
စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်တွင် ဖြစ်ပွားသော ဇွန် ၄ ရက်နေ့ တိုက်ပွဲတွင် စစ်သားတချို့ သေဆုံးခဲ့ပြီးနောက် ယင်းနေ့ ညတွင် စစ်ကောင်စီလေတပ်က မြို့နယ်အတွင်း ကျေးရွာနှစ်ရွာကို ဗုံးကြဲခဲ့သည်ဟု သိရသည်။
ကိုးတောင်ဘို့ရွာ အခြေစိုက်စခန်းမှ စစ်သား ၂၅၀ ဝန်းကျင် မြို့နယ်အတွင်း ရက်သတ္တတစ်ပတ်ခန့် စစ်ကြောင်းထိုးပြီး ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကောလင်းခရိုင် တပ်ရင်းများက ထိုနေ့ နံနက် ၈ နာရီခန့်မှ စတင်၍ တစ်နေ့လုံးနီးပါး ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။
ယင်းည ၇ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ရာအနီး ကောလင်းမြို့တောင်ဘက် ၆ မိုင်အကွာ တောင်ဘလူရွာ၊ တိုက်ပွဲဖြစ်သည့်နေရာနှင့် ၃ မိုင်ခန့်အကွာ ချောင်းကွေ့ကျေးရွာအနီးတို့ကို လေယာဉ်ရောက်လာပြီး ဗုံးကြဲခဲ့ကြောင်း ကောလင်းခရိုင် PDF အမှတ် (၂) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်ပြီး အားလုံးဆုတ်ပြီးတဲ့အချိန်မှာ (တောင်ဘလူရွာ) စာသင်ကျောင်းကို လာကြဲသွားတယ်။ စာသင်ကျောင်းပေါ် တည့်တည့်မကျဘူး။ ကျောင်းဝင်းထဲ ကျတော့ အဆောက်အအုံတချို့ ပျက်စီးသွားတယ်” ဟု သူက ဆိုသည်။
ချောင်းကွေ့ကျေးရွာတွင်လည်း ထိခိုက်သူမရှိဘဲ အဆောက်အအုံအနည်းငယ်နှင့် လမ်းဘေး ဓာတ်မီးတိုင်တချို့ လဲကျ ပျက်စီးသွားကြောင်း သိရသည်။
ကိုးတောင်ဘို့အထိုင်စခန်းကို ပြန်လာသည့် အင်အား ၂၀၀ ကျော်ပါ ထိုစစ်ကြောင်းကို ဥမင်ကုန်းကျေးရွာမှ ပြန်အထွက် လမ်းတွင် စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“တိုက်ပွဲက ဥမင်ကုန်းရွာနဲ့ တောင်ဘလူရွာကြားမှာ ဖြစ်တာ။ တိုက်ပွဲက တော်တော် ပြင်းထန်တယ်၊ မနက် ၈ နာရီကတည်းက ပစ်နေကြတာ၊ ည နေဝင်ထိလေ။ သူတို့က ဥမင်ကုန်းရွာကနေ အပြန်ကို ကျွန်တော်တို့က ထိပ်ကနေ ပိတ်ပစ်တာ” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ထို့နောက် ညနေ ၄ နာရီခန့်တွင် စစ်သားများ ဥမင်ကုန်းရွာအတွင်း ပြန်ဆုတ်သွားပြီးနောက် ဝန်းသိုမြို့အနီး စစ်ကောင်စီအခြေစိုက်စခန်းက ဟောင်ဝစ်ဇာအမြောက်ဖြင့် ၁၅ ချက်ထက်မနည်း ပစ်ခတ်ခဲ့သည်။
ည ၇ နာရီ လေကြောင်းဗုံးကြဲမှုအပြီး ည ၁၁ နာရီခန့်တွင် ထိုစစ်ကြောင်းသည် ဟောင်ဝစ်ဇာဖြင့် လမ်းကြောင်းရှင်းကာ ဥမင်ကုန်းရွာမှ ကိုးတောင်ဘို့ရွာဘက်သို့ ထွက်သွားသည်ဟု သိရသည်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးသည်၊ PDF တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရသည်ဟု PDF ဘက်က ပြောသည်။
ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းအမှောင်ချထားသည်။
တိုက်ပွဲဖြစ်ရာနေရာအနီး ယနေ့ (ဇွန် ၆) နယ်မြေရှင်းလင်းရေးလုပ်စဉ် စစ်သားအလောင်း တစ်လောင်းသာ တွေ့ရှိရပြီး လက်နက်မတွေ့ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။
“မမြှုပ်ထားဘူးဗျ၊ တိုက်ပွဲဖြစ်တဲ့နေရာမှာပဲ တွေ့တာ၊ (အလောင်းတွေ) ဆွဲရင်းနဲ့ မဆွဲနိုင်တော့လို့ ပစ်ထားခဲ့တာ ထင်တယ်။ တစ်လောင်းပဲ ကျန်တော့တာ”
ပြီးခဲ့သည့် ဧပြီလကုန်ကလည်း ကောလင်းမြို့နယ်အရှေ့ပိုင်းကို စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်း စီးနင်းသဖြင့် တိုက်ပွဲများ ပြင်းထန်ခဲ့ကာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စေလွှတ်ထားသည့် ကောလင်းခရိုင် PDF တပ်ရင်းမှူး အပါအဝင် ၉ ဦး သေဆုံးခဲ့သည်။
ကချင်ပြည်နယ်နှင့် နီးစပ်သည့် ကသာ၊ ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ထီးချိုင့် စသည့် မြို့နယ်များတွင် KIA ၏ ကူညီထောက်ပံ့မှုများဖြင့် စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)