ရှိတွင် တောင်ကုတ်မြို့နယ် စည်းရုံးရေးတာဝန်ခံတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၎င်းကို အမြန်ဆုံးလွှတ်ပေးရန် ထုတ်ပြန်ကြေညာသွားမည်ဟု ALP ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ခိုင်စိုးမြက Myanmar Now ကို ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ်ရဲစခန်းမှူးကို ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်သော်လည်း တုံ့ပြန်ပြောကြားခြင်းမရှိပေ။

ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယင်းကဲ့သို့ ဖမ်းဆီးထားမှုလည်း မရှိဟု ဆိုပြီး NSO အဖွဲ့မှာလည်း မည်သူက ဦးစီးနေသည့်အဖွဲ့မျိုးဖြစ်သည်ကိုလည်း မသိရဟု ဆိုသည်။

NSO အဖွဲ့အစည်းသည် ‘သုတ်သင်ရှင်းလင်းမည်’ ယခင်တစ်ကြိမ်ကလည်း ခြိမ်းခြောက်မှု လုပ်ဖူးပြီး ယင်းစာမျက်နှာကို ကိုင်တွယ်သည်ဟု သံသယဖြင့် တောင်ကုတ်မြို့နယ်စည်ပင်ဥက္ကဋ္ဌဟောင်း ဦးဇေယျကျော်နှင့် လက်ရှိဥက္ကဋ္ဌဦးစန်းငွေတို့ မေလ ဒုတိယပတ်က ဆက်တိုက်ဖမ်းဆီးခံခဲ့ရသေးသည်။

ထို့နောက် ၎င်းတို့သုံးဦးသည် မေ ၂၄ တွင် တောင်ကုတ်ရဲစခန်းမှ ပြန်လွတ်လာခဲ့ပြီး နေ့တွင်းချင်းပင် ထပ်မံဖမ်းဆီးခံခဲ့ရကာ ယခုနောက်ဆုံး “သံတွဲမြို့နယ် ဂျိတ္တောရဲစခန်းတွင် ရှိနေသည်” ဟု ဦးဝေသောင်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရခိုင်အမျိုးသားပါတီ ဥပဒေ အထောက်အကူပြု အဖွဲ့ဥက္ကဋ္ဌ ဦးတင်ညိုကပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button