
(သတင်းတွင် စိတ်မချမ်းမြေ့ဖွယ် ဖော်ပြချက်တချို့ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်)
စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်မှ အရပ်သား ၇ ဦး သတ်ဖြတ်ခံလိုက်ရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
မြို့အရှေ့ခြမ်းရှိ ခံသာတိုက်နယ်ကို မေလ ၂၈ ရက်မှ ဇွန် ၄ ရက်အထိ စီးနင်းခဲ့စဉ် အရပ်သား ၁၆ ဦးကို ခေါ်ဆောင်သွားခဲ့သည်၊ ထိုအထဲမှ ၇ ဦးကို သတ်ဖြတ်ကာ အလောင်းများ စွန့်ပစ်ထားခဲ့ခြင်းဖြစ်သည်။
ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာ စစ်ကောင်စီအထိုင်စခန်းသို့ စစ်ကောင်စီစစ်ကြောင်း ပြန်ဝင်သွားပြီး နောက်တစ်ရက် ဇွန် ၅ ရက်တွင် အလောင်းများကို မုတ်ဝကျေးရွာနှင့် တစ်မိုင်အကွာ တောင်ပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အလောင်း ၅ လောင်း စုပြုံနေသည့် နေရာနှင့် မလှမ်းမကမ်းတွင် ကျန် ၂ လောင်းကို တွေ့ရှိရသည်ဟု ကောလင်းခရိုင် PDF နှင့် နီးစပ်သည့် ဒေသခံ အမျိုးသမီးက မျက်မြင်သက်သေများကို ကိုးကားပြီး ပြောသည်။
“(တချို့) လက်တွေ (ကြိုး) တုပ်ထားတယ်။ လည်ပင်းတွေကို လှီးထားတယ်၊ သုံးရက်မြောက်မှ တွေ့ရတာဆိုတော့ ရုပ်တွေကလည်း ပွနေပြီ။ မျက်မှာတွေလည်း ညိုမဲလို့ ရိုက်ထားတာ။ မကြည့်ရက်ပေမဲ့ ဘယ်သူတွေလဲဟဲ့ဆိုပြီး ကြည့်ရတာ” ဟု ဆိုသည်။
ဓားစာခံများ နှိပ်စက် သတ်ဖြတ်ခံရသည့်အကြောင်းကို မသိရသေးပေ။
သေဆုံးသူများမှာ မေ ၃၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် မုတ်ဝကျေးရွာမှ အသက် ၃၂ နှစ်မှ ၆၀ အရွယ်ကြား သာမန်အရပ်သားများဖြစ်သော ဦးဝင်းဗိုလ်၊ ဦးဆန်းဦး၊ ဦးဝင်းနိုင်၊ ဦးဇော်မင်း၊ ဦးဇော်ဦး၊ ဦးမျိုးမင်းထွန်းတို့ဖြစ်သည်ဟု သိရသည်။
ကျန်တစ်ဦးမှာ ဖက်ခါးကုန်းကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ၄၈ နှစ်အရွယ် ကိုဆန်းလင်းဖြစ်ကြောင်း အတည်ပြုနိုင်သည်။
လက်နက်မဲ့ပြည်သူကို အနိုင်ကျင့် ပစ်သတ်ခြင်းဖြစ်သည်ဟု အထက်ပါဒေသခံ အမျိုးသမီးက ဆိုသည်။
“တစ်ရွာတည်း ၆ ယောက် သေတာဆိုတော့ တစ်ရွာလုံး နာရေးချည်းပဲ။ သူသေနတ်ရှိလို့၊ ကိုယ်သေနတ်ရှိလို့ ရင်ဆိုင်လို့ သေရတာ တော်သေးတယ်။ ခုက ဘာမှမရှိတဲ့ ပြည်သူကို ခေါ်သတ်တာဆိုတော့ ရင်တွေနာတယ်” ဟု အထက်ပါဒေသခံ အမျိုးသမီးက ဆိုသည်။
ဓားစာခံများထဲမှ ၅ ဦးကို ကိုးတောင်ဘို့ရွာအနီး အရောက်တွင် စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၄ ဦး၏ အခြေအနေ မသိရသေးပေ။
အာဏာသိမ်းတပ် စစ်ကြောင်းများက အရပ်သားများကို ဓားစာခံအဖြစ် ခေါ်ဆောင်ခြင်းမှာ လမ်းတွင် တိုက်ခိုက်ခံရမှု မရှိစေရန် အကာအကွယ်အဖြစ် အသုံးပြုခြင်းဖြစ်သည်။ ထိုလုပ်ရပ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသလို အထက်ပါ ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ ၄ ဦး ပျောက်ဆုံးနေမှုကိုလည်း သတင်းအမှောင်ချထားသည်။
စစ်ကောင်စီတပ် စီးနင်းသည့် ရက်များအတွင်း ထိုဒေသတွင် တိုက်ပွဲငယ်များ ဆက်တိုက်ဖြစ်ခဲ့သည်၊ တောင်ဘလူရွာအနီး ဇွန်လ ၄ ရက်နေ့ တိုက်ပွဲမှာ အပြင်းထန်ဆုံးဖြစ်ကြောင်း၊ ကျေးရွာနှစ်ရွာပေါ်ကို စစ်လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကောလင်းခရိုင် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဥမင်ကုန်းကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်သည် ကောလင်းခရိုင်တပ်ရင်း (၁) နှင့် ဒေသခံကာကွယ်ရေးတပ်များ၏ တစ်နေကုန်ပိတ်ဆို့တိုက်ခိုက်မှု ခံရသည်၊ ညနေပိုင်းတွင် လေတပ်က ဗုံးကြဲခဲ့သလို ဝန်သိုမြို့ဘက်မှလည်း လက်နက်ကြီးများ ပစ်ကူယူကာ ကိုးတောင်ဘို့ အထိုင်စခန်းသို့ ပြန်ဆုတ်သွားသည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ရာအနီးမှ ဗုံးကြဲခံရသည့် တောင်ဘလူရွာ၊ ချောင်းကွေ့ကျေးရွာတို့တွင် လူထိခိုက်မှု မရှိသော်လည်း နွား ၁၀ ကောင်ခန့် သေဆုံးပြီး နေအိမ်များ၊ စာသင်ကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း သိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ဆယ်နှင့်ချီ သေဆုံးနိုင်သော်လည်း တိုက်ပွဲပြီး နောက်တစ်ရက် နယ်မြေရှင်းလင်းရေးပြုစဉ် စစ်သားအလောင်း ၂ လောင်းကိုသာ တွေ့ရှိရသည်ဟု အထက်ပါ PDF အဖွဲ့ဝင်က ပြောသည်။
“(တစ်လောင်းက) မမြှုပ်ထားဘူးဗျ၊ တိုက်ပွဲဖြစ်တဲ့နေရာမှာပဲ တွေ့တာ၊ (စစ်တပ်က အလောင်းတွေ) ဆွဲရင်းနဲ့ မဆွဲနိုင်တော့လို့ ပစ်ထားခဲ့တာ” ဟု ပြောသည်။
ဧပြီလကုန်ပိုင်းကလည်း ကောလင်းမြို့နယ်အရှေ့ပိုင်းကို စစ်ကောင်စီက စစ်ကြောင်းနှစ်ကြောင်းဖြင့် စီးနင်းသဖြင့် တိုက်ပွဲများ ပြင်းထန်ခဲ့ကာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စေလွှတ်ထားသည့် ကောလင်းခရိုင် PDF တပ်ရင်းမှူး အပါအဝင် ၉ ဦး သေဆုံးခဲ့သည်။
ကချင်ပြည်နယ်နှင့် နီးစပ်သည့် ကသာ၊ ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ထီးချိုင့် စသည့် မြို့နယ်များတွင် ဒေသခံတို့က KIA ကူညီထောက်ပံ့မှုများဖြင့် စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံနေကြသည်။
နိုင်ငံအရှေ့မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းကြားရှိ ဒေသကို တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်သွားမည့် အခြေအနေမှ ကာကွယ်ရန်အတွက် စစ်ကောင်စီက ထိုမြို့နယ်များကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြသူများ လမ်းပေါ်တွင် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ကို လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာသည်။
စစ်ခေါင်းဆောင်တို့ကမူ မဲစာရင်းမှားသဖြင့် အာဏာထိန်းရခြင်းဖြစ်သည်၊ ပြည်သူလူထုကို အကာအကွယ်ပေးနေသည်ဟု ပြောဆိုလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)